ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုလွှာ - ၂



အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု  မှတ်တမ်းတင် ဂုဏ်ပြုလွှာ  (၂)


ခဲသားရောင်။ အချိန်နာရီ ဟူ၍ တိကျစွာ ဖော်ပြရန်ခက်ခဲသော အချိန်ကာလတစ်ခု။ အချိန်ကာလ ကို နာရီ ဟူ၍ ကြည့်ရန် မရှိသည့်အခါ အရောင်စုံလင်လှသော ပတ်ဝန်းကျင် အခြေအနေ တို့ကို ကြည့်ခြင်းဖြင့်လည်းကောင်း ၊ ပတ်ဝန်းကျင်တွင် တည်ရှိနေသော အလင်းရောင် အနည်း အများ ကို မူတည်၍ လည်းကောင်း မည်သည့် အချိန်ဟူသည်ကို ဖော်ပြနိုင်မည်ဖြစ်သည်။ အခုတော့ အချိန်နာရီ ၊ ရာသီဥတု အခြေအနေတို့သည် မသိခြင်း နှင့် အချိန်ကာလ အပိုင်းအခြား ရပ်ဝန်းတစ်ခု။ အရာအားလုံးက ခဲသားရောင်များဖြင့် ဖုံးလွှမ်းထားသည်။ မြင်နေရသည့် မြင်ကွင်းသည်လည်း ခဲသားရောင်အတိ။ ဓါတ်ပုံ တစ်ပုံကို ခဲသားရောင်ဖြင့် ဖန်တီးထားသလို ၊ မည်သည့် အချိန်နာရီ ၊ ပတ်ဝန်းကျင် အခြေအနေ ဟူ၍ မသိ။

မြင်နေရသည့် မြင်ကွင်းသည် ဓါတ်ပုံ တစ်ပုံ နှင့်တူသည်။ ထို့အတူ ရုပ်ရှင် ပြကွက် ၊ Scene တစ်ခု နှင့်လည်း တူနေပြန်သည်။ ထိုမြင်ကွင်း ကို ကွန်ပြူတာ အထူးပြုလုပ်ချက်ဖြင့် ခဲသားရောင်များ ဖြင့် ထုံမွှမ်းထားသလို မျိုး မြင်တွေ့နေရသည်။ ၄င်း မြင်ကွင်းထဲတွင်တော့ မီးရထားလမ်းကလေး လိုလို ၊ လူသွားလမ်းကလေး လိုလို တစ်ခု အပါအ၀င်။ ထို လမ်းကလေး ဧ။် ဘေးနားတွင် တဲလိုလို ၊ အဖီ လိုလို အဆောက်အအုံတစ်ခုက နေရာယူထားနေပြန်သည်။ ၄င်း အဆောက်အအုံလေး ဧ။် ဘေး အပြင်ဘက်တွင် တော့ လူသား နှစ်ဦးက မျက်နှာချင်းဆိုင်ရပ်လျှက်။ အတိအကျ ပြောရလျှင် လူ နှစ်ဦးတွင် တစ်ဦးက ယောက်ျားလေး ၊ တစ်ဦးက မိန်းကလေး။ ယောက်ျားလေးက မြင်ကွင်းဘက် ကို မျက်နှာမူထားသော်လည်း ၊ မိန်းကလေးကတော့ ယောက်ျားလေးဧ။် ဘက်သို့ မျက်နှာမူထားလျှက် မြင်ကွင်းကို ကျောပေးကာ ရပ်နေပြီး။ မိန်းကလေး ဧ။် လက်တစ်ဘက်ထဲတွင် မှန်ဘောင် လိုလို အရာတစ်ခုကို ကိုင်စွဲထားလျှက်။

သူတို့ ဘာတွေ ပြောနေကြတာလဲ။ သူတို့ က ဘယ်သူတွေလဲ။ တစ်ယောက် နှင့် တစ်ယောက် မျက်နှာချင်း ဆိုင်လျှက် တစ်ခုခု ပြောနေသည့် ဟန်။ ထိုမြင်ကွင်း ကို မြင်နေလျှက်ကပင် စိတ်ထဲတွင် ၀မ်းနည်းသလိုလို ဘာလိုလို မရေရာ မသေချာသည့် ခံစားမှု တစ်ခုက ထင်ဟပ်လာသည်။ တစ်ခုခုပြောလိုက်သလို။ စိတ်စိတ် ချင်း ၊ ရင် ရင်ချင်း အဆက်အသွယ် တစ်ခုခု ကို ပြုလုပ်နေသလိုလို။ မျက်ဝန်းများက  ခဲသားရောင်။ ခဲသားရောင် လူနှစ်ဦး ဧ။် မျက်နှာချင်းဆိုင် ဘာသာ စကားများ အတွက် အဓိပ္ပာယ် တစ်ခု တစ်လေ သည်တော့ အသေအချာဖြင့် ရှိနေပေလိမ့်မည်။

သူတို့ နှစ်ဦးဧ။် အ၀တ်အစားများ ကို သတိမူမိရန် ခက်ခဲသည်။ အထပ်ထပ်အခါခါ ထိုမြင်ကွင်းက ပေါ်လာလိုက်ပျောက်လာလိုက်။ ယောက်ျား တစ်ဦး နှင့် မိန်းမသား တစ်ဦး ဧ။် မျက်နှာချင်းဆိုင် ဘာသာစကားများ ကို ကြားယောင်မိလေမလား နားအစွင့်သည် စွမ်းဆောင်နိုင်ဖို့ ဝေးစွ။ တဖြည်းဖြည်းဝေးလို့သွားသလို။

ဘယ်ခေတ်လဲ ဘယ်အခါလဲ။ ဒီခဲသားရောင်တွေ ကြားထဲက မြင်ကွင်းဟာ။ ဒီလို ခဲသားမြင်ကွင်း တစ်ခု ရဲ့ အလယ်မှာ မတ်တပ်ရပ်လျှက် မျက်နှာချင်းဆိုင် တွေတွေ ငေးနေကြတဲ့ သူနှစ်ယောက်ဟာ ဘယ်လို အရပ်ကနေ ဒီမှာလာရောက်ဆုံတွေ့ကြသလဲ။ အဲဒီလို အဖြစ်ဟာ အခုလား။ အရင်ကလား။ ဘယ်ခေတ်အခြေအနေတွေလဲ။

ဟော.. ပြောသံတွေကြားသလိုလို။ စကားတွေကို တိုးတိုး နဲ့ မှန်မှန်ပြောနေတယ်။ နှစ်ကိုယ်တည်းကြားရုံစကားများ။ တည်ငြိမ်သော မျက်ဝန်းများ နဲ့ အတူ ရေရွတ်ပြောဆိုနေသောစကားများ။ ထိုစကားများက မတ်တပ်ရပ်နေတဲ့ ယောက်ျား ရဲ့စကားတွေ။ အဓိပ္ပာယ်တွေ သိသလိုလိုနဲ့ နားစိုက်ထောင်မိတော့ ဝေးဝေးသွား။ သူ့ရှေ့က မိန်းမပျို ကလေးက အဲဒီစကားတွေ ကို တွေတွေ လေး ငေးရင်း ဆွေးဆွေးမြည့်မြည့်နားထောင်နေသတဲ့။ မိန်းမပျိုရဲ့ မျက်ဝန်း နဲ့ မျက်နှာပုံစံကို မြင်တွေ့နေရပြီလား။ ဟင့်အင်း။ မဟုတ်ဘူး။ မမြင်ရဘူး။ မျက်ဝန်းတွေကတော့ ရီဝေလို့တဲ့။ ဘယ်လိုများပါလိမ့်။




            မျက်လုံး နှစ်လုံးကို အသာအယာဖွင့်ကြည့်လိုက်တော့ ညအမှောင်က တဖြည်းဖြည်းလျော့ကျနေ သည့် မနက်ခင်းပိုင်းသို့ ရောက်တော့မည့် အလားအလာရှိနေသည်။ ပက်လက်အနေအထားဖြင့် အိပ်စက်နေခဲ့တာကြောင့် သူ့ လည်ကုပ်မှ ညောင်းညာသည့် ဝေဒနာကို ခံစားနေရသည်။ သူ အိပ်ရေးဝနေသလို ခံစားနေရသည်။ ဟုတ်သည်။ ညက အားဆေးတစ်လုံး သောက်ပြီး အိပ်ခဲ့သောကြောင့် အိပ်ရတာ အနှောက်အယှက်ကင်းကင်းဖြစ်ခဲ့သည်။ ပြတင်းပေါက်မှ အလင်းစ တစ်ချို့ က သူ့ အိပ်ခန်း ထဲကို ၀င်ရောက် နေသော်လည်း မနက်ခင်း အစောပိုင်းကာလ အလင်းရောင်ဖြစ်သော ကြောင့် သိပ်တော့ မသဲကွဲသေး။ သူ ည က ပြတင်းပေါက် မပိတ်ဘဲ အိပ်ခဲ့ခြင်း ဖြစ်သည်။ ညတုန်းက အနည်းငယ် ပူအိုက်သလို ရှိသော်လည်း အခုတော့ မနက်ခင်းပိုင်းမို့ အေးစိမ့်သလို ရှိလာသည်။ ပြန် အိပ်ချင် အိပ်လို့ ရသည့် အခြေအနေမျိုး ဟု ဆိုနိုင်သော်လည်း သူ အိပ်ဖို့ အတွက် မကြိုးစားတော့။ ဘေးနားမှာ အသင့်ထားသည့် ခေါက်လျှက်ရှိနေသည့် စောင် ကို ဆွဲယူကာ ရင်ဘတ်ပေါ်တင် လိုက်တော့ အနည်းငယ် နွေးထွေးသွားသလို ခံစားရသည်။

            သူ့စိတ်ထဲ ငြိမ်သက်နေသည်။ ရာသီဥတု အခြေအနေ ၊ သူအိပ်လျှက်နေတာကနေ နိုးထလာသည့် အခြေအနေ စသည်ဖြင့် အားလုံးကို အစီအစဉ်တကျ သိနေတာတောင်မှပင် သူနိုးထလာသည့် ပက်လက်အနေအထားကနေ စောင်ကိုယူခြုံလိုက်သည်မှ အပ မလှုပ်မယှက်နေ နေသေးသည်။ ဖွင့်ထားသည့် မျက်လုံးကို အသာအယာ မှိတ်ကာ အိပ်မက် ထဲတွင် မြင်တွေ့လိုက်ရသည်တို့ကို ပြန်လည် ပုံဖော်နေမိသည်။ ဒီလိုမျိုး အိပ်မက်မျိုးကို တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှ မမက်ဖူးခဲ့။ ထူးလည်း ထူးဆန်းသည်။ အဓိပ္ပာယ်လည်း မဖော်တတ်။ အိပ်မက်သည် အိပ်မက်သာ ဖြစ်သည် ဟု ဆိုသော်လည်း သူမြင်ခဲ့ရသည့် အိပ်မက်က အရောင် နဲ့ အိပ်မက် အိပ်မက်ထဲမှာ အိပ်မက်မြင်ကွင်းတွေ အကုန်လုံးက ခဲသားရောင်။ ခဲသားရောင်အိပ်မက်ဟု အမည်တပ်လျှင် ရနိုင်သည်။ 

သူ နှင့် အတူ ကောင်မလေး တစ်ယောက်က မီးရထားသံလမ်းလိုလို ၊ လူသွားလမ်းလိုလို နေရာရဲ့ ဘေးက တဲလိုလိုလို ၊ ဆိုင်ခန်းလိုလို နေရာရဲ့ ဘေးနားမှာ မတ်တပ်ရပ်လို့ ရီဝေနေတယ် လို့ ထင်ရတဲ့ အနေအထားတစ်ခု ၊ တစ်ယောက် ကို တစ်ယောက် မတ်တပ်ရပ်လို့ မျက်နှာချင်းဆိုင်အငေး။ သူ့ အပြောတွေ ကို ကောင်မလေးက နားထောင်လို့ တဖြည်းဖြည်း ဆွေးလာသလိုလို ။ လွမ်းဆွတ်ဖွယ်အနေအထား။ အားလုံးကို ၀ိုးတ၀ါးပဲမြင်နေရတာတွေ ၊ မြင်ကွင်းနဲ့ သူတို့ လူနှစ်ယောက်လုံးကို ကိုယ်စားပြုထားတဲ့ အရောင်က ခဲသားရောင်တွေ။ သူ မျက်လုံးကို စုံဖွင့်လိုက်တော့ ခြင်ထောင်အမိုးဖြူဖြူ တွေ ကို မြင်ရသည်။ သူ မထနိုင်သေးဘဲ အိပ်မက် အကြောင်း ကို စဉ်းစားနေတာ အတော်ကြာသွားတယ်ထင်တယ်။ အပြင်ဘက် မှာက အလင်းရောင် နည်းနည်း များလာပြီလေ။ သူ ခြင်ထောင်ထဲမှာ ထထိုင်လိုက်ပြီး ခြင်ထောင် အနားကို မကာ ဘေးနားက ကွန်ပြူတာ ခုံပေါ်မှာ ထားတဲ့ ဗလာစာအုပ်နဲ့ ဘောပင် ကိုလက်လှမ်းလိုက်တယ်။ အနီးအနားက LED မီးတိုင်ကို ခလုတ်နှိပ်လိုက်တော့ သူ့ အခန်းထဲ လင်းချင်းသွားတော့တယ်။

ခြင်ထောင် အပြင်ဘက်ရောက်နေပြီး ကုတင်ပေါ်ကနေ ခြေတွဲလောင်းချလျှက် အနေအထားနဲ့ နံရံကို ငေးကြည့်နေမိတယ်။ စိတ်ထဲမှာ တစ်ခုခု လိုအပ်လာသလိုလို ၊ တစ်ခုခုပဲ ရင်ဖွင့်ချင်လာသလိုလို။ မနက်ခင်းပေါင်းများစွာ အိပ်ရာကနေ စောစော နိုးလာတာ ကြုံဖူးပေမယ့် အခုတော့ မတူခြားနားတဲ့ အနေအထား တစ်ခု။

အဲဒီမှာ ပန်းပွင့်တွေ ရှိသလား

ဘာသာစကား တစ်ခု ကို သင်ကြားတတ်မြောက်ရမယ်ဆိုရင်
အဲဒီဘာသာစကားကို သင်ကြားတတ်မြောက်ချင်ရဲ့
ဘယ်သူမှ မပြောကြားဖူးသေးတဲ့ ဘာသာစကား တစ်ခုကိုလှမ်းတွေ့တယ်။
အဲဒီဘာသာစကားကို ငါနားလည်တယ်။
အခုတော့ ငါ့မှာ
ဘုရားသခင်ပေးတဲ့ ပန်းသီး ကို မြင်ရရဲ့နဲ့
လက်လှမ်းဖို့ ခက်သလိုမျိုး
ဆင်တွေဟာ အစွယ်ကို ပြန်မသိမ်းနိုင်ကြသလို
ငါဟာ ငေါထွက်နေတဲ့ ဆန္ဒတွေ ကို မွေးမြူထားခဲ့ရ
တိမ်တိုက်တွေ ဆီ ငါ စာပို့တော့
ငါ့အလွမ်းတွေ ကို အသိအမှတ်ပြု မိုးတွေ လည်း သွန်းခဲ့
နောက်ဆုံး ငါ လက်ပြနေတာတောင်မှ
လှည့်မကြည့်သွားခဲ့တဲ့ မီးရထားတစ်စင်း ကို
ငါ ငေးကြည့်ပြီး
ငါကိုယ်တိုင် သံလမ်း အဖြစ်နဲ့
အဲဒီ မီးရထား နောက် ကို လိုက်သွား
ငါ့ တစ်ဘ၀လုံး ရှာတာတောင်မှ
နောက်ဆုံး မီးရထားလေး ကို ငါ ပြန်ရှာမတွေ့ဘူး။
ငါ့ကျောပေါ်မှာတော့ တစ်ယောက်က တစ်ယောက်ကို ပျောက်လို့
စီးနင်းခံ ရထားတွေ တစ်စီးပြီး တစ်စီး ဖြတ်သန်းမောင်းနှင်သွားကြတာပဲ။
ဇလီဖားတုံးတွေ နားကြားတတ်ရင် ကောင်းမယ်။
သူတို့လည်း ငါ့ကို ဘယ်သံသရာအထိ ထမ်းပိုးထားကြမှာလဲ။
အိပ်ပျော်နေတဲ့ ဇလီဖားတုံးတွေ အတွက်
ငါ့သီချင်းကို အဲဒီဘာသာစကား နဲ့မှ ဆိုမယ်။

ကျော်နရီဇော်

အိပ်မက် မက်တဲ့ မနက်ခင်း ကို ၀တ်ဆင်ပေးလိုက်တာကတော့ အဲဒီကဗျာတစ်ပုဒ်ပဲ။ ကျော်ကျော် တစ်ယောက်တည်း ရေးလက်စ ကဗျာစာရွက်ကို ဗလာစာအုပ်ထဲကနေ ဆွဲဖြုတ်လိုက်ပြီး လေးထောင့်ကျကျ ခေါက်လို့ လက်ပ်တော့ပ် ကွန်ပြူတာ ထောင့်စွန်းကိုမ လို့ ဖိထားလိုက်တော့တယ်။

မနက်ခင်းက မိုးစင်စင်လင်းနေခဲ့ပြီ။ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ နေရောင်စစ ကို လှမ်းမြင်ရတယ်။ နည်းနည်း သက်ဝင်နိုးကြားလာတဲ့ မနက်ခင်း ကို ပြတင်းပေါက်ကနေ ကျော်ကြည့်လိုက်တော့ အရောင်စုံ။ တော်ပါသေးရဲ့လို့ ရေရွတ်မိမလိုလို ကြောင့် ကျော်ကျော် ကိုယ့်ကိုယ်ကို ပြုံးမိသေးတယ်။