ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုလွှာ - ၁



အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု  မှတ်တမ်းတင် ဂုဏ်ပြုလွှာ
(၁)

            စိမ်းလန်းစိုပြည်သော မြက်ခင်းပြင်များ ၊ သစ်ပင်ကြီးများ နေရာအနှံ့ပေါက်ရောက်လျှက်ရှိသော နေရာ ။ အမြင်အားဖြင့် စိမ်းလန်းစိုပြည်မှု များ ဖြင့် ဖုံးလွှမ်းသိုင်းခြုံထား၍ စိမ်းလန်းမှုတို့ ပြည့်ဝနေသော်လည်း ညှိုးနွမ်းခြင်းတို့ စုဝေးရာနေရာ ဖြစ်သည့် သုသာန် တစ်ခု။ ထို သုသာန် တစ်ခု အတွင်း အစိမ်းရောင် သစ်ပင်များ ၊ မြက်ခင်းများ အလယ်တွင် စုစု စုစုဖြင့် ရှိနေသည့် အုတ်ဂူဖြူဖြူများ အလယ်တွင် ရပ်နေသည့် လူသားတစ်ဦး။ အသေအချာဆိုရလျှင် အသက် ၂၄ နှစ်ခန့် မိန်းမပျို တစ်ဦး။ ထို မိန်းမပျို တစ်ဦး ရပ်နေသည့် နေရာကား ထိုသုသာန် အတွင်းရှိ အုတ်ဂူများ ဧ။် အစွန် တစ်နေရာတွင် သစ်လွင်စွာ တည်ရှိနေသည့် အုတ်ဂူ တစ်ခုအနီး။ သူ့လက်ထဲတွင်တော့ သစ်သားမှန်ဘောင်တစ်ခုဖြင့် ကွပ်ထားသည့် အရာတစ်ခု ကို ပိုက်ထွေးလျှက်။ အုတ်ဂူပေါ်မှာက အုတ်ဂူထဲတွင် လဲလျောင်းနေမည် ဖြစ်သော တစ်စုံတစ်ဦး အတွက် သတိရခြင်း လွမ်းသူ့ပန်းစည်း တစ်စည်း တင်ထားလျှက်ရှိနေတော့သည်။
မျက်ရည်။
            မျက်ရည်တို့က ပါးပြင်ပေါ် တလိမ့်လိမ့် စီးဆင်းနေကြသည့် အလျောက် လေပြေ တို့က လွလွကလေး တိုက်ခတ်သဖြင့် ပါးပြင်ပေါ်သို့ ဝေ့၀ဲလာကြသော ဆံနွယ်တို့က ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးနေသည့်အလား တိုးဝှေ့နေကြသည်။ မငိုနဲ့။ မငို နဲ့ ဟု ဆံနွယ်များက သူ့ကို ချော့မောနေတာလား။ အမိန့်ပေးနေတာလား။ ဆံနွယ်များ စကားဆိုတတ်လျှင် မည်သည့် စကားကို သူ့အား ဆိုကြမည်နည်း။ မတွေးချင်ပါ။ ဒီနေရာကို ရောက်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း အုတ်ဂူပေါ်မှ နာမ တစ်ခုကို ကြည့်ရင်း အတိတ်နေ့ရက်တွေထဲမှ ပုံရိပ်တချို့ က မျက်ဝန်းရှေ့မှာ ဇာတ်လမ်းတစ်ပုဒ်လို ဖြတ်သန်းပြေးလွှားနေကြတော့သည်။ ညနေခင်း အကျနေရောင်သည် မျက်ဝန်း တစ်ဝိုက်ကို ထိခတ်သည့်အခါ မျက်ဝန်းအနီးအနား သက်တန့်တို့ ထွန်းလင်းလျှက်။ ၀မ်းနည်း သက်တန့်ဧ။်  အရောင်က စုံလင်စွာဖြင့်။

            အဲဒီ အဖြစ်တွေ ကို အစအဆုံး ပြန်လည် မမှတ်မိနေချင် ဖြစ်နိုင်လျှင် သူ အရာအားလုံးကို မေ့ပစ်လိုက်ချင်သည်။ လက်ထဲမှ လက်ကိုင်ဖုန်းကို ဖွင့်ကာ Call Log များကို ကြည့်သည် သူ့ဖုန်းဆီ သို့ ထပ်ခါတလဲလဲ ခေါ်ထာသော Miss Call များစွာ။ မျက်စိကို စုံမှိတ်ချလိုက်တော့ မျက်ရည်များက ထပ်ဖန်တလဲလဲ စီးကာ ကျလာပြန်တော့သည်။ လေပြည်တို့လည်း အပူကို မငြှိမ်းနိုင်။ အမှားသည် ဗလာစာရွက်ထဲမှ ခဲတံခြစ်ရာတစ်ခု ဖြစ်လျှင်ကောင်းမည်ဖြစ်သည်။ သို့သော် အဖြစ်မှန်ကား ဤသို့မဟုတ်။