ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ရွာအ၀င်မြေလမ်းကြီး - အပိုင်း (၁)

ရွာအ၀င်မြေလမ်းကြီး - အပိုင်း (၁)

            ဟုတ်တယ် ရွာအ၀င်မြေလမ်းကြီးပဲ။ အဲဒီ ရွာအ၀င် မြေလမ်းကြီးက ထင်ထင်ရှားရှားပဲ။ အစဉ်အလာ နဲ့၊ ရာဇ၀င် နဲ့ သမိုင်းကြောင်း နဲ့ ဖြစ်လာတာကလား။ အဲဒီ မြေလမ်းကြီး ဖြစ်ပေါ်လာပုံ က လည်း ဆန်းတယ်။ ဆန်းလည်း ဆန်းစရာပဲလေ။ ရွာမှာ ရှိတဲ့ အသက် ၁၀ နှစ်ကနေ ၁၃ ၊ ၁၄ ၊ ၁၅ ၀န်းကျင် ကလေး အရွယ်တွေ ချည်းပဲ အဲဒီလမ်းကြီး ကို မြေဖို့ ပြီး လမ်းကြီး ကခန့်ခန့်ထည်ထည် နဲ့ ရှိခဲ့တာ။

အခုတော့ အဲဒီ မြေလမ်းကြီး ရဲ့ ပုံပြင်က တော်တော်လေး မှေးမှိန်သွားခဲ့ပြီ။ အဲဒီလမ်းကြီးကို ဖောက်ခဲ့တဲ့ ကလေးတွေလည်း အနယ်နယ် အရပ်ရပ်ကို ရောက်လို့ ကိုယ်စီ ကိုယ်ငှ အလုပ်အကိုင်တွေ နဲ့ ၊ တချို့လည်း အိမ်ထောင်တွေ ဘာတွေ ကျ ဖြစ်ကုန်ပြီ။ ဒါပေမယ့် ရွာကို ရောက်တိုင်း အဲဒီ မြေလမ်းကြီးပေါ် လျှောက်လှမ်းရတိုင်း ပြန်ပြီး အတိတ်နေ့တွေကို ပြန်သတိရလာတတ်ကြတယ်။

အဲဒီ ရွာအ၀င် မြေလမ်းကြီး ကို မြေဖို့ပြီး ခန့်ခန့်ထည်ထည် ဖြစ်အောင် လုပ်ခဲ့တဲ့ ကလေးငယ်တွေ အကုန်လုံးက သူတို့ ဆန္ဒ နဲ့ သူတို့ ဒီလမ်းကြီးကို မြေဖို့ခဲ့တာတော့ မဟုတ်ဘူး။ အဲဒီ မြေလမ်းကြီး ဖြစ်ပေါ်လာပုံ နောက်ကွယ်မှာ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခု က ငြိမ်သက်စွာ နဲ့ အခုတိုင်ရှိနေတုန်း။




မိုးမင်း တို့ ရွာက ပုသိမ်က နေ နောက်ထပ် တော်တော်လေး ဆက်သွားရသေးတဲ့ မြို့ နဲ့ တော်တော်လေး ဝေးတဲ့ တောရွာလေးပေါ့။ ရွာက ရွာတန်းရှည်။ ရွာရဲ့ ထိပ်မှာတော့ ရေကန်ပျက်ကြီး တစ်လုံးရှိတယ်။ အဲဒီ ရေကန်ပျက်ကြီးက ဘယ်တုန်းက တည်းက ပျက်နေတဲ့ ဟာမှန်းတော့ သေချာမသိဘူး။ မိုးမင်း တို့ လူမှန်းသိတတ်ကာစ ကတည်းက ရွာထဲမှာ ရေကန်အသစ်ရှိတယ်။ အဲဒီကနေပဲ ရေကို ခပ်သုံးကြတယ်။ ရေကန်ပျက်ကြီးကတော့ ညဘက် လသာ တဲ့ ညတွေ မှာ ကလေးတွေ နဲ့ လူပျိုပေါက်တွေ အဲဒီရေကန်ပျက်ကြီး ဘေးမှာ ထိုင်ပြီး ထွေရာလေးပါး စကားပြောလေ့ရှိကြတယ်။ ဒီဇာတ်လမ်းမှာ အဲဒီ ရေကန်ပျက်ကြီးလည်း အပါအ၀င်ပေါ့။ ရွာရဲ့ မြေလမ်းမကြီးက အဲဒီရေကန်ပျက်ကြီး ရဲ့ ဘေးကနေ ဖြတ်သွားတာမဟုတ်လား။ ရွာအ၀င်နားလေးမှာပဲ အဲဒီရေကန်ပျက်ကြီးက ရှိနေတာ။


ဒေါ်မြရင့်။

            ဒေါ်မြရင့် ဆိုတာ ရွာမှာ ကုန်စုံဆိုင်ဖွင့်တဲ့ အသက်လေးဆယ်၊ငါးဆယ်ဝန်းကျင် အဒေါ်ကြီး သူ့ဆိုင်မှာက မြို့ က အစားအသောက်တွေ ၊ မုန့်တွေ နဲ့ ကုန်ခြောက်တွေ အစုံတင်ပြီးရောင်းတယ်။ သူ့ဆိုင်မှာက ပစ္စည်းအစုံရောင်းတယ် ဆိုတော့ ရွာမှာရှိတဲ့ လူတွေ အကုန်လုံးက သူ့ဆိုင်ကိုပဲ မှီပြီး ၀ယ်ခြမ်းစားသောက်ရတယ်ပေါ့လေ။ ရွာထဲက ကလေးတွေကလည်း လူကြီးတွေ ဆီက မုန့်ဖိုးတောင်းလို့ ပိုက်ဆံရရင် ဒေါ်မြရင့် ဆိုင်မှာပဲ သွားဝယ်စားကြတာပဲ။ ရွာထဲမှာတော့ ဒေါ်မြရင့်ဆိုင် က မုန့်တွေ စားသောက်စရာတွေ က ကလေးတွေ သွားရည်ယိုတာလည်း မပြောနဲ့ သူ့ဆိုင်မှာ ချောကလက် ၊ ချိုချဉ် ၊ ဝေဖာ ၊ နို့ဆီ စသည်ဖြင့် အကုန်ကိုရောင်းတာ ရွာထဲ အလှူအတန်းများ လုပ်စရာရှိပြီဆိုရင် ဒေါ်မြရင့်တို့ ရောင်းကောင်းတဲ့ အခါပေပဲမဟုတ်လား။ ဒေါ်မြရင့်က သူ့ဆိုင်ကို တစ်လ တစ်ခါ ပိတ်တယ်။ တစ်ခါပိတ်ရင် သုံးလေးငါးရက်။ အဲဒီ သုံးလေးငါးရက် အတွင်းမှာ ဒေါ်မြရင့် တစ်ယောက် မြို့ကို တက်ပြီး ဆိုင်မှာ တင်ရောင်းစရာ ရှိတာတွေ ကို ၀ယ်တယ်။ ပြီးမှ ရွာကိုပြန်လာပြီး မြို့ကပါလာတာတွေကို ဆိုင်မှာတင်ရောင်တာမျိုး။ အဲဒီတုန်းကလည်း ရွာ ကနေ မြို့ ကို သွားရတာ ကုန်းလမ်းကလည်း ဒီလောက် အဆင်ပြေသေးတာမဟုတ်တော့ အဲဒီလောက်အချိန်ပေးရတယ်။ ဒါတောင် တစ်ခါတစ်လေ တစ်ပတ်လောက် ကြာသွားတတ်တာ။


ရေကန်ပျက်ကြီး

ရေကန်ပျက်ကြီး ဆိုတာက မိုးမင်း တို့ရွာရဲ့ ရွာအ၀င်မှာ ပဲရှိတယ်။ အရင်ကတော့ အဲဒီရေကန်ကြီးမှာ တစ်ရွာလုံးက လူတွေရေခပ်ပြီး သုံးခဲ့တာပေါ့။ ဒါပေမယ့် အခုတော့ အဲဒီရေကန်ကြီး အိုဟောင်းသွားတာနဲ့ ရွာထဲမှာ ရေကန်အသစ် ဆောက်လိုက်တော့ အဲဒီရွာထိပ်က ရေကန်ကြီးလည်း ထီးထီးကြီး ကျန်ခဲ့တော့တယ်။ ရေကန်ကြီးက ရေလည်း မထွက်တော့ပါဘူး။ အထဲမှာတော့ မည်းမှောင်လို့ ။ ရေကန်အမြင့်က လေးငါးပေလောက်ရှိတယ်ဆိုတော့ကလေးတွေ အနေနဲ့တော့ မမှီမကမ်းနဲ့ ဆိုတော့ အထဲကို လှမ်းကြည့်လို့မရဘူးပေါ့။ မိုးမင်းတို့ ကလေးသူငယ် တစ်သိုက်ကတော့ အဲဒီရေကန်ပျက်ကြီးဘေးမှာ အမြဲတမ်းအုပ်စုဖွဲ့ တတ်ကြတယ်။ အုပ်စုဖွဲ့တဲ့ အချိန် ကလည်း လပြည့်ညလို ညမျိုးလေ။ အဲဒီလိုည မျိုး ဆိုရင်တော့ လူပျိုပေါက်စ တွေ ကနေ ရှစ်နှစ် ၊ ကိုးနှစ်အရွယ် သူငယ်တစ်သိုက် အဲဒီ ရေကန်ပျက်ကြီး အနားမှာ အုပ်စုဖွဲ့ပြီး ထွေရာလေးပါး စကားပြောသလိုလို ၊ အရေးတကြီး ကိစ္စ ဆွေးနွေးသလိုမျိုးတွေ လုပ်တတ်ကြတယ်။ တကယ်တမ်းတော့ဘာမှ မယ်မယ်ရရမဟုတ်ပါဘူး။ လသာချိန် အဲဒီနားမှာ ထိုင် ပြီး သရဲအကြောင်းပြောတာမျိုးတွေ ၊ ဇာတ်လမ်းပမာ ပြောတာမျိုးတွေကို ကလေးကြီးတွေက ဒိုင်ခံပြောပြီး အငယ်တွေ ကတော့ တိုးတိုး ကြိတ်ကြိတ်နဲ့ ငေးကြတာပါပဲ။


************************************************************************************


ဒေါ်မြရင့်ဆိုတာက ရွာမှာ ကုန်စုံဆိုင်အကြီးကြီး ဖွင့်ထားပြီး ဆိုင်မှာ တင်ရောင်းဖို့ အတွက် တစ်လတစ်ခါ မြို့မှာ ဈေးသွားဝယ်ဖို့ အတွက် လကုန်ရက်နီးတိုင်း ဆိုင်ကို ပိတ်ထားပြီး မြို့ကို တက်ရတယ်ဆိုတာက အားလုံးအသိပဲ။ မြို့ကိုသွားပြီဆိုရင် ရွာကနေ ရေလမ်းခရီးအတိုင်း ပုသိမ်ဘက်ကို ကူးရတယ်။ ပုသိမ်ရောက်တော့မှ ရန်ကုန်ကို နောက်ထပ် ခရီးတစ်ဆင့် ဆက်ရတာပေါ့။ အဲဒီတုန်းကတော့ ရန်ကုန် - ပုသိမ် လမ်းက ဒီလောက် လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ ရေလမ်း ၊ ကုန်လမ်း နှစ်သွယ်နဲ့ သွားလာရတာ။ အဲဒီတော့ ဒေါ်မြရင့် တစ်ယောက်လည်း မြို့ ကို သွားပြီဆိုရင် သူ့ဆိုင်ကိ ပိတ်ပြီး အသွားအပြန် ၂ ရက်လောက်တော့ ကြာတတ်တယ်။

မကြာခင်မှာ ဒေါ်မြရင့် တစ်ယောက်  မြို့ကိုတက်ရတော့မယ်။ အကြောင်းကတော့ ဆိုင်မှာ ရောင်းစရာတွေတွေကို သွားဝယ်ဖို့ပေါ့။ တကယ်တော့ မြို့ကိုသွားဖို့က ပုံမှန်အတိုင်းဆိုရင် နောက်တစ်ပတ်လောက်မှ သွားရမှာ။ ဒါပေမယ့် အခုတော့ မသွားမဖြစ် သွားရေမယ်လေ။ မကြာခင်မှာ ရွာမှာ လွတ်လပ်ရေးနေ့ ပွဲတွေ လုပ်မှာ။ ညဘက်ဆိုရင် လည်း မြို့က ဇာတ်တွေ ကို ရွာမှာ ခေါ်ပြီး ဇာတ်က ခိုင်းတာမျိုး ရှိတော့ တစ်ရွာလုံး အုံးအုံးကျွက်ကျွက် နဲ့ အတော်စည်လှတာပဲလေ။ ညဘက် ပွဲလမ်းသဘင် က ရှိမှာဆိုတော့ ညဘက်အထိ ဆိုင်ဖွင့်ဖို့ စိတ်ကူးထားတဲ့ ဒေါ်မြရင့်တစ်ယောက် ပွဲဈေးမှာ ရောင်းဖို့အတွက် ကလေးကြိုက် မုန့်ပဲသွားရေစာတွေကို ကြိုတင်ဝယ်ထားဖို့ စိတ်ကူးမိတယ်။

“ဟဲ့ ကြည်မေ ငါ သန်ဘက်ခါလောက်ကျရင် မြို့ကိုတက်ပြီး ဈေးဝယ်ရမယ်။ နင် အိမ်ကို ကြည့်ထားဦးနော်။ ”

တူမအရင်းခေါက်ခေါက်ဖြစ်သူ မကြည်မေအေးကို ဒေါ်မြရင့် လှမ်းပြောခြင်းပင်။ ဒေါ်မြရင့် အိမ်နဲ့ မကြည်မေအေး တို့ က ဘေးချင်းကပ်လျှက် နေကြတာ ဆိုတော့ တစ်ခုခုဆို တစ်ဘက်လှည့်ပြီး အော်ထည့်လိုက်ရုံပဲ။

“ဟုတ်ကဲ့ ဒေါ်လေး၊ အခါတိုင်း လကုန်ရက်မှ သွားတာမဟုတ်လား”
“ဟုတ်တယ်လေ။ အခုက လွတ်လပ်ရေးနေ့ည ပွဲဈေးမှာ ရောင်းဖို့ သွားရေစာတွေ နဲ့ တခြားလိုအပ်တာတွေ ၀ယ်ရမယ် မဟုတ်လား။ သွားမှ ဖြစ်မှာပါအေ။”

“ဟုတ်လား။ ဟိုလေ..ဇာတ်ငှားသွားမယ့် ကိုထွန်းမောင်တို့ ကာလသားတွေလည်း သန်ဘက်ခါ မြို့တက်ကြမယ်ပြောတယ်”

“ဟုတ်လား။ အတော်ပဲ။ ဒါဆိုရင် ဒီကောင်လေးတွေ နဲ့ တစ်ခါတည်း လိုက်သွားရမယ်။လမ်းခရီးလည်း အဖော်ရတာပေါ့”

ဒေါ်မြရင့် နှင့် မကြည်မေ အေးတို့ အပြန်အလှန်ပြောနေကြတာကို အိမ်ရှေ့မှာ ဆော့နေတဲ့ ဟယ်ရီစိုးကျော် တစ်ယောက် ကြားနေရတယ်။ ပြီးမှ သူ့အမေအနား ကို ဟယ်ရီစိုးကျော် အပြေးကလေးသွားပြီး..

“အမေ့ သားလည်း အဘွား နဲ့ အတူ မြို့ ကို လိုက်ချင်တယ်။” အဲဒီအသံကို ခပ်တိုးတိုးကြားလိုက်ရုံနဲ့ ဒေါ်မြရင့်တစ်ယောက် မျက်ခုံးတွေ လှုပ်သွားတော့သည်။

“ဒေါ်လေး ကျမ သားက မြို့ကို လိုက်ချင်လို့တဲ့”

မကြည်မေအေး ပြောတာပင် မဆုံး ဒေါ်မြရင့် တစ်ယောက် လက်ကို ကမန်းကတန်းကာပြလိုက်တယ်။

ပြီးမှ..

“အမယ်လေး..တော်ပါအေ..ညည်းသား မျောက်ရှုံးကို ငါက ခေါ်သွားရင် မဖြစ်ပါဘူးအေ..” ဆိုပြီး မဲ့ရွဲ့ကာ ပြောတော့တယ်။

အရင်ကလည်း ဒေါ်မြရင့်တစ်ယောက် မြို့ကို ဈေးသွားဝယ်တိုင်း ဟယ်ရီစိုးကျော် က လိုက်ဖို့ ပူဆာဖူးတယ်။ ဒါပေမယ့်လည်း မရ ဟယ်ရီစိုးကျော် အကြောင်းကို သိတဲ့ ဒေါ်မြရင့်က ဘယ်တော့မှ ဈေးဝယ်ဖို့ မြို့ကိုတက်တိုင်းမခေါ်။ ဟယ်ရီစိုးကျော် ဆိုတဲ့ ကောင်ကလည်း တော်တန်ရုံ
မျောက်ရှုံးတာ မဟုတ်။ ခြေဆော့လက်ဆော့ နဲ့ ဆိုတော့ ဒေါ်မြရင့် တစ်ယောက် မယုံတာလည်း အဆန်းတော့ မဟုတ်ဘူး။ ရွာထဲမှာ သရက်သီးပျောက်လား ဟယ်ရီစိုးကျော် တို့ အဖွဲ့။ သူဦးဆောင်တာပဲ။ တခြား အသီးအနှံတွေ ပျောက်တိုင်း လည်း ဟယ်ရီစိုးကျော် အပါအ၀င် ကလေးတွေ လက်ချက်ဆိုတော့ ရွာထဲ က လူတွေက တစ်ခုခုပျောက်တိုင်း ဟယ်ရီစိုးကျော်ကို မျက်စောင်းထိုးနေတော့တာ။ ခိုးတာ ၀ှက်တာတွေ ပေါ်တဲ့ အခါလည်း ရှိ မပေါ်တဲ့ အခါလည်း ရှိတာပေါ့လေ။ ခိုးတယ် ၀ှက်တယ် ဆိုပေမယ့်လည်း သိပ် ကြီးကြီးမားမားတော့လည်း မဟုတ်ပါဘူး။ ကလေးသဘာဝ ဟိုအသီးခိုးစား ၊ ဒီအသီးခိုးစားလောက်ပါပဲ။အကြိမ်အရေအတွက်များလာတော့လည်းထင်ပေါ် ကျော်ကြားလာတော့တာပဲ့ပေါ့။

အခုလည်း အဘွားဖြစ်သူ ဒေါ်မြရင့်က သူ့ တောင်းဆိုချက်ကို ပယ်ချလိုက်တော့ အဘွားကို မျက်စောင်းထိုးပြီး မကြည်တဲ့ ရုပ်နဲ့ ဆော့မြဲတိုင်းသွားဆော့နေတော့တယ်။ စိတ်ထဲကတော့  မကျေနပ်ဘူးပေါ့။ အမေဖြစ်သူ မကြည်မေအေးကတော့ သူ့သားအကြောင်း သိနေတာမို့ ဘာမှမပြော။ သူလုပ်လက်စ အလုပ်တွေကိုသာ ဆက်လုပ်နေတော့တယ်။

*******************************************************************************