ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အပြာရောင်ပန်းချီကား


အပြာရောင်ပန်းချီကား



အပြာနုရောင်တွေ ကင်းဗတ်တစ်ခုလုံးအပြည့်
သုတ်လိမ်းထားပေါ့။
အဲဒီပန်းချီကားကို "မိုးကောင်းကင်ကြီး" လို့
နာမည်ပေးထားရဲ့။
ကောင်းကင်မှာ တိမ်မရှိဘူးလားဆိုတော့
"အဲဒီနေ့မှာ ရာသီဥတု သာယာတယ်" တဲ့
"ဒါဆို နေ့ခင်း ဘက်ပေါ့" ဆိုတော့
"ဟုတ်တယ်" တဲ့။
အဲဒါနဲ့ အဲဒီပန်းချီကားဟာ
ရာသီဥတုကောင်းမွန်ကြည်လင်သာယာတဲ့
နေ့တစ်နေ့ကို ကိုယ်စားပြု တယ်ပေါ့။
အဲဒီနေ့မှာ လူတွေ အပြင်ထွက်ကြတယ်။
ချစ်သူစုံတွဲတွေ လျှောက်လည်ကြတယ်။
ကလေးငယ်တွေ ကို မိဘတွေက
ကစားကွင်းတွေဆီ လိုက်ပို့ကြတယ်။
အပန်းဖြေဥယျာဉ်တွေ မှာ
အနားယူအပန်းဖြေကြသူတွေ ရှိတယ်။
မြို့တွင်းက လူစုံရာ နေရာတွေမှာ
လူတွေ တဖွဲဖွဲလာကြတယ်။
စိမ်းစိုအုပ်ဆိုင်းတဲ့ သစ်ပင်ကြီးတွေ ရဲ့အောက်မှာ
လမ်းဘေးကဗျာသမားလေးတွေ ကဗျာတွေ တတွတ်တွတ်
ရွတ်ဆိုကြတယ်။
အဲဒီနေ့က လမ်းဘေး တောင်းရမ်းစားသောက်သူ
တချို့ ၀င်ငွေကောင်းကြတယ်။
အဲဒီနေ့က မြို့ပြလမ်းမတွေပေါ်မှာ
ဂျင်းဘောင်းဘီတွေ တစ်ယောက်နဲ့ တစ်ယောက်
လက်ချင်းယှက်လို့
အဲဒီနေ့ က ကောင်းကင်မှာ ခရီးသည်တင် လေယဉ်တွေ
ပျံသန်းသွားလို့။
အဲဒီနေ့က ဖဲကြိုးတပ် မိုးပျံဖူဖောင်းတွေ မိုးပေါ်မှာ
လွန့်လူးလို့
အဲဒီနေ့က နှစ်ရောင်ခြယ် စွန်တွေက လေထုထဲမှာ
ယိမ်းနွဲ့လို့။
ပန်းချီကားထဲမှာတော့ သူတို့တွေ အားလုံးမရှိဘူး။
အပြာရောင်ဆေးသားတွေသာ အပြည့်သုတ်လိမ်းထားတယ်။



ကျော်ညိုသွေး