ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ချစ်ချင်တဲ့ လိင်ချစ် ၊ အပြစ်မဖြစ်စေနဲ့။

ချစ်ချင်တဲ့ လိင်ချစ် ၊ အပြစ်မဖြစ်စေနဲ့။


ကြည့်မိတာ က လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ တီဗွီအစီအစဉ်ပါ။ မိန်းမ အခွင့်အရေး ၊ မသန်စွမ်း အခွင့် အရေး ၊ LGBT အခွင့်အရေးဆိုတာတွေ အကြောင်း ဆွေးနွေးခန်းပါပဲ။ဟုတ်ကဲ့ပါ။ မသန်စွမ်းတွေ ကတော့ ကိုယ့် သူငယ်ချင်းတွေ ထဲမှာ လည်း မသန်စွမ်းတွေ ရှိခဲ့ဖူးတော့ သူတို့ကို ကိုယ်တွေ အနေနဲ့ ဘာမှ ခွဲခြား ဆက်ဆံတာမျိုးမရှိခဲ့ပါဘူး။ သူတို့ နဲ့ ဆက်ဆံရင် သူတို့ ကို အနိုင်ကျင့်တာမျိုး မရှိခဲ့တဲ့ အပြင် သူတို့ကို သာမာန်လူလို သဘောထားပြီး သူတို့ အားနည်းချက်ကို လစ်လျူရှုပြီး သာမာန် ဆက်ဆံပါတယ်။ စိတ်တိုရင် စိတ်တိုတဲ့ အတိုင်း ၊ဆဲစရာရှိရင်လည်း ဆဲစရာရှိတဲ့အတိုင်း ၊ ကိုယ့်ဘက်က စိတ်ကောက်စရာရှိရင်လည်း စိတ်ကောက်တာမျိုးလုပ်ခဲ့ပါတယ်။

အဲဒီထဲမှာ ပြောချင်တာက Gay အခွင့်အရေးပါ။ Gay ဆိုတာ အလွယ်ပြောရရင် ပတ်ဝန်းကျင်မှာ မြင်နေကြ အခြောက်တွေပါပဲ။ မိန်းမလို ၀တ်ဆင်နေထိုင်တဲ့ အခြောက်တွေ ရှိသလို ၊ ယောက်ျားကနေ မိန်းမစိတ်ဝင်ပြီး လိင်တူချင်း သဘောကျတာတွေလည်း ရှိပါတယ်။

ကျွန်တော့် ကိုယ်ပိုင် ခံယူချက်အနေနဲ့ ဆိုရင် ကိုယ်တိုင်က ယောက်ျားစစ်စစ် ဖြစ်သလို ၊ ကိုယ့် အကြိုက်ကလည်း ဆန့်ကျင်ဘက် လိင်ဖြစ်တဲ့ မိန်းမသားတွေကိုပဲ ကြိုက်ပါတယ်။ ဘယ်လောက်ထိ ယောက်ျားပီသသလဲဆိုရင် မိန်းမ နဲ့ ထိတွေ့ရတာကိုပဲ သာယာစိတ်ဖြစ်ပြီး၊ ယောက်ျား အချင်းချင်း ပွေ့ဖက်တာမျိုး မပြောနဲ့ ၊ ပခုံးဖက်တာကိုတောင် မနှစ်သက်ပါဘူး။ အဲဒီလောက်ထိ ပြတ်သားတဲ့ ယောက်ျားစိတ်ပါပဲ။ အဲဒီတော့ လိင်တူချစ်သူတွေ ဖြစ်တဲ့ Gay တွေကို သဘောမကျပါဘူး။ သဘောမကျပေမယ့်လည်း အသားလွတ်မုန်းတီးပြီး ရန်ရှာနေတာမျိုး လည်း လုပ်ခဲ့ခြင်း မရှိပါဘူး။ သူ့တို့ဘာသာ ဘာစိတ်ပဲ ၀င်ဝင် ကျွန်တော်နဲ့ မဆိုင်သလို သာ စိတ်ထားခဲ့ပါတယ်။ သူ့အခွင့်အရေးကို ၊ ၀တ်ချင်တာ ၀တ်ပြီး ချစ်ချင်တာကို ချစ်ပါ။ သူတို့ကို ယောက်ျားတွေက စိတ်ဝင်စားတာမျိုး ရှိရင်လည်း အဲဒါက စိတ်ဝင်စားသူ ရဲ့ ကိစ္စလို့သာ သတ်မှတ်ပါတယ်။

ငယ်စဉ်ကတည်းက ဖြတ်သန်းလာတဲ့ လူငယ် ဘ၀ ဖြတ်သန်းမှု တစ်လျှောက်လုံးမှာ Gay( မိန်းမစိတ်ဝင်နေတဲ့သူ) တွေ နဲ့ ပတ်သက်ပြီး အနည်းငယ်တော့ ပြဿနာ အနည်းငယ် ရှိခဲ့ပါတယ်။ အဲဒါကတော့ ရပ်ကွက်ထဲက အခြောက် တစ်ယောက်က ကျွန်တော့်ကို လာပြီး စိတ်ဝင်စားနေတာပါပဲ။ အဲဒီ အတွက် ကျွန်တော့်မှာ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ အဲဒီလို စိတ်အနှောက်အယှက် ဖြစ်ရတဲ့ အကြောင်းကလည်း ရှိပါတယ်။ အကြောင်းက ဒီလိုပါ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ အခြောက် တစ်ယောက် ရှိပါတယ်။ အဲဒီ အခြောက်က တကယ်ကို မိန်းမနဲ့ တူပါတယ်။ အရင်ကတော့ ကျွန်တော်လည်း မသိဘူးပေါ့ဗျာ။ သူ့ကို မိန်းမ လို့ပဲထင်တာပေါ့။ နောက်မှ သူဟာ အခြောက် တစ်ယောက်မှန်းသိလာပါတယ်။ သိတာက ပြဿနာမဟုတ်သေးပါဘူး။

တကယ့် ပြဿနာက ကျွန်တော့် ကို အဲဒီ အခြောက်က လိုက်ကြိုက်နေတာပါ။ အစကတော့ ကျွန်တော့် ကို ကြိုက်နေတာ ကျွန်တော် လည်း ဘယ်သိမလဲ။ နောက်တော့မှ ဘေးနားက သူငယ်ချင်းတွေက တဆင့် သိရတာ။ “အဲဒီ အခြောက်က မင်းကို ခိုက်နေတာ” ဆိုပြီးပြောတော့ ကျွန်တော်က သူငယ်ချင်းတွေ သက်သက် လျှောက်နောက်နေတာ လို့ ထင်ခဲ့ပါသေးတယ်။ ဒါပေမယ့် မဟုတ်ဘူးဗျ။ လက်ဖက်ရည်ဆိုင်ထိုင်နေရင် ကျွန်တော့် ကို တခြားဝိုင်းကနေ “ကြာ ကြည့်” နဲ့ ကြည့်နေတာမျိုး။ မကြားတကြား နဲ့ ကျွန်တော့် နာမည် ကို ကျွန်တော် ဖြတ်လျှောက်သွားရင် ခေါ်တာမျိုး တွေ လုပ်တာမျိုး ထိ အဆင့်တက်လာတာပဲ။ ဒီထက် ဆိုးတာ ကတော့ ကျွန်တော် ပုဆိုးဝတ်သွားလို့ အလယ်က ကွဲပြီး ဖုဖု ဖောင်းဖောင်း ဖြစ်နေတာမြင်ရင် “အလယ်ကွဲနေတော့ ဖောင်းနေတာပဲ” ဆိုတာမျိုးထိ ပြောရဲလာတာပါပဲ။

ဟုတ်ကဲ့။ ကျွန်တော့် ကို ကြိတ်ခိုက်နေတာ အထိ ပြဿနာ မဟုတ်သေးပါဘူး။ ပြဿနာက အဲဒီလို ပေါက်ပန်းလေးဆယ်တွေ လိုက်ပြောနေတာပါပဲ။ Gay အခွင့်အရေးအတွက် ပြောပြောနေကြတာ ရှိပါတယ်။ သူတို့ Gay တွေ ကို လူ့ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံ ခံရတယ် ဆိုပြီးတော့ပေါ့။ ခုနကလို ကျွန်တော့် ကို လိုက်ကြိုက်နေတဲ့ Gay မျိုးဟာ ဘယ်လို အဆင့် အတန်းမျိုးမှာ ရှိလို့ ကျွန်တော်က ကျွန်တော့် သူငယ်ချင်း ယောက်ျားလေး ၊ မိန်းကလေးတွေ နဲ့ တန်းတူထားပြီး ဆက်ဆံရမှာပါလဲ။ သူ့တို့ ဘာသာ သူတို့ အနေနဲ့ လိင်စိတ် ခံယူချက်ကြောင့် လိင်တူတွေကို သဘောကျခွင့်ရှိပါတယ်။ မိန်းမသားတွေလို နေထိုင်ပြုမူရတာကြိုက်လို့ ကြိုက်သလောက် နွဲ့ ၊ ကြိုက်သလောက် မူ ၊ စကားလို မိန်းမသားတွေလို “နင်နဲ့ ငါနဲ့” “ရှင်နဲ့ ကျမနဲ့” သုံးနှုန်းပြောဆိုလို့ရပါတယ်။ နှုတ်ခမ်းနီဆိုး ၊ ပါးနီဆိုး ၊ ဘရာစီယာ ၀တ် ၊ ထမီဝတ် လို့ရပါတယ်။ ယောက်ျားခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ မွေးဖွားလာပေမယ့် မိန်းမလို နေချင်လို့ ၊ မိန်းမ စိတ်ထားချင်လို့ ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် မိန်းမဖြစ်ချင်ရင်တော့ မိန်းမတွေလို ပြုမူ နေထိုင် ကျင့်ကြံဖို့ လိုပါတယ်။

ကျွန်တော့် သူငယ်ချင်းတွေ ထဲမှာရော ၊ တခြား အပြင် ပတ်ဝန်းကျင်မှာရော မိန်းမသားတွေ အနေနဲ့ မိန်းမတစ်ယောက်ရဲ့ ပြုမူနေထိုင်ပြီး အိနြေ္ဒရရ နေထိုင် ပြုမူနေထိုင်တာမျိုးရှိပါတယ်။ မိန်းမ ဖြစ်ချင်တာလား ၊ မိန်းမဖြစ်ပြီးရော လိင်စိတ်ကြွ နေတာလား ဆိုတာကိုတော့ မိမိကိုယ် မိမိ ကွဲကွဲပြားပြား သိမြင်ဖို့ လိုပါတယ်။ မိန်းမတစ်ယောက်ရဲ့ အိနြေ္ဒသိက္ခာတွေ ကို သိမှ မိန်းမလိုပြင်ဆင် ပြီး မိန်းမစိတ်ဝင်တာ ကောင်းပါတယ်။ မိန်းမတွေ ထဲမှာတောင်မှ ထိုင်ရှိခိုးချင်လောက် အောင် ကိုယ်ကျင့်သိက္ခာ နဲ့ ပြည့်ဝ တဲ့ မိန်းမတွေ ရှိပါတယ်။ ကိုယ်ကျင့်သိက္ခာအရ အပြည့်ဝကြီး မဟုတ်ရင်တောင် သာမာန်မိန်းမ တစ်ယောက်က မိမိ လိင်စိတ်ကြွနေတာကို ထုတ်ဖော်ပြသတာမျိုးမလုပ်ကြပါဘူး။ အဲဒါ မိန်းမ တန်ဖိုးပါ။ ယောက်ျား စစ်စစ် နေ မိန်းမလို ၀တ်ဆင်တယ်။ ပြီးတော့ မိန်းမစိတ်နေစိတ်ထား ဖြစ်နေတယ် ဆိုရင် မိန်းမစစ်စစ် တွေကို လေးစား ဖို့တော့ ကောင်းပါတယ်။ ဒီလိုမှ မဟုတ်ရင် မိန်းမသားစစ်စစ်တွေကို စော်ကားရာ ကျတယ်ဆိုတာ ပြောဖို့တောင် လိုမယ် မထင်ပါဘူး။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ Gay(အခြောက်) တွေကတော့ ယောက်ျားလေး တောင့်တောင့် ဖြောင့်ဖြောင့်မြင်ရင် ၊ မျက်လုံး ၊ မျက်ခုံး ကောင်းကောင်းမြင် ရင် စိတ်ဝင်စားပြီး ၊ အောက်ပိုင်း စကားလုံးတွေ နဲ့ အကဲ စမ်း ကြတာ အများအပြားပါ။ ကျွန်တော် ပြောတာကို ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ ပတ်ဝန်းကျင် မှာ တွေ့နေရတာ အဲဒီလိုတွေ အများအပြားလို့ ပြောတာပါ။ အဲဒီလိုတွေကြောင့်လည်း ဒီလိုမျိုး Gay တွေကို ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံခံရတာ ဖြစ်ပါတယ်။ အဲဒီလို ခွဲခြားဆက်ဆံ တာမျိုး မခံချင်ရင်တော့ Gay တွေ အနေနဲ့ အိနြေ္ဒ သိက္ခာရှိရှိ ပြုမူနေထိုင် ၊ ပြောဆို ကျင့်ကြံဖို့ လိုပါတယ်။ လိင်တူတွေ့တိုင်း လိင်စိတ်ကြွ နေမယ် ဆိုရင်တော့ ခွဲခြားဆက်ဆံခံရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ အဲဒီလို အိနြေ္ဒသိက္ခာရှိတဲ့ Gay တွေ ဖြစ်ဖို့တော့ Gay အချင်းချင်းပဲ ဖေးမကြမှပဲ ဖြစ်မယ်လို့ ထင်ပါတယ်။



ကျော်ညိုသွေး