ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

များလိုက်တဲ့ ဆေးထိုးသူတွေ

များလိုက်တဲ့ ဆေးထိုးသူတွေ



တစ်ခါက အလုပ်ကိစ္စတစ်ခု နဲ့ ကိုယ့်အလုပ်ဌာနကနေ လုပ်ဖော်ကိုင်ဖက်တစ်ယောက် နဲ့ အတူတူတွဲပြီး တခြား ဌာန ကိုသွားရတယ် အလုပ်ကိစ္စမပြီးခင် အဲဒီမှာ ဖွင့်ထားတဲ့ ကစားကွင်းဆူဆူညံညံထဲမှာ အလုပ်နဲ့ပတ်သက်တဲ့ တခြား ကိစ္စ၊ (အမှန်တော့ အတင်းအဖျင်းပါ။) ပြောနေကြတော့တယ်။

“သူဌေးကလည်း ကော်ဖီမစ်တွေ ထုတ်နေပြန်ပြီ” ဆိုပြီး အချင်းချင်းပြောနေကြရင်းနဲ့ ကိုယ့်ဘေးက သူငယ်ချင်းက ကိုယ့်ကို စကားတစ်ခွန်းပြောတယ်။ “ဟေ့ကောင် မင်း ဆေးလိပ်သောက်တယ်မဟုတ်လား” တဲ့။ “အေး.သောက်တယ်လေ” ဆိုတော့ ။ “အေးကွ..ဆေးလိပ်သောက်တဲ့ လူဆိုရင် ဆေးလိပ်ရဲ့ အရသာ ကို သိတယ်။ ကော်ဖီကြိုက်ပြီး သောက်လေ့ရှိတဲ့သူကလည်း ကော်ဖီ ရဲ့အထာကို သိတယ်။ ဆေးလိပ်သမား ၊ ကော်ဖီသမား တွေက ထုတ်တဲ့ ဆေးလိပ်နဲ့ ကော်ဖီ မှ အဆင်ပြေမပေါ့ကွာ” တဲ့ ။ သူပြောတာက ယျေဘုယျသဘောပါ။ တကယ်တော့လည်း ဟုတ်ပါတယ်။ ဆေးလိပ်မသောက်တတ်တဲ့ သူက ဆေးလိပ်ထုတ်ပြီးတော့ ပေါ့လား ၊ ပြင်းလား ၊ ချောမွေ့လား ဘယ်သိနိုင်မတုန်း။ ကော်ဖီသမားကလည်း ကော်ဖီရဲ့ သိမ်မွေ့မှုကို သိပါတယ်။ အဲဒီတုန်းက သူငယ်ချင်းနဲ့ စကားပြောခဲ့ရတဲ့ အချိန်ကို အမြဲတမ်းလိုလို ပြန်ပြီး သတိရနေတတ်တယ်။

အခုအချိန် မှာ တီဗွီက အိပ်မက်ဆုံရာ ကို ကြည့်တဲ့ အခါ။ အဲဒီ အဖြစ်ကို ပြန်ပြန်ပြီး သတိရနေတတ်တယ်။ အဆိုပြိုင်ပွဲဝင်တဲ့ လူတွေကို အဆိုပိုင်းရော ၊ ဖက်ရှင် ပိုင်းရော ၊ တင်ဆက်မှု အပိုင်းမှာပါ။ အဆိုမပြိုင်ခင်မှာ အသေအချာ သင်ပေးတာကို တွေ့ရတယ်။ ဒါပေမယ့် အိပ်မက်ဆုံရာဟာ အဆိုပြိုင်ပွဲ ဖြစ်တယ်။ တင်ဆက်မှု ကောင်းကောင်းနဲ့ အဆိုပြိုင်ဖို့အတွက် ပံ့ပိုးပေးတာမှန်ပေမယ့်။ ဘေးကနေ သင်ကြားပေးတဲ့ သူတွေ အကုန်လုံးက ဂီတနယ်ပယ်က မဟုတ်ကြပါဘူး။ အဲဒီအခါမှာ အစေးမကပ်တဲ့ ကိစ္စတွေကို တော်တော်များများ တွေ့ကြရတယ်။

အဆိုပြိုင်ပွဲ ဖြစ်တဲ့ အတွက် Vocal Trainer နဲ့ သင်ကြားပေးမှု အပြင် ၊ Performances အတွက် သင်ကြားပေးတဲ့ နေရာမှာ Show Director ဖြစ်သူတွေ ရဲ့ Over Training တွေကို တွေ့လာရတယ်။ တစ်ခါတစ်လေမှာ ဘယ်လိုဖြစ်သလဲ ဆိုတော့ သီချင်းရဲ့ စာလုံး တစ်လုံးချင်းစီ ကို လိုက်ပြီး သရုပ်ဖော်ခိုင်းနေတာမျိုး ကို တွေ့ရတယ်။ ဒါတွေဟာ မဖြစ်သင့်တာပါ။ ဖြစ်ကို မဖြစ်သင့်တာပဲဖြစ်ပါတယ်။ Contestant တွေဟာ အဆိုပြိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အခုတွေ့ရတာကတော့ အဆိုပြိုင်တဲ့ ပုံစံမဟုတ်ပဲ။ VCD ရိုက်ဖို့အတွက် ပြင်ဆင်နေတာနဲ့ တူနေပါတော့တယ်။

စကားစပ်သည်ပဲဖြစ်စေ ၊ မစပ်သည်ပဲဖြစ်စေ ငယ်ငယ်တုန်းက အကြောင်းလေးကို ညှပ်ပြောချင်ပါသေးတယ်။ ငယ်ငယ်တုန်းကဆိုရင် ကျွန်တော်တို့ ရပ်ကွက်ထဲမှာ နေ့ကြီးရက်ကြီးတွေ ဖြစ်ဖြစ် ၊ အထိမ်းအမှတ်နေ့တွေမှာ ဖြစ်ဖြစ် လမ်းဆုံလမ်းခွတွေမှာ ပွဲတွေ လုပ်လေ့ရှိပါတယ်။ ဥပမာ ဆိုရင် လွတ်လပ်ရေးနေ အထိမ်းအမှတ်နဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်လေ့ရှိတယ်။ တစ်ခါတစ်လေလည်း တေးသရုပ်ဖော်တွေ လည်းလုပ်လေ့ရှိတယ်။ အမြဲတမ်း ကျွန်တော် တို့ကလည်း သွားကြည့်တာပေါ့။ အဲဒီတုန်းကဆိုရင် ခေတ်စားနေတဲ့ ရန်အောင်ရဲ့ ဂျင်းန်ဘောင်းဘီ ၊ မှော်ဆရာမလေး စတဲ့ အဲဒီလိုသီချင်းတွေကို အမူအယာကောင်ကောင်းနဲ့ Play Back Song ကို ရှေ့ကနေ မိုက်ခရိုဖုန်း ကိုင်ပြီး သရုပ်ဆောင် ကပြ ၊ အမူအယာတွေ လုပ်တာမျိုးကို ကျွန်တော်တို့ အားကျငေးမောခဲ့ဖူးပါတယ်။

အခုလည်း အိပ်မက်ဆုံရာက အဲဒီလို ဖြစ်နေပါတယ်။ Vocal Trainer တွေရဲ့ သင်ကြားပေးမှု နဲ့ သူတို့ လုပ်ပြတဲ့ ပုံစံတွေက တေးသရုပ်ဖော် ကပြမယ့် လူကို သင်ပေးသလို ဖြစ်နေပါတော့တယ်။ အဆိုတော်တွေ အတွက် ဒီကိစ္စတွေ ဟာ သူ့အလိုလို ဖြစ်လာမယ့် ကိစ္စတွေပါ။ အဆိုတော်ဆိုတာ သီချင်းဆိုရမယ်။ သီချင်းအပေါ် သစ္စာရှိရမယ်။ ကိုယ်တာဝန်ယူပြီး သီဆိုမယ့် သီချင်းတစ်ပုဒ်အတွက် အင်ပြည့်အားပြည့် နဲ့ ကျန်းမာရေး ကောင်းကောင်း နဲ့ ပိုင်နိုင်သေချာစွာ သီဆိုရပါမယ်။ ဒါမှလည်း အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပါမယ်။ အဆိုတော် ဟာ သူ့သီချင်းပေါ်မှာ ပိုင်နိုင်မှု ရှိရင် နောက်ဆက်တွဲ သူတို့ ရဲ့ Performance နဲ့ Presentation တွေဟာလည်း ကပ်ပါလာမှာပါ။
တကယ်တမ်း လိုအပ်နေတာက စေတနာ တကယ် ထားတယ်ဆိုရင် သီချင်းဆိုတဲ့ သူတွေ အတွက် ကျန်းမာရေး လေ့ကျင့်ပေးမှုပါ။ လက်ရှိကြည့်နေရတာတော့ အိပ်မက်ဆုံရာ အပြီးသတ် ရွေးချယ်လေ့ကျင့်မှု ခံယူရတဲ့ သူတွေ ဆိုရင် နားရက်နည်းပါးလွန်းမယ် ထင်ပါတယ်။ သင်ကြားပေးမှု တွေကို လည်း ရိုက်ကူးနေရတယ်။ Band Rehersal  တွေ ကိုလည်း ရိုက်ကူးရေးနဲ့တွဲလုပ်တယ်။ ဒီ့အပြင် Show Directing အတွက်လည်း ရိုက်ကူးနေရတယ့် အချိန်တွေက သီချင်းသီဆိုလေ့ကျင့်ဖို့ အတွက် အချိန်နည်းပါးလွန်းပါတယ်။ အဲဒီလို အချိန်နည်းပါးလွန်းတာကြောင့် တကယ်တမ်း အဆိုပညာပါးနပ် လွန်းတဲ့လူတွေ ရဲ့ တိမ်းစောင်း လွဲချော်မှုတွေ ဖြစ်ပြီး နေရာမှန် မရောက်ခဲ့တာတွေလည်း မျက်မြင်ပါပဲ။

အိပ်မက်ဆုံရာဟာ မြန်မာပြည်မှာ နံပါတစ် အဆိုပြိုင်ပွဲကြီးဆိုပြီး သူတို့ ကိုယ် သူတို့ သမုတ်ပါတယ်။ ပြီးတော့ ပြိုင်ပွဲဝင်တွေ ကို ပြင်ပြင်းထန်ထန် မောင်းပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း ခက်ခဲပင်ပန်းစွာ ကြိုးစားရပါတယ်။ ဒီထဲမှာ ဆေးထိုးလည်းခံရပါသေးတယ်။ ဟိုဟာလေး ထပ်ဖြည့်မယ်။ ဒီဟာလေး ထပ်ဖြည့်မယ် ဆိုတဲ့ ကိစ္စတွေ နဲ့ ဆရာများ သားသေတဲ့ ကိစ္စကလည်းပါပါသေးတယ်။ Show Director နဲ့ ဒိုင်လုပ်တဲ့ သူနဲ အမြင်မတူ လို့ ပြိုင်ပွဲဝင်ခဗျာ မျက်စိသူငယ် ၊ နားသူငယ်လည်း ဖြစ်ရပါသေးတယ်။

တကယ်တမ်းတော့ Show Directing နဲ့ Musical Presentation က တခြားစီပါ။ အခုတော့ တေးသရုပ်ဖော်တွေ ဖြစ်လို့ ဖြစ် ၊ ကမောက်ကမတွေနဲ့ ရယ်ပါ။ Music သမားရဲ့ စိတ်ခံစားမှုကို Music သမား အချင်းချင်းပဲ နားလည်ပါတယ်။ သီချင်း တစ်ပုဒ် သီဆိုရတယ်ဆိုတာ ပေါ့ပေါ့ပါးပါးတော့မ ဟုတ်ပါဘူး။ အသက်နဲ့ ရင်းပြီး သီဆိုရတာပါ။ စိတ်ရှုပ်ထွေးမှုတွေ ၊ စိတ်ဆင်းရဲမှုတွေ ၊ စိတ်ဖိစီးမှုတွေက သီဆိုတဲ့ သီချင်းအတွက် အခက်အခဲတွေ ၊ ချွတ်ချော် တိမ်းစောင်းမှုတွေ ဖြစ်ပေါ်စေတယ် ဆိုတာ သိကြပါသလား။ ပခုံးတွန့်မိပါတယ်။ သီချင်းဆိုတယ်ဆိုတာ Mood နဲ့ ဆိုတာပါ။ ဖက်ရှင် နဲ့ အမူအယာ နဲ့ ဆိုတာမဟုတ်ပါဘူး။ Mood မရှိတဲ့ သီချင်းဟာ ဘယ်လိုမှ နားထောင်လို့ အသက်မပါပါဘူး။

သေချာတာက အခု သီချင်းဆိုကောင်းတဲ့ သူတွေ ထဲ အတော်များများက ပဲမများပါဘူး။ Rဇာနည် ၊ လေးဖြူ ၊ လင်းလင်း ၊ ၀ိုင်ဝိုင်း ၊ ချမ်းချမ်း ၊ နီနီခင်ဇော် ။ ဟိုတုန်းက ဆိုရင် အယ်လ်ခွန်းရီ ၊ ဟေမာနေ၀င်း သူတို့ Mood အကောင်းဆုံး နဲ့ သူတို့ ဆိုတယ်။ တွန့်တက်နေတဲ့ အဆိုရှင်တွေ မဟုတ်ကြပါဘူး။ Mood ၀င်ရင် ၀င်သလောက် လှုပ်ရှားကြပါတယ်။ ပိုက်ဆံ လို့ သီချင်းထဲမှာ ပါရင် လက်ကလေးဝိုင်းပြတာမျိုး ၊ ဖုန်းဆက်တာပါရင် နား အနားကို လက်မ နဲ့ လက်သန်း ကပ်ပြတာမျိုး ၊ သီချင်းထဲမှာ အင်အား တို့ အားရှိတယ်တို့ ပါရင် လက်မောင်းကြီးလည်း ကွေးပြတာမျိုး မလုပ်ကြပါဘူး။ လုပ်လည်း တစ်ခါ တစ်ခါပေါ့။ စကားလုံးတိုင်းကို လိုက်လုပ်နေတာမျိုးမရှိပါဘူး။

တကယ်တော့ အိပ်မက်ဆုံရာမှာ ဒိုင်ခံဆေးထိုးတဲ့ သူ တစ်ယောက်ယောက် ရှိနေတာတော့ အမှန်ပဲလို့ ယူဆရပါတယ်။ အဲဒီ ဆေးထိုးသူဟာ ဘယ်သူလဲဆိုတာတော့ တာဝန်ရှိတဲ့ သူတွေ သိမှာပါ။ ဆုတောင်းပေးချင်တာကတော့ အိပ်မက်ဆုံရာမှာ ဆေးထိုးတဲ့သူတွေ ပပျောက်ပါစေပေါ့။ ဒီလောက်ပါပဲ။



ကျော်ညိုသွေး