ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

သစ်ပင်


သစ်ပင်

ကျူရှင်က ပြန်ပြန်လာချင်း…
“အမေ့  ကျူရှင်က သူငယ်ချင်းတွေက သီတင်းကျွတ် လပြည့်နေမှာ ပဲခူးကို လေ့လာရေး သွားမယ်တဲ့။အဲဒါ လိုက်သွားမယ်နော်…” ဟု သမီးငယ် က ပြောတော့… သမီးကြီးကို ခေါင်းဖီးပေးနေသည့် အိမ်သူဇနီး ဖြစ်သူ က လူဇော့် မျက်နှာ ကို လှမ်းကြည့်သည်။ သူကလည်း ဇနီး ဖြစ်သူကို ခွင့်ပြုပေးလိုက်ဖို့ မျက်လုံးနှင့်ပင် ပြောလိုက်တော့သည်။ အိမ်တွင် ဘယ်ကိစ္စမဆို အိမ်သူက သူ့ကို အမြဲတိုင်ပင်ပြီး လုပ်သည်။ သူမသိပဲ ဘာမှ မလုပ်။ သားသမီးတွေ တစ်ခုခုပူဆာ၍ လိုက်လျောချင်လျှင်တောင်မှ သူ့ခွင့်ပြုချက်ရမှ ဖြစ်မည် ဆိုပြီး သမီးငယ် နှစ်ယောက်ကို ပြောထားသည်မို့ အခု သမီးငယ် သူငယ်ချင်းများ နှင့် ခရီးသွားမည့် ကိစ္စကို လည်း သူ့ခွင့်ပြုချက် ရမှသာ သမီးငယ်ကို ခေါင်းငြိမ့် ခွင့်ပြုခြင်းကို ပြုသည်။


မနက်ပိုင်းက သမီးငယ် က ကျောင်းမှ သူငယ်ချင်းများ နှင့် ခရီးသွားမည့် ကိစ္စ ကို ပြောထားပြီး ၊ မိခင်ထံမှ ခွင့်ပြုချက်ရထားပြီ မို့ ညပိုင်းကျတော့ နောက်တစ်နေ့ ခရီးစဉ်အတွက်  ပြင်ဆင်နေတော့သည်။ ဇနီး ဖြစ်သူ က ခရီးသွားတုန်း သုံးရအောင် ဆိုပြီး သမီး ငယ် ကို မုန့်ဖိုး ပိုက်ဆံ များ ကြိုပေးထားသည်။ သမီးငယ်ကတော့ ခရီးသွားရမည့် အတွက် ပျော်နေသည်။ ပဲခူးရောက်လျှင် ဘာဝယ်မည် ။ ညာဝယ်မည် စသည်ဖြင့် ကြိုတွေးက တပြောပြော ဖြစ်နေသည်။
“သမီး ရော့ ဒါက အပိုဆောင်ထားဖို့ လိုတဲ့အခါ သုံးလို့ရအောင် ထပ်ယူထားလိုက်” ဆိုပြီး ထောင်တန် တစ်ထပ်ကို သူ သမီးရဲ့ လက်ထဲကို ထပ်ထည့်ပေးတော့။ ဇနီးဖြစ်သူက သူ့ကို “များနေပြီ” ဆိုသည့် အကြည့်ဖြင့်ကြည့်သည်။ ဒါပေမယ့် သူက မသိဟန်ဆောင်ပြီး ၊ သမီးရှေ့က နေ သူ့အလုပ်စားပွဲရှေ့ ကွန်ပျူတာ မှာ ပြန်ထိုင်ပြီး  သောက်လက်စ ကော်ဖီခွက်ကို စုပ်ပြီး အရသာခံကာ သောက်နေလိုက်သည်။ ညသည် လသာဧ။်


ငယ်စဉ်က စပြီး အသက်မွေးဝမ်းကြောင်းမှုအတွက် ရွေးချယ်မှု က ဒီလမ်း တစ်လမ်းတည်း ဒီဇိုင်းဆရာ ၊ ကဗျာဆရာ ဘ၀ ကို တပ်မက်စွာ ရွေးချယ်ဖြစ်ခဲ့သည်။ အနုပညာသမား တစ်ယောက် အဖြစ် ရပ်တည်ခြင်းသည် စိန်ပန်းပင်တွေ နှင့် တူသည်ဟု ခံယူမိသည်။ စိန်ပန်းပင်တွေ ဆိုတာ သူကိုယ်တိုင် ဘယ်လောက် တွန်းကန် ပွင့်ဝေ ထားရမှန်း ဘယ်သူမှ မသိပေမယ့်၊ ဝေနေတုန်းလည်း လှသည်။ ကြွေကျသွားလို့ မြေပြင်ပေါ်မှာ ပြန့်ကျဲနေချိန် အတော်ကြာကြာထိ လှပနေသည်။ စိန်ပန်းပွင့်တွေ ဝေနေသည့် စိန်ပန်းပင် ကို ကြည့်ကာ သူငယ်ငယ်က စိတ်အား တက်ကြွ ဖူးသည်။ ဒါကြောင့်လည်း သူ့ စိတ်တွေ လေလွင့်နေတိုင်း စိန်ပန်းတွေ ကို ငေးကြည့် ဖြစ်ခဲ့သည်။
ဒီဇိုင်းတစ်ခု ကို အပြီးသတ် ပြုလုပ်ရင်း ဒီဇိုင်းဧ။် အောက်ခြေတွင် လူဇော် ဟု နာမည် ရေးထိုးလိုက်သည်။ သို့သော် သတိထားကြည့်မှ မြင်ရရုံသာ။ အနုပညာသမားတွေထဲတွင် ဒီဇိုင်းဆရာ ၊ ကဗျာဆရာ တစ်ယောက် အဖြစ် ရွေးချယ်မှုသည် ငွေကြေးကြွယ်ဝစေမည် မဟုတ်မှန်း သူသိသော်လည်း ဒီဘ၀ ကို ကျေနပ်သည်။ ကိုယ်ရွေးချယ်ရသည့် လမ်း ကို လျှောက်လှမ်းရခြင်းသည် ယခုအချိန်မတိုင်မီတွင် ခက်ခဲ ခဲ့သော်လည်း။ အဆင်ပြေပြေ ဖြင့် ကိုယ့်ခြေထောက်ပေါ်တော့ ကိုယ်ရိုက်နိုင်ခဲ့သည်။ အထူးသဖြင့် ၀ါသနာပါရာ ကဗျာရေးသားခြင်း အနုပညာတွင် စီးမျော သလို ၊ ဒီဇိုင်းဆရာ တစ်ယောက်ဘ၀ ဖြင့် အောင်မြင်သူများ ဧ။် စာမျက်နှာများကို လှပစွာ သူ ရေးချယ်ပေးနိုင်ခဲ့သည်။ သူ့ မျက်စိ ရှေ့တွင်ပင် နာမည် များ သည် တစ်ခုပြီး တစ်ခု လင်းလင်သွားသည်ကို မြင်တွေ့ခဲ့ရသည်။ သူတို့တွေ အနေဖြင့် ကိုယ့်မျက်စိ ရှေ့မှာ ပင် အောင်မြင်မှု တွေ ရရှိသွားခဲ့သလို ကိုယ်ကိုယ်တိုင် ရော အခု အချိန်မှာ အောင်မြင်နေပြီလား။ ဒီဇိုင်းဆရာ ၊ ကဗျာဆရာ တစ်ယောက် ဘ၀ ဖြင့် ရှင်သန်နေခဲ့သည်မှာ ကြာခဲ့သော်လည်း အခုအချိန်အထိ အောင်မြင်မှု ဆိုတာကို တွေးပင် မတွေးဖူးခဲ့။
ဒီလို လျှောက်လှမ်းရင်းနှင့်ပင် အိမ်သူ ဇနီး နှင့် ဖူးစာဆုံခဲ့သည်။ ယခုဆိုရင် ရင်သွေးနှစ်ယောက်တောင် ရခဲ့ပြီ။ လူဇော့် အနေဖြင့် အခုအသက်အရွယ် အားဖြင့်တော့ ငယ်တော့သည် မဟုတ်။ သူများအောင်မြင်မှုတွေမှာပဲ လိုက်ပြီး လက်ခုပ်တီးနေရင်း အသက် 40 နားကပ်လာပြီ။  Computer Gamer တစ်ယောက်အတွက် အသက် ၂၄ လောက် ဆိုလျှင် အနားယူရသည့် အရွယ် လက်ကျသည့် အရွယ် ၊ ဘောလုံး သမား တစ်ယောက် ဆိုလျှင် အသက် ၃၅ သည် အောင်မြင်မှု များကို ခ၀ါချပြီး ၊ အနားယူရမည့် အရွယ်။ အခုတော့ သူ့အသက်က ဒီထက်ပိုလာပြီ။ ဒါပေမယ့် ကိုယ့်အောင်မြင်မှုက ဘာလဲ ဆိုတာကိုတော့ အခုထိမသိသေးဘူး။

အခုတလော ဖတ်ဖြစ်နေတဲ့ ကဗျာလေး တစ်ပုဒ် နာမည်က…. Anne Stevenson  ရဲ့ “The Victory” တဲ့လေ။

ဒီညတော့ အလုပ်လုပ်ရတာ သိပ်ပြီး အာရုံမလာ။ သူ မကြာခဏ ဖတ်နေကြ ကဗျာလေး ကို ထပ်ကာ ဖတ်မိသည်။





The Victory
By Anne Stevenson

I thought you were my victory
though you cut me like a knife
when I brought you out of my body
into your life.

Tiny antagonist, gory,
blue as a bruise. The stains
of your cloud of glory
bled from my veins.

How can you dare, blind thing,
blank insect eyes?
You barb the air. You sting
with bladed cries.

Snail. Scary knot of desires.
Hungry snarl. Small son.
Why do I have to love you?
How have you won?


ကဗျာလေး ဖတ်ပြီးတော့…ဇနီး ဖြစ်သူကို ရုတ်တရက်လှမ်းမေးမိသည်။
“မိန်းမရေ ငါ့အောင်မြင်မှုကဘာလဲ”လို့
နေ့ခင်းက လှမ်းထားတဲ့ အ၀တ်တွေကို ညကျတော့ မီးပူတိုက်နေရင်း တစ်လက်စ တည်း ခေါက်နေသည့် ဇနီး ဖြစ်သူက ကမဆိုင်းမတွ ပြန်ဖြေတယ် ...
“ဒီဟာ”တဲ့ ...
မွေးထားတဲ့ ကလေးနှစ်ယောက်ကို လက်ညှိုးထိုးပြသည်။ သမီး အကြီး နှင့် အငယ် နှစ်ယောက်လုံ သူတို့ အမေဖြစ်သူ နားတွင် အိပ်ပျော်နေကြပြီ။ ညဉ့်နက်ပြီမဟုတ်လား။
“ဘာတုန်းဟ” ဆိုပြီး ထပ်မေးတော့ ...
“သူတို့တွေအခုထိမျက်နှာမငယ်တာ”တဲ့
အဲဒီလိုပြောပြီး ဇနီးသည် ရဲ့ မျက်နှာကြည့်လိုက်တော့လည်း ပြုံးဖြီးဖြီးကြီးနဲ့။

“အာ…နင်ကလည်း ဘာမှန်းလည်း မသိဘူး ဟု” နှုတ်က ရုတ်တရက် ပြောလိုက်မိပေမယ့်။ ပြန်တွေးကြည့်မိတော့ လည်း ကျေနပ် ကြည်နူးမိနေသလိုလို။ လုပ်လက်စ အလုပ်ကို ဆက်ပြီး လုပ်ရန် တာစူလိုက်ပေမယ့်။ သူ့ လက်တွေက Mouse Pointer ကို Book Mark လုပ်ထားသည့် Button လေးပေါ်ကို ထောက်ကာ နှိပ်လိုက်မိသည်။ နာမည်က “The Victory” တဲ့လေ။


ကျော်ညိုသွေး