ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

မင်္ဂလာပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း

မင်္ဂလာပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း


မနက်စောစော ရောက်လာတဲ့ စာတစ်စောင်ကြောင့်
သွားမယ့် အလုပ်ဟာ အချိန်ရွေ့သွား။
ဒီမှာ နှုတ်ခမ်းနီဆိုးတုန်း မြင်းခြေသံတွေကြားလိုက်ရတယ်။
ပြီးတော့ မြင်နေကြမဟုတ်တဲ့ လူအုပ်စုတွေရောက်လာ
ခေါင်းမှာက Country Hat တွေဆောင်းထားလို့
ဖိနပ်တွေဟာ ဖုန်မှုန့်တွေ နဲ့ အလိမ်းလိမ်း
သူတို့ ရဲ့ လက်ထဲက ထွက်လာတဲ့ စာတစ်စောင်ကြောင့်ပါပဲ။
တိတ်ဆိတ်နေတဲ့ လယ်ကွင်းတွေထဲက ကျီးတွေ အုပ်စုလိုက်ထပြန်သွားတယ်။
ဆောင်းဟာ ၀င်လာပေမယ့်လည်း နေအတော်မြင့်နေတဲ့ အခုလိုအချိန်ဟာ
နေရောင်ခြည်ကို ရောက်လာတဲ့ လူအုပ်စု အပေါ်ကို ဆလိုက်မီးတွေလိုထိုး
ရွှေအိုရောင်အသားအရည်တွေဟာ အနည်းငယ်လင်းလက်လာ
ခေါင်းဆောင်ဖြစ်သူပြောတဲ့ စကားတွေက ထူးဆန်း
ခေါက်လက်စ အင်္ကျီလက်ကို ပြီးအောင်ခေါက်
စီးလက်စ သားရေ လည်ရှည်ဖိနပ်ဟာ မီးခိုးတွေ ဝေနေပေါ့
သိပါပြီ။ ကျေးဇူးပါပဲ။
ဒီလိုနဲ့ သူတို့ အုပ်စု မြင်းတွေပေါ် ခုန်တက်
မင်္ဂလာပွဲ ရက်မှာ သူတို့ တစ်ခါ ပြန်ရောက်လာတဲ့အခါ
ကိတ်မုန့်တွေ ဟာ မှိုတွေ အလိမ်းလိမ်းနဲ့ သေတ္တာထဲမှာ သိမ်းဆည်းထားခဲ့ရပြီပေါ့။
ဒီကိစ္စကိုပြန်တွေးတိုင်း ရောင်စုံစက္ကူတွေ နဲ့ မွမ်းမံထားတဲ့ လက်ကိုင်တုတ်ကလေးဟာ
အခန်းထောင့်မှာ ငြိမ်သက်နေခဲ့တယ်။
မိုးပျံပူဖောင်းတွေ တဖောင်းဖောင်း နဲ့ပေါက်ထွက်ကွဲကုန်ကျ
ပါကင်ထုပ်တွေထဲက မြွေတွေဟာ သေဆုံးကုန်ကြပြီ
နောက်တစ်ရက်အတွက် မီးကိုမွှေး
ရှိနေတဲ့ ဂျုံအနည်းငယ်ကို နယ်
ကြက်ခြံထဲက ကြက်ဥတွေ ကို ဂျုံတွေထဲ ထည့်လို့မွှေ
မီးတွေ အားကောင်းလာပြီဆိုရင်
ပုံစံခွက်ထဲက ဂျုံသားတွေ ကို မီးဖိုထဲ ထိုးလို့ထည့်
အိမ်အပြင်ဘက် က နွားခြံထဲက နွားထီးတစ်ကောင်ဟာ
ခြံအပြင်ကို ခုန်ထွက်သွားတယ်။
သူ့ကို ဘယ်တော့မှ ထိန်းမရ။
ဒီတစ်ခါတော့ လိုက်မရှာတော့ဘူး ဂျူပီတာရေ
သူ့ကို ဂျူပီတာ လို့ နာမည်ပေးထားတာလေ
မြက်ခင်းတွေကို သူ ဖြတ်ကျော်ပြေးထွက်သွားတယ်
ဘယ်ဆီရောက်ဦးမှာလဲ ဂျူပီတာ။
မင်းတစ်သက်လုံးပြေးတော့….
မြင်းခွာသံတွေ နဲ့ အတူ
Country Hat ဆောင်းထားတဲ့ ယောက်ျားတွေ
ဘယ်တော့မှ ပြန်မလာတော့ဘူး။


ကျော်ညိုသွေး