ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ကျွန်တော်နှင့် အိမ်မွေးတိရိစ္ဆာန်လေးများ

ကျွန်တော်နှင့် အိမ်မွေးတိရိစ္ဆာန်လေးများ

ကြောင်ကို ချစ်တယ် ၊ ခွေး ကို ချစ်တယ် ရှိကြတယ်။ ကျွန်တော် ကတော့ ကြောင်ကို ပိုချစ်တယ်။ ခွေးကိုလည်း မုန်းနေလားဆိုတော့ မမုန်းဘူး။ ခွေးဖြစ်ဖြစ် ၊ ကြောင်ဖြစ်ဖြစ် တစ်ခါတစ်လေ တိရိစ္ဆာန်တွေမှာ လူတွေ နားမလည်နိုင်လောက်တဲ့ အပြုအမူတွေ ရှိကြတယ်။ ဒါကို နားလည်ပေးရမှာပေါ့။ တိရိစ္ဆာန်ဆိုတာ လူလောက်မှ အသိဥာဏ် မရင့်သန်ကြတာပဲ။

မနေ့က သူငယ်ချင်း တစ်ယောက်နဲ့ Ruby Mart ဘက် လမ်းလျှောက်တော့ အဲဒီနားက ဂုံးတံတား အောက်မှာ အိမ်မွေးခွေးလေးတွေ စက္ကူပုံး နဲ့ ထည့်ပြီး ရောင်းနေတယ်။ ၀တုတ်လေးတွေ တော်တော် ချစ်စရာကောင်းတယ်။ ဖြစ်နိုင်ရင် အကုန်လုံးကို ၀ယ်ပြီး ခြံနဲ့ သပ်သပ်မွေးထားချင်တယ်။

တချို့ ခွေးလေးတွေ က စက္ကူပုံးထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့ ၊ ၀ယ်မယ့်သူရှိရင် သူတို့ တခြား နေရာကို ရောက်ရဦးမယ်။ အခုတော့ လမ်းဘေးမှာ ကုန်ပစ္စည်းတွေလို ၀ယ်သူကို ငံ့လင့်လို့။ နဂိုက ခွေးကို သိပ်ပြီး ခင်တွယ်တာမျိုး မရှိပေမယ့်။ အဲဒီလို ခွေးကလေးလေးတွေကို တွေ့တော့လည်း ရင်ထဲ တော်တော် မကောင်းဘူး။ ခွေးလေးတွေက မြန်မာ ခွေး အမျိုးအစားလေးတွေပါ။ ၀တုတ်လေး တွေ ဖြစ်ပြီး ၊ သန့်နေတာ တစ်ခုပဲ။ အမွေးစုတ်ဖွားမဟုတ်ပေမယ့် လှကြတယ်။

အိမ်မှာ ကြက် လည်းမွေးဖူး ၊ ဘဲလည်း မွေးဖူး ၊ ကြောင် နဲ့ ခွေးလည်း မွေးဖူးတယ်။ ဘာပဲဖြစ်ဖြစ် အိမ်မွေး တိရိစ္ဆာန်လေးတွေက သူတို့ မွေးစကတည်းက တွေ့ထိခဲ့ရတဲ့ လူကို အရမ်းခင်တွယ်တယ်။ ဘဲကလေးတွေ မွေးတုန်း ကဆိုရင် အိမ်ပေါ်မှာ ဘဲလေးတွေ က တက်တော့ အိမ်နောက်သွားရင် အိမ်နောက်ကို ပြေးလိုက်တယ်။ အိမ်ရှေ့ သွားရင် အိမ်ရှေ့ပြေးလိုက်တယ်။ သူတို့ မွေးကတည်းက အမေလည်း မရှိ တော့ လူကိုပဲ မိဘ လို ခင်တွယ်နေကြတာလေ။

ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးတာ ကုသိုလ်ပိုဖြစ်ပါတယ်။ ရောင်းစားဖို့ မွေးတာ မဟုတ်ဘူး ဆိုရင်ပေါ့။ သူတို့တွေက ဘာမှ လူကို မကာကွယ်ပေးနိုင်ဘူး။

လူက ကာကွယ် ပေးရတယ်။ ပြီးတော့ ကြောင်တွေ ကို မွေးရင် ကြောင်တွေ ဆီက ဘာအကျိုးအမြတ်မှ မရဘူး။ သူတို့ကို ပြုစု ရတယ်။ အစာကျွေးရတယ်။ အစာကျွေးတဲ့ အတွက် လူကို ခင်တွယ်တာပဲရှိတယ်။ သူတို့ ဆီက ဘာမှ မျှော်ကိုးလို့ မရဘူး။ မျှော်ကိုးလို့ မရပဲ ကျွေးမွေးပြုစုရတဲ့ အတွက် ကျွေးမွေးပြုစုရတဲ့ ဒါန က သန့်စင်တယ်။ အဲဒီတော့ ဘာမှ အကျိုးအမြတ် မမျှော်ကိုးတဲ့ ဒါနက ပိုပြီး ဒါနမြောက်တာပေါ့။ အဲဒီလိုပဲတွေးမိတယ်။

လူတွေက တိရိစ္ဆာန်ကို မေတ္တာထားရမယ်။ ကာကွယ်ရမယ်။ စောင့်ရှောက်ရမယ်။ တိရိစ္ဆာန် မွေးထားတာ ခိုင်းစားဖို့မဟုတ်ဘူး။ ကြောင်ဟာလည်း ခိုင်းစားရလောက်အောင် ခန္ဓာကိုယ်မကြီးထွားဘူး။ လူထက် အဆများစွာ သေးငယ်တယ်။ တိရိစ္ဆာန် ကို အားကိုးနေတာ က အဓိပ္ပါယ်မရှိဘူး။ တိရိစ္ဆာန်ကလူကို ကာကွယ်ပေးတာမျိးရှိချင်ရှိမယ်။ အိမ်မွေးတိရိစ္ဆာန်က လူကို ကာကွယ်ပေးရမယ်လို့ ဆိုတဲ့ စိတ်ရှိတာ မကောင်းဘူး။ ရယ်စရာဖြစ်မယ်။ ခေတ်ပေါ်ကမ္ဘာကြီးမှာ တိရိစ္ဆာန်တွေကို လူတွေ က အကာကွယ်ပေးနေကြပြီ။ တိရိစ္ဆာန်အားကိုးတာ လူပီသတဲ့ စိတ်ဓါတ်တော့ မဟုတ်ဘူး။

ကျော်ညိုသွေး