ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အရူးတစ်ပိုင်း



အရူးတစ်ပိုင်း

            အရူး။ အရူးလို့ ဆိုလိုက်ရင် လူတွေက ရင့်ရင့်သီးသီး ပြောတယ်လို့ ယူဆကြမယ်။ ဟုတ်တယ်။ အရူးလို့ ပြောတယ်။ အရူးဟာ အရူးပါပဲ။ လူတိုင်းဟာ အရူးစိတ်ရှိနေတယ်လို့ ဘုရားဟော ရှိတာတော့ ဟုတ်ပါရဲ့။ အရူးစိတ်ရှိတာပေါ့။ Psycho Problem လေးတွေ အနည်းနဲ့ အများဆိုသလို ရှိနေကြတဲ့ လူတွေ နဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လောကအသိုင်းအ၀ိုင်းပဲ မဟုတ်လား။ အဲဒီ Psycho Problem တွေ သိပ်ကို ပြင်းထန်လာရင်တော့ လူဟာ အရူးလုံးလုံး ဖြစ်သွားတာပဲ။ ဒါကြောင့် ရူးမသွားစေဖို့ စာပေ ၊ ယဉ်ကျေးမှုအနုပညာ ၊ ဘာသာတရား စသည်ဖြင့် ကိုယ့်စိတ်ကို အပြောင်းအလဲ နဲ့ သက်သာရာရစေမယ့် နည်းလမ်းတွေ နဲ့ တည့်မတ်ကြရတာလေ။

            ကိုယ့်စိတ်ကိုယ် မထိန်းနိုင်လို့ ရူးသွားတဲ့ အရူးတွေကလည်း အမျိုးအစား အများသားရယ်။ သူဌေးရူး ၊ ခွေးရူး ၊ ဆွေးရူး ၊ ကလေးအရူး ၊ လင်တရူး ၊ မယားတရူး ၊ သမ္မတရူး ၊ အဆိုတော်ရူး ၊ ရုပ်ရှင်မင်းသားရူး ၊ ကဗျာဆရာရူး ၊ ဇာတ်မင်းသားရူး ၊ စပါယ်ရာရူး ၊ မော်တော်ပီကယ်ရူး ၊ ဘုန်းကြီးရူး ၊ ရပ်ကွက်လူကြီးရူး ၊ ဖိုက်တာရူး ၊ ဆရာရူး ၊ စုံထောက်ရူး ၊ ကွက်စိပ်ရူး ၊ ဗိုလ်ရူး  စသည်ဖြင့် စုံကို စုံနိုင်လွန်းတယ် ဒါတောင် ဘာအရူး ရူးလို့ ရူးမှန်းမသိတဲ့ အရူးမျိုးက ရှိသေး။

            Psycho Problem တွေထဲမှာ တခြားလူတွေ စိတ်အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမူကတော့ ကိုယ်မသိ ၊အကျွမ်းတဝင် မဖြစ်တဲ့ အကြောင်းအရာ တစ်ခုကို ကိုယ့် အနီးအနား ရှိတဲ့ အခြားသူ နှစ်ယောက်က ဆွေးနွေးနေ လက်ဆုံကျ နေပြီဆို အဲဒီနှစ်ယောက်ကို စိတ်အနှောက်အယှက် ဖြစ်အောင်ပြုမူတာမျိုး ၊ ဆွေးနွေးလက်စ အကြောင်းအရာ ကို လမ်းလွဲပြီး ဆွေးနွေးချက်ကို ပျက်စီး အောင် ဖျက်လိုဖျက်ဆီး လုပ်တာမျိုး။ အနီးစပ်ဆုံး ဥပမာအနေနဲ့ ပြောရရင် Guitar ဝိုင်းက သီချင်းအော်ဆိုနေတာကို တော်ပါတော့ဗျို့။ တော်ရင်ဘယ်လောက်ပေးမရမလဲ' ဆိုပြီး ဘေးကနေ နှောက်တာမျိုးပေါ့။ သူငယ်ချင်းတွေ သီချင်းဆိုရင် လူအတော်များများ အဲဒီလို စတတ်တာ ထုံးစံရှိပေမယ့် အနားကပ်ပြီး တိုးတိုးလေး စနောက်ရုံပါပဲ။ တကယ်တမ်း Psycho Problem ရှိတဲ့ သူတွေ မှာတော့ သူများသီချင်းဆိုတဲ့ အချိန် အများကြားအောင် နှောက်ပြီး အော်တတ်တာမျိုးပေါ့။ Music Concert တွေ မှာ အဆိုတော်တွေ ကို ရေသန့်ဘူး နဲ့ ပစ်တာတွေ နဲ့ သီဆိုနေတဲ့ ဂီတ အမျိုးအစားကို ပုတ်ခတ်ဆဲဆို တာတွေ ကလည်း ဒီလိုမျိုး Psycho Problem ကြောင့်လို့ ဆိုကောင်း ဆိုနိုင်မယ်ထင်ရဲ့လေ။
ဘာသာမဲ့ Psycho Problem
            ဘယ်ဘာသာမှမကိုးကွယ်ဘူး ဘာသာမဲ့ ဆိုပြီး သူများတွေ ရုပ်ထု ရည်စူးကိုးကွယ်တာကို အပြစ်လိုက်ပြောနေတာလည်း တကယ့်ဖြူစင်တဲ့ ဘာသာမဲ့တွေ ရဲ့ သိက္ခာ အဆင့်အတန်းတစ်ခုကို ချိုးနှဲ့လိုက်တာနဲ့ အတူတူပဲဖြစ်လိမ့်မယ်။ ကိုယ့်စိတ်လွတ်လပ်ခွင့်ကို မြတ်နိုးရင် သူများစိတ်ကိုလည်း အနှောက်အယှက်ပေးတာမျိုး မလုပ်သင့်ဘူး။ ရုပ်ထုဖြစ်ဖြစ်၊ ကျောက်တုံးဖြစ်ဖြစ် ၊ သစ်ပင်ဖြစ်ဖြစ် ကြိုက်တာ ထိုင်ကန်တော့ခွင့်ရှိတယ်။ ဘာသာမဲ့ဆိုတာ အားလုံးနဲ့ လွတ်ကင်းချင်လို့ ဒါမှမဟုတ်ရင် ဖောက်ထွက်တွေးခေါ်ချင်လို့ စိတ်ကို ရှင်းလင်းတဲ့ အနေနဲ့ ဘာသာမဲ့လိုက်ခြင်း လို့ ယူဆမိတယ်။ ဘာသာမဲ့ လို့ ခံယူပြီး သူများရဲ့ စိတ်ကို ထိန်းချုပ်ဖို့ ကြိုး စားနေတာကလည်း Psycho Problem ဖြစ်နေတာပဲ ထင်တယ်လေ ။
အေးဇော်ဦး Psycho
            ကိုယ်တွေ ကိုးတန်း ၊ ဆယ်တန်း လောက်တုန်းက ရေးပေးပါ စာအုပ်ကလေးတွေ ခေတ်စားလာတယ်။ အဲဒီတုန်းက စာအုပ်ကို တစ်ယောက်က ၀ယ်ပြီး ရင် စာမေးပွဲဖြေခါနီး အတန်းဖော်တွေကို လိုက်ပြီး အမှတ်တရ ရေးခိုင်းတယ်။ အဲဒီထဲမှာ အထူးခြားဆုံးကတော့ အေးဇော်ဦး ပဲ အေးဇော်ဦးက အတွေး ၊ အငေးသမား။ ပြောရရင် ဗီဒီယိုထဲက ဇာတ်လိုက် လိုမျိုး ပြုမူနေထိုင် ပြောဆိုတတ်တယ်။ တော်ကီ ကလည်း ဘယ်က နေ ဘယ်လို ကျက်ထားမှန်းမသိတဲ့ တော်ကီ မျိုး ကို ပြောတတ်တယ်။ သူအမြဲတမ်းပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ အဲဒါကို ရေးပေးပါ စာအုပ်တွေ သူ့လက်ထဲ ရောက်လာတဲ့အခါ ကျရင် အဲဒီ စကားစာပိုဒ် ကိုပဲ ရေးပေးတတ်တယ်။ ဒီနှစ် နွေရာသီလည်း ဒီစကား၊ နောက်နှစ် နောက်တစ်တန်းတက်လို့ နွေရာသီရောက်တဲ့အခါ ရေးပေးပါစာအုပ် အသစ်မှာလည်း ဒီစကား။ ဒါကိုပဲ သူ့မှာ ရေးတတ်တယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မတူအောင်လို့တော့ သူက အပျိုးလေးတွေ ပြောင်းတတ်တယ်။ ပထမစာအုပ်မှာ အပျိုးတစ်ခုနဲ့ သူ့လက်သုံး မူပိုင်စကား ကို ရေးပြီးရင် နောက်တစ်အုပ် မှာ နောက်ထပ် အပျိုးတစ်ခု နဲ့ အဲဒါကိုပဲ ထပ်ရေးတယ်။ ကိုယ်တွေကတော့ ရေးပေးပါစာအုပ် ၀ယ်ပြီး သူများ ကို ရေးခိုင်းရတာ ကို သိပ်ပြီး ခံစားမရလို့ ၀ယ်လည်း မ၀ယ်ဘူး။ လာရေးခိုင်းရင်တော့ ပေါက်ပန်းလေးဆယ် အကုန်လျှောက်ရေးတော့တာပဲ။ ဘယ်လို လှလှပပ ရေးရမယ် ဆိုတာလည်း မသိပါဘူးလေ။ ကြာလာတော့ သူ့ကို ဘယ်သူမှ ရေးပေးပါစာအုပ် ပေးပြီး မရေးခိုင်းတော့ဘူး။

            တစ်ခါတုန်းက ကျောင်းမှာ အလှဆုံးကောင်မလေး ဇွန်ကိုကို ကို သူ တစ်ဘက်သတ် လိုက်ကြိုက်တယ်။ သူ့လို ပေါတောတော ကို ဟိုကောင်မလေးက ဘယ်ကြိုက်မလဲ။ တစ်နေ့တော့ ဇွန်ကိုကို က သူ့ကို ဘာတွေ ကောလိုက်လဲ မသိပါဘူး။ ကျူရှင်ခန်း ရှေ့မှာ ငိုင်နေတယ်။ ကိုယ်တွေက အတန်းတက်ခါနီး သူ့ကိုတွေ့တော့ ကိုယ်ကလည်း ရေခဲချောင်းစားနေတာနဲ့ "ဟေ့ကောင်စားမလား" ဆိုတော့ ခေါင်းယမ်းပြတယ်။ မျက်လုံးတွေက နီရဲလို့။ "ဘာဖြစ်နေတာလဲ" လို့ မေးတော့ သူ့လက်သုံးစကားကို ထပ်ရွတ်ပြတယ်။ စိတ်ညစ်လိုက်တာ။ အဲဒါနဲ့ "အတန်းမတက်ဘူးလား" ဆိုတော့ ခေါင်းယမ်းပြတယ်။ ညနေပိုင်းမှာ ဒီကောင့်ကို ကျူရှင်ရှေ့ကို လာပေမယ့် အတန်းပျက်လို့ဆိုပြီး ဆရာက ဆော်ပါလေရော။
ဆယ်တန်းပြီးတာ တော်တော်ကြာပေမယ့် သူရေးတဲ့ လက်သုံးစကား ကို အခုထိ မှတ်မိသေးတယ်။
"ငါ့ဘ၀မှာ လူတွေအကုန်လုံးကို နားလည်ပေးခဲ့တယ်။ ဖြစ်နိုင်မယ်ဆိုရင် တစ်ကမ္ဘာလုံးရဲ့ ဒုက္ခကို ငါ့ပခုံးပေါ်ထမ်းထားပေးချင်ခဲ့တယ်။ ဒါပေမယ့် ငါ့ကို ဘယ်သူကမှ နားမလည်ကြဘူး" တဲ့။

အစွဲ - စွဲကပ်မှု ပြဿနာ

            မြ၀တီ Documentary ကနေ လူမင်း ဇာတ်လမ်း "မျက်ရည်တိုက်ပွဲ" ဆိုတာလာလို့ သေချာကြည့်ဖြစ် တယ်။ အဲဒီထဲမှာ လူမင်း နဲ့ ထွန်းအိန္ဒြာဗိုလ် က လင်မယား ။ မိန်းမဖြစ်သူ က တခြားတစ်ယောက်နဲ့ ဖောက်ပြန်တယ်။ ဒါကို သိသွားတော့ ယောက်ျားဖြစ်သူ က သူ့မိန်းမ ကိုသတ်ပစ်တယ်။ သတ်ပစ်ပြီးတဲ့ အခါ သူ့မိန်းမ နဲ့ ဖောက်ပြန်တဲ့ လူကပဲ သတ်သလိုမျိုး အကွက်ဆင် ထားတယ်။ သတ်တာမှ သေချာကို အကွက်ချပြီး DNA စစ်တဲ့ အခြေအနေအထိ ရောက်အောင် လုပ်ထားတာ။ ဒါပေမယ့် ရဲက ယောက်ျားဖြစ်သူ က သတ်တယ် ဆိုတာကို သိသွားတယ်။ အကြောင်းကတော့ လူမင်းက မိန်းမ ကြောင့် ခံစားရတိုင်း လူသတ်ကားတွေ ကြည့်တယ်။ ဖြစ်ချင်တော့ လူသတ်မှု အကြောင်းစုံစမ်းနေရင်း ရဲက အိမ်ကိုလာတဲ့အခါ ယောက်ျားဖြစ်သူ က ဗီဒီယိုထိုင်ကြည့်နေတာနဲ့ ကြုံတယ်။ ရဲကလည်း ယောက်ျားဖြစ်သူ ကို အမှုအခြေအနေပြောပြရင်း ပုံမှန်မဟုတ်တာ ကို ခန့်မှန်းမိတယ်။ ယောက်ျားဖြစ်သူ ရဲ့ စိတ်အခြေအနေ က နည်းနည်း တော့ ထူးခြားမှန်းသိတယ်။ ဒါနဲ့ပဲ စကားပြောရင်း ဗီဒီယိုအခွေတွေ အများကြီးထဲက တစ်ချို့ကို ရဲက ငှားသွားတယ်။ အဲဒီ ရဲ က အိမ်ပြန်ရောက်လို့ အခွေတွေ ကြည့်တဲ့ အခါ ငှားလာတဲ့ အထဲက လူသတ်ကား တစ်ကား က လက်ရှိ လူသတ်မှု ဖြစ်တဲ့ ပုံစံ နဲ့ တစ်ထေရာတည်း တူနေတာကို တွေ့ရတယ်။ တခြားကောင်လို့ ထင်အောင် ဆံချည်မျှင်ကို Dead Body ပေါ်ချထားတာမျိုးက အစပေါ့။ တကယ့် လူသတ်မှု အခြေအနေနဲ့ ဇာတ်လမ်းထဲက အသွားနဲ့ တူနေတယ်။ အဲဒီမှာ သေသူ အမျိုးသမီးရဲ့ ယောက်ျား က တကယ့် လူသတ်သမား ဆိုတာ ရဲ က ခန့်မှန်းမိသွားတာပဲ။

            အဲဒါနဲ့ ဆိုင်သလိုလို ရှိတာကတော့ ငယ်ငယ်က အတုယူမှားခဲ့တဲ့ လူတွေ အနေနဲ့ စိတ်ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရပြီး လူ့လောကထဲ ကြီးပြင်းလာတဲ့ အခါ ကိုယ့် မသိစိတ်မှာ ထင်ဟပ်နေတဲ့ သူများလုပ်ခဲ့တဲ့ အပြုအမူကို ထပ်တူထပ်မျှ လုပ်လေ့ရှိကြတယ်။ ငယ်ငယ်တုန်းက သူများ အိမ်မှာ ကပ်နေခဲ့ရတယ်။ အိမ်ရှင်က မောက်မာတာမျိုး ခံရတဲ့ အခါ။ ကိုယ်တကယ် ကြီးပြင်းလို့ အိမ်ပိုင်ရှိပြီး အိမ်ငှားတွေ နဲ့ ပြန်ဆက်ဆံရရင် ငယ်ငယ်က အိမ်ပိုင်ရှင် က မောက်မာသလိုမျိုး မောက်မာတတ်တာမျိုး ။ ငယ်စဉ်က မိဘ ဖြစ်သူတွေ ရဲ့ လိင်ပိုင်း ဆိုင်ရာ ဖောက်ပြန် မှုတွေ နဲ့ ကြုံတွေ့ ရတဲ့ သူတွေ အနေနဲ့လည်း ကြီးပြင်းတဲ့ အခါ လိင်နဲ့ ပတ်သက်တဲ့ ဖောက်ပြန်မှုတွေ ကို စနစ်တကျ ဖောက်ပြန်ပြီး လူ့အသိုင်းအ၀ိုင်း ကြားထဲမှာ နေထိုင် ရှင်သန် နေတာမျိုး ၊ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ မိဘ ရဲ့ အောက်မှာ ကြီးပြင်း လာရပြီး အဲဒီ အဖြစ်ဆိုးတွေ က မသိစိတ်ထဲ ကိန်းအောင်းနေတဲ့ အခါ ကြီးပြင်းလာတဲ့ အခါ ရည်းစားများတာကို ဂုဏ်ယူနေတာမျိုး ၊ ရည်းစား တစ်ယောက်ပြီး တစ်ယောက်တွဲ။ တွဲတဲ့ ရည်းစားတိုင်း ကိုလည်း ထားရှိတဲ့ ဆက်ဆံရေး ဟာ အဆင်ပြေပြေ မဖြစ်တာမျိုး နဲ့ ကိုယ့်ဘက်က ကျင့်သုံး နေထိုင် ဆက်ဆံမှု မမှန်ပါတာကြောင့် ရည်းစားတွေ က စွန့်ခွာသွားတဲ့ အခါ ဆန့်ကျင်ဘက် လိင်တွေဟာ ကိုယ့်အပေါ် သစ္စာမဲ့တဲ့ သူတွေ ပါလားလို့ မသိစိတ်ကနေ ထင်မြင်ယူဆ ပြီး ဆက်တိုက်ဆိုသလို အမှားတွေ ကျူးလွန်နေတာမျိုး။ ကိုယ် ကိုယ်တိုင် ငယ်ငယ်တုန်းက ကိုယ်ကိုယ်တိုင် (ဒါမှမဟုတ်) ကိုယ်နဲ့ ထိစပ် ပတ်သက်ရာ လူတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု တွေ ကြုံရတာမျိုး ၊ လူ့အဖွဲ့အစည်း အတွင်း လက်မခံနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အခြေအနေအရပ်ရပ်တွေ ကြုံတွေ့ခဲ့ရင် ကြီးပြင်းလာတဲ့ အခါ လူ့အဖွဲ့အစည်းအတွင်း ဆန့်ကျင်ဘက် လိင်တွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ကို မသိမသာ ကျူးလွန်နေတာမျိုး ၊ ကိုယ့်ပတ်ဝန်းကျင် နီးစပ်ရာ ကိုလည်း အဲဒီကျူးလွန်မှုတွေမှာ ပါဝင်ဖို့ သွယ်ဝိုက်သော နည်းလမ်းတွေ နဲ့ မြှူဆွယ်တာမျိုး စသည်ဖြင့် ဖြစ်တတ်ကြတယ်။

ဒါဟာ မသိစိတ်မှာ ကပ်ငြိနေတဲ့ မရှင်းလင်းတဲ့ စိတ်ဝေဒနာ ခပ်မျှင်းမျှင်း ဖြစ်တယ်။ အဲဒီ ခပ်မျှင်းမျှင်း စိတ်ဝေဒနာကနေ အကြောင်းအရာ ကြီးကြီးမားမားတွေ ဖြစ်သွားတတ်တယ်။ အဓိက ကတော့ အတုခိုးမှားခြင်းပဲ။

ဒီလိုဖြစ်တာတွေက မှားတယ်ဆိုရင် ဘယ်လိုက ပုံမှန်အနေအထားလဲ? ငယ်ငယ်က အဲဒီလို မနှစ်သက်စရာ အဖြစ်မျိုးတွေ ကြုံခဲ့လို့ တကယ်တမ်း ကိုယ့်ကိုယ်ကို တည့်မတ်နိုင်မယ်ဆိုရင် အိမ်ရှင် မောက်မာသလို ကိုယ်လည်း အိမ်ပိုင်ဖြစ်တဲ့ အခါ အိမ်ငှားတွေကို မမောက်မာပဲ ကိုယ်ချင်းစာစိတ်နဲ့ ဆက်ဆံမယ်။ ချိုသာမယ်။ လိင်ပိုင်းဆိုင်ရာ ကျင့်ဝတ် ဖောက်ဖျက်မှုတွေ ကို မြင်တွေ့ခံစားခဲ့ရရင် ကိုယ်တိုင် အရွယ်ရောက်တဲ့ အခါ ကိုယ်တိုင်လည်း ကျင့်ဝတ် စောင့်ထိန်းမယ်။ သူများတွေကိုလည်း ကျင့်ဝတ် ဖောက်ဖျက်မှု ဖြစ်အောင် အားပေးအားမြှောက် မပြုဘူး။ ဒါဟာ ပုံမှန်စိတ် ဖြစ်တယ်။



            ရုပ်ရှင် ဇာတ်လမ်းတွဲတွေ ကို စွဲစွဲလမ်းလမ်း ကြည့်ဖြစ်တုန်းက Ghost Whispherer ဆိုတဲ့ ၀ိဥာဉ် ဇာတ်လမ်းတစ်ခု ကို စွဲစွဲလမ်းလမ်း ကြည့်ဖြစ် ခဲ့တယ်။ အဲဒီဇာတ်လမ်းကို စွဲစွဲလမ်းလမ်းကြည့်ဖြစ်နေရင်း အပိုင်း တစ်ပိုင်း ကို ရောက်တဲ့ အခါမှာတော့ အဲဒီဇာတ်လမ်းရဲ့ ထုံးစံအတိုင်း ၀ိဥာဉ် တစ်ခုဟာ ဇာတ်ဆောင် အမျိုးသမီးရဲ့ အနောက်ကို လိုက်ပြီး အကူအညီ တောင်း တာမျိုး ဖြစ်တယ်။ အဲဒီ ဇာတ်လမ်း မှ ပါဝင်တဲ့ ၀ိဥာဉ် ဟာ လူတစ်ယောက် ရဲ့ သတ်ဖြတ်ခြင်း ခံရတာ ကို ကြုံပြီး မကျွတ်မလွတ်ဘဲ ဖြစ်နေတယ်။ သူ့ကို သတ်လိုက်တဲ့ လူကတော့ အသက်ရှင်လျက် ရှိတုန်းပဲ။ ၀ိဥာဉ်က အဲဒီ လူကို မကျေနပ်ပဲ အနှောက် အယှက် ပြန်ပြုနေတာပေါ့။ တကယ်တမ်းတော့ လူသတ်သမား ဟာ စိတ္တဇ ဝေဒနာ ခံစားနေရတဲ့ သူတစ်ယောက်ပါ။ သူက သိပ်လှတဲ့ အမျိုးသမီးတွေ ကို အနောက်က လိုက်တယ်။ လိုက်ပြီး ပတ်သက် တယ် ။ တွဲတယ်။ အဲဒါတင်မကဘဲ အဲဒီအမျိုးသမီး နဲ့ သူနဲ့ ပတ်သက်သွားတဲ့ အခါ သူတွဲတဲ့ အမျိုးသမီး ရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း က လူတွေဟာ အဲဒီ အမျိုးသမီးကို ချစ်ခင်မြတ်နိုးနေတာတွေကနေ သွေဖယ်သွားအောင် ၊ အဲဒီ အမျိုးသမီးကို ဖယ်ကျဉ်ပြီ မုန်းသွားအောင် လုပ်တော့တယ်။ နောက်ပိုင်းမှာ အဲဒီ အမျိုးသမီး ကို တစ်နည်းနည်းနဲ့ ကြံစည်ပြီး သတ်ပစ်တယ်။ အဲဒီလို လုပ်နေရာကနေ နောက်ဆုံးမှာ ဇာတ်ဆောင်အမျိုးသမီးကိုလည်း အဲဒီလူက လာရောက်ပတ်သက်ပြီး လုပ်နေကြ ပုံစံအတိုင်း ကြံစည် တာတွေ လုပ်တော့တယ်။

အဲဒီ ဇာတ်လမ်းကို ကြည့်နေစဉ်မှာ ပြင်ပ လောကမှာ ကြုံခဲ့ဖူးတဲ့ အမျိုးသမီး မိတ်ဆွေ တစ်ယောက်ကို သတိရသလို ၊ အမျိုးသား မိတ်တွေ တစ်ယောက် ကို လည်း သတိရမိတယ်။ သူတို့ ချစ်သူတွေ ကို အခြားသူတွေ နဲ့ ဝေးရာမှာ နေစေ ပြီး သူတို့ ကိုယ်တိုင် ချယ်လှယ် ချုပ်ချယ် လို့ သ၀န်တိုစိတ် တစ်ဝက် နဲ့ ပတ်သက်ကျင့်သုံးမှု ကြောင့် သူတို့ ရဲ့ သက်ဆိုင်သူတွေ ဟာ သူငယ်ချင်း အပေါင်းအသင်းတွေ ရဲ့ တဖြည်းဖြည်းဝေး သွားခဲ့တော့တယ်။ အဲဒီလို ကိုယ့်သက်ဆိုင် သူတွေ ကို ထိန်းချုပ်လွန်းသူတွေ ဟာ သ၀န်တိုစိတ် တွေ များပြားလွန်းတဲ့ အတွက်ပဲ ဖြစ်မယ် ထင်ရဲ့။ သ၀န်တိုစိတ်ဆိုတာဟာလည်း လူ့စိတ် အမျိုးအစားတွေထဲက မောဟအရောင် တောက်မှု တစ်ခုလို့ ယူဆမိတယ်။


            ရန်ကုန် မြို့ထဲက ဟိုတယ် တစ်ခုကို ကျွန်တော် နဲ့ သူငယ်ချင်း တစ်ယောက် အခမ်းအနားတစ်ခု အတွက် သွားပြီး ရုံး ကို အပြန်မှာ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်ဟာ စီးရမယ့် ဘတ်စ် ကား ကို စောင့်မျှော်ရင်း ကားဂိတ်မှာ ထွေရာလေးပါး စကား တွေ ကို ပြောဆိုနေကြတယ်။
            ဘယ်က နေ ဘယ်လို စကား စပ်မိသွားတယ်ဆိုတာတော့ မသိတော့ဘူး။ ကျွန်တော့် သူငယ်ချင်းဟာ Nokia ဖုန်းအကြောင်း ကို ကျွန်တော် နဲ့ ပြောနေတယ်။ အဲဒီအချိန်မှာ အရူးမ တစ်ယောက်ဟာ ကျွန်တော် တို့ အနား ကို မယောင်မလည် နဲ့ ရောက်လာတယ်။

“အဲဒီ NEVIA က ဘယ်မှာဝယ်လို့ရသလဲ”

            ကျွန်တော်တို့ ပြောနေတဲ့ Nokia ကို အရူးမဟာ NEVIA လို့ ကြားတယ်။ ဘယ်မှာ ၀ယ်လို့ ရသလဲ မေးတယ်။ သူငယ်ချင်းဟာ အရူးမစကား ကို ကြားတော့ ခပ်ဟဟ ရယ်နေတယ်။ ကျွန်တော်တို့ ဘာမှ ဆက်မပြောဖြစ်ကြဘူး။ အရူးမ ဟာ သူ့ကို ဂရုစိုက်ဟန်မပြတဲ့ ကျွန်တော်တို့ နှစ်ယောက် ဘေး နားမှာ ရှိနေတုန်းပဲ။ သူ့အိတ်ထဲက ပစ္စည်းတွေကို ဖွနေတယ်။ အဲဒီအချိန်မှာ ကျွန်တော်ဟာ ကျွန်တော့် လက်ကိုင်ဖုန်း နဲ့ အရူးမ ကို ဓါတ်ပုံ သုံးလေးပုံ ရိုက်လိုက်တယ်။ အရူးမ မသိအောင်ပေါ့။ မကြာပါဘူး။ အဲဒီ အရူးမဟာ ကျွန်တော်တို့ အနားက နေ အဝေးကို ထွက်သွားတော့တယ်။


            ကျွန်တော် ငယ်ငယ်တုန်းက ဘာရယ်ကြောင့်မှန်း မသိဘဲ ကြွေဂေါ်လီလုံး ၊ ဖန်ဂေါ်လီလုံး ၊ မဲနယ်ဆေးပြား ဗူးခွံသုံးလုံး အရုပ် ၂၂ ခု ၊ ၀ါးဆစ်ခွက်တစ်ခု နဲ့ အခြားသော တိုလီမုတ်စ တွေ ကို အာဂျီနိုမိုတို အိတ်အဖြူတစ်လုံးနဲ့ ထုပ်ပြီး အိမ်ရှေ့ က ပိတောက်ပင်ပေါ်မှာ ရှိနေတဲ့ ငုတ်တစ်ခုမှာ သွားပြီး ချိတ်ထားတတ်တယ်။ အဲဒီနေရာဟာ ကျွန်တော့်ပစ္စည်းတွေ သိမ်းဆည်းရာ လုံခြုံတဲ့ နေရာရယ်လို့ ယူဆလို့ပဲဖြစ်မယ်။ တစ်နေ့ တစ်နေ့ ကျွန်တော်ဟာ အဲဒီ ပိတောက်ပင်ပေါ်ကို တက်တယ်။ အဲဒီ အထုပ်ကို ယူပြီး အောက်ကို ဆင်းလာတယ်။ အဲဒီနောက်တော့အထဲက ပစ္စည်းတွေ ကို အပြင်ကို သွန်ချလိုက်ပြီး တစ်ခုချင်းစီ ကို ထုတ်ကြည့်တယ်။ အဲဒီနောက်တော့ ကြွပ်ကြွပ်အိတ်ထဲကို တစ်ခုချင်းစီ ပြန်ထည့်ပြီး ပစ္စည်း အရေအတွက် ကို မှတ်သားထားတယ်။ တစ်နေ့ကို အဲဒီလို နှစ်ကြိမ်လောက် လုပ်ဖြစ်တယ် ထင်ရဲ့လေ။ တစ်ခါတစ်လေ မက်မောစရာ ပစ္စည်းတစ်ခုတစ်လေ တိုးလာပြီ ဆိုရင် ကျွန်တော်ဟာ ချက်ချင်း ဆိုသလိုပဲ အိမ်ရှေ့ပိတောက်ပင်ပေါ်က အာဂျီနိုမိုတို အိတ်ကို တက်ယူလို့ ဖွင့်ပြီး ပစ္စည်း အသစ်ကို ပါ ထည့်သွင်းလိုက်သေးတယ်။

            ငယ်ငယ်က အခြား ကိစ္စတစ်ခုကတော့ ပုရွက်ဆိတ်ကလေး တစ်ကောင် ကို သဂြိုလ်ပေးတာပဲ။ ဘာကြောင့်မှန်းမသိ ပုရွက်ဆိတ်ကလေး တစ်ကောင်ကို သတ်လိုက်မိတယ်။ ဒါပေမယ့် သတ်ပြီးမှ ပုရွက်ဆိတ်အလောင်းကို ဒီအတိုင်း ပစ်မထားချင်တာနဲ့ အဲဒီပုရွက်ဆိတ်အသေကောင် ကို သတင်းစာ စက္ကူနဲ့ ကောင်းကောင်း ၊ ကျကျ နန ထုပ်ပိုးတယ်။ အထပ်ထပ်ထုပ်တယ်။ ပြီးတော့ တရုတ်သွားတိုက်ဆေးကဒ်ထူ စက္ကူဘူး ထဲကိ ပုရွက်ဆိတ် ကို ထုပ်ထားတဲ့ သတင်းစာစက္ကူလိပ်ကို သေချာထည့်ပြီး အိမ်ဘေးနား က ကုက္ကိုပင် ခြေရင်းမှာ မြေမြုပ်ပေးခဲ့ဖူးတယ်။

            တစ်ခါတစ်လေ မှာ မြို့လယ်ခေါင် ကဖေး ဆိုင်တွေ မှာ ထိုင်နေရင်း နဲ့ ကျွန်တော် ဟာ အလျင်စလိုပဲ ခြေဦးတည့်ရာကို ပြေးထွက်ခဲ့ပါတယ်။ ကျွန်တော်ဟာ ဘယ်ကိုသွားလို့ သွားရမှန်းမသိဘဲနဲ့ ခြေဦးတည့်ရာ လျှောက်သွားနေမိတယ်။ လှလှပပ နဲ့ နီနီရဲရဲ ဖူးပွင့်နေတဲ့ မေလရဲ့ စိန်ပန်းပင်တွေ ကို ငေးကြည့်ရင်း စကားတွေ ပြောချင်စိတ်ဟာ တဖျောက်ဖျောက်မြည်လို့။

            ရန်ကုန်မြို့ တိုက်ခန်းတစ်ခု အတွင်း ကို အလုပ်ကိစ္စ နဲ့ ရောက်တဲ့ အခါ ကျွန်တော်ဟာ အလုပ်အတွက် အသုံးပြုတဲ့ ကင်နွန် ကင်မရာလေး ကို ချိန်လို့ လူအများရဲ့ အပေါ်ကနေ ချိန်လို့ မြင်မြင်သမျှကို ရိုက်ကူးနေမိတော့တယ်။

            ရန်ကုန်မြို့ရဲ့ လမ်းမပေါ် ကျွန်တော် တစ်ယောက်တည်း လမ်းလျှောက် သွား နေခဲ့ပါတယ်။ ဘယ်ဆီဘယ်ဝယ် မသိပဲခြေဦးတည့်ရာ။ ကျွန်တော် တစ်ယောက်တည်း ဘတ်စ်ကား မှတ်တိုင်တွေ မှာ ထိုင်နေတယ်။ ဒါမှမဟုတ်လည်း ပန်းခြံတစ်ခုရဲ့ ရှေ့က အုတ်ထိုင်ခုံလေးပေါ်မှာ ထိုင်နေတယ်။ တစ်ခါတစ်လေတော့လည်း အဲဒီလို သာယာငြိမ်းချမ်းစွာ နဲ့ တွေးချင်ရာတွေးတော ငေးမောပြီး ထိုင်နေရာကနေ အလျင်စလိုပဲ ထထွက်သွားတော့တယ်။ ဘယ်ကိုသွားရမှန်းမသိဘဲနဲ့ပေါ့။ ကျွန်တော်တွေးတယ်။ “ငါ ဘာလို့များ အေးချမ်းပြီး ငြိမ်သက်တဲ့ နေရာက နေ ထထွက်လာမိသလဲ” ပေါ့။ ဘေးနားမှာက ဆူညံရှုပ်ထွေး တဲ့ ပတ်ဝန်းကျင်ဟာ ရော့ခ်သီချင်း ကို ဆိုလို့ရယ်။

ကျော်ညိုသွေး