ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုလွှာ (၄)



အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုလွှာ (၄)


            ကျော်နရီဇော့် အနေနဲ့ တီဗွီကြော်ငြာ တစ်ခု ကို မှတ်မှတ်ရှိနေဖြစ်တယ်။ အဲဒီ ကြော်ငြာက သရုပ်ဆောင်မင်းသားကြီး စိုးသူ ကြော်ငြာတဲ့ ကော်ဖီ ကြော်ငြာ တစ်ခုပေါ့။

“ဘ၀မှာ အမှတ်တရ အဖြစ်အပျက်တွေ ဟာ မေ့ပျောက်ဖြစ်နိုင်ပေမယ့် ခံစားမှု တစ်ခု အနေနဲ့ ဆိုရင်တော့ အမြဲတမ်း တမ်း အမှတ်တရ ဖြစ်နိုင်မယ်” လို့ ဆိုလို တဲ့ စကားပြောနဲ့ ကြော်ငြာတစ်ခု ပေါ့လေ။

အမှတ်တမဲ့ ကြည့်မိတဲ့ ကြော်ငြာ တစ်ခုဖြစ်ပေမယ့်လည်း အခါခါ စိတ်ထဲမှာ ပြန်ကြားနေမိတယ်။

လူတိုင်းရဲ့ အသိဥာဏ်ထဲမှာ စွဲထင်ကပ်ကျန်နေခဲ့ တဲ့ အမှတ်တရ အဖြစ်အပျက်တွေ ၊ အမည်နာမ တွေ ၊ ပုံရိပ်တွေ ၊ မျှော်လင့်ချက်အရောင်တွေ ဆိုတာ ရှိစမြဲပဲ။ တချို့ ပုံရိပ်တွေ ၊ အမည်နာမ တွေ က မှတ်ဥာဏ်ထဲမှာ ခဏတာ ၀င်ရောက်ပုန်းခိုလို့ အချိန်တန်တော့လည်း ဒါတွေ ဟာ ဘာမှ မဟုတ်တဲ့ ဝေးလွင့်သွားခဲ့တာ မီးခိုးငွေ့တွေ ၊ တိမ်တွေလို။

            ဇာတ်ညွှန်းရေးဖွဲ့သူတစ်ဦး အနေနဲ့ ဘ၀မှာ အပြောင်မြောက်ဆုံး ဇာတ်ညွှန်းတစ်ခု ၊ ဇာတ်လမ်းတစ်ခုတော့ ရှိမယ်။ ဒါပေမယ့် အဲဒါဟာ ဘေးက ပရိတ်သတ် က ပြုတဲ့ မှတ်ချက် တစ်ခုသာပဲဖြစ်တယ်။ ဒါပေမယ့် ဘ၀မှာ ပထမဆုံး ရေးဖွဲ့ဖူးတဲ့ ၊ မပြောင်မြောက်သေးတဲ့ ဇာတ်ညွန်းလေး တစ်ခု ကတော့ ဘ၀မှာ မမေ့နိုင်စရာ အကောင်းဆုံး မှတ်ဥာဏ်ထဲက အစိတ်အပိုင်း လေး တစ်ခုပဲမဟုတ်လား။ ဘ၀မှာ မေ့ပစ်ဖို့ မရှိအောင် မှတ်ဥာဏ်ထဲမှာ အမြဲတမ်း ထင်ဟပ်ကျန်ရစ်နေခဲ့မယ့် အရာတွေထဲမှာ ကဗျာစာသား တွေ ၊ ဆိုရိုးစကားတွေ ၊ ဖုန်းနံပါတ်တွေ ၊ သောက်ခဲ့ဖူးတဲ့ ကော်ဖီတွေ ဆိုတာ မေ့ပျောက်သွားနိုင်တာပေါ့။ ဒါပေမယ့်လည်း ခံစားမှု နဲ့ အတူ ထပ်တူကျဖူးတဲ့ အဲဒီအရာတွေ ကတော့ ဘ၀ထဲ မေ့ပျောက် ဖျောက်ဖျက်ပစ်လို့ ရနိုင်မယ် မထင်ဘူးလေ။


            မိုဘိုင်းဖုန်း ထဲ က Contact List ထဲ ကို ဖုန်းနံပါတ် တစ်ခုကို ထည့်သွင်းလိုက်တယ်။ ဒါဟာ သာမာန် အလုပ်ကိစ္စ ကြောင့် ရလာတဲ့ ဖုန်းနံပါတ် တစ်ခုတော့ မဟုတ်ဘူး။ Contact Name မှာ “သီရိ” လို့ ရိုက်ထည့်လိုက်တဲ့ အခါ နှလုံးသားတစ်ခုလုံး ခပ်မျှင်းမျှင်း ဓါတ်အား ကလေးတွေ စီးဆင်းသွားသလို ခံစားရတဲ့ အဖြစ်မျိုး။

Facebook ထဲက စိတ်ကြိုက်ဖြစ်တဲ့ Photo တစ်ခု ကို ဖုန်း contact pic အဖြစ်ထည့်လိုက်တဲ့ အခါ စိတ်ကြိုက် မှတ်သားထားတဲ့ Phone Contact တစ်ခုကို ပြီးပြည့်စုံစွာ မြင်နေရတော့တယ်။ နာမည် ရယ် ၊ ဖုန်းနံပါတ် ရယ် ၊ Profile Picture ရယ် ပြည်စုံနေတဲ့ ပေါ် ကြည်နူးစိတ်တစ်ဝက် တည်းနဲ့ ကြည့်နေမိတာ အချိန်လည်း ကြာခဲ့ပေါ့။

Viber ကို ဖွင့်လိုက်တဲ့ အခါမှာတော့ အဲဒီ ဖုန်းနံပါတ် ပိုင်ရှင်လေး ဟာ Viber Contacts List ထဲမှာ ခန့်ထည်စွာပေါ်လို့။ အဲဒီ Contact List ထဲက သီရိ လို့ ပေါ်နေတဲ့ နာမည် ကို ထောက်လိုက်တော့ ပေါ်လာတဲ့ Chat Tray လေးဟာ အသစ်စက်စက်ရယ်။

ဗေဒါရောင် တွေ လွမ်းတဲ့ လမ်းမှာ အခုတော့ ပန်းကလေး တစ်ပွင့် ပွင့်နေပေါ့လေ။ “ချစ်တယ်” ဆိုတဲ့ စကားလုံးကလေးဟာ ပန်းကလေး တစ်ပွင့်ဆိုရင် ဗေဒါရောင်လမ်းကလေး ပေါ်မှာ ရောက်လာမယ့် သူတစ်ဦး တစ်ယောက် အတွက် ဖြစ်မှာပါပဲ။

အဲဒီ ချစ်တယ် ဆိုတဲ့ စကားလုံး ဟာ ရည်ရွယ်သူ တစ်ဦး တစ်ယောက်ရဲ့ အိပ်မက်ထဲ အထိ ရောက်သွားနိုင်မလား။ Offline Message ကလေး တစ်ကြောင်းဟာ မတုန်မလှုပ် ငြိမ်သက်စွာ။ နှလုံးသား မှာ အမြစ်တည်တဲ့ ပန်းတစ်ပွင့်ဟာ လက်ချောင်းထိပ်ကနေ ထိုးထွက်စီးဆင်းလို့ Viber လို့ ခေါ်တဲ့ ခေတ်သစ်စာပို့ခို ရဲ့ အရေပြားပေါ်မှာ လှပစွာ ပွင့်လန်း နေတော့တယ်။ Viber ဟာ ချစ်သူတွေ အတွက် ဗေဒါရောင် ကြည်နူးလမ်းကြားလေး။

မြတ်နိုးစိတ် နဲ့ မိုဘိုင်းဖုန်း Touchscreen ပေါ်က Facebook icon လေးကို ထိလို့ဖွင့်လိုက်တယ် ဆိုရင်ပဲ Current Profile ဟာ Thiri Nway ဆိုတဲ့ နာမ ကလေး တစ်ခု ကို ကိုယ်စားပြုနေလေရဲ့။

ရာမမင်းသား ကိုင်ဆောင်တဲ့ လေးကိုင်းရဲ့ သဏ္ဍန် နှုတ်ခမ်းကွေးလေး ထဲကနေ မြှားအစင်းပေါင်း ထောင်သောင်းမက ကျော်နရီဇော့် ရင်ကို လာရောက်စူးစိုက်နေတော့တယ်။

“ချစ်တယ် သီရိ” နှလုံးသားရေရွတ်သံက နှုတ်ခမ်းဖျားကနေ တစ်ကိုယ်စာကြားနိုင်မယ့် စကားသံအဖြစ်ထွက်ကျတယ်။ Album တစ်ခုလုံးကို Like လုပ်ပြီးတာတောင်မှ နောက်ထပ် Like စရာ သူ့ပုံတွေကို ရှာဖွေနေတုန်း။ ဒါဟာ ဖြစ်သင့်သလား။ ဖြစ်သင့်ပါတယ်။ ကိုယ့်သဘာသာ မေးခွန်းမေး။ ကိုယ့်ဘာသာ အဖြေပေးရင်း ကျေနပ်နေမိတယ်။

နယ်က အဖေ နဲ့ အမေ ရဲ့ အိမ်ကိုလွမ်းတဲ့ စိတ်တွေ တစ်ခါ တစ်လေ ဖြစ်မိတယ်။ Home Sweet Home ဘ၀ ကို လိုချင်တယ်။ အဖေ အမေ တွေ နဲ့ နယ်မှာ နေစဉ်တုန်းက ရှိခဲ့တဲ့ Home Sweet Home ဘ၀ က ဟိုစဉ်အခါမှာ…။ အခုတော့ ကိုယ် ကိုယ်တိုင် တည်ဆောက်ချင်တဲ့ Home Sweet Home ဘ၀ ကလေး ကို မျှော်လင့်ချက် ရောင်ခြည်သမ်းစေတဲ့ ပုံရိပ်ကလေး ရဲ့ နာမည်က “သီရိနွေး” တဲ့။ ကြည်နူးပွင့်ကလေးတွေ က ညကောင်းကင်မှာ ညီညီညာညာဝေ နေတော့တယ်။


            အဲဒီညတုန်းက အူမြူးတဲ့ ည လုပ်လက်စ ဂရပ်ဖစ်ဒီဇိုင်း တစ်ခု ကိုဆွဲပြီးတော့ ကျော်နရီဇော် တစ်ယောက် အွန်လိုင်းတက်လာတာနဲ့ တွေ့ချင်တဲ့သူက တန်းခနဲ။ Facebook Name - လူကြီး ဆိုတဲ့ ဒီဘဲ ကို ရှာနေတာ ကြာပြီ။ ဘယ်ပျောက်နေတုန်းမသိဘူး။ အခုမှ အွန်လိုင်း ပေါ်တက်လာတာနဲ့ ကျော်နရီဇော် ကပင် သူ့ကို ဖမ်းပြီး Hi လိုက်သည်။

ကျော်နရီဇော် - “ဘယ်လိုလဲဗျ ပျောက်လှချည်လား”
လူကြီး - “ဟုတ်တယ် ဗျာ ကျနော် ခရီးထွက်နေတာ တော်တော်ကြာတယ် အခုမှပဲ ပြန်ရောက်တာလေ။”
ကျော်နရီဇော် - “သြော… ဒါနဲ့ ခင်ဗျား ကို အကူအညီတောင်းစရာရှိလို့”
လူကြီး - “ဟုတ်လား ဘာများတုန်း”
ကျော်နရီဇော် - “ဒီလိုဗျာ ကျုပ် ကြွေနေတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်ဗျာ။ အဲဒါ သူ့ နဲ့ အဆင်ပြေဖို့ အတွက် ခင်ဗျားမှာတာဝန်ရှိတယ်လို့ မထင်ဘူးလား :D”
လူကြီး - “အွန်..ဘာလို့တုန်း။ ဘာဆိုင်လို့ တာဝန်ရှိရမှာတုန်း”
ကျော်နရီဇော် - “ရှိတာပေါ့ဗျ။ အဲဒီကောင်မလေး က ခင်ဗျား နေတဲ့ မြို့ကလေ။”
လူကြီး - “ဟုတ်လား။ ကျနော် သိတဲ့ လူလား”
ကျော်နရီဇော် - “ဟုတ်တာပေါ့ဗျ….”
လူကြီး - “ကျနော့် Account ထဲမှာတော့ မြစ်ကြီးနား က ဆိုရင် ကျနော်သိတာ တစ်ယောက်ပဲ ရှိတယ်။”
ကျော်နရီဇော် - “ ဟုတ်တယ်.ဟုတ်တယ်. ခင်ဗျား သိတဲ့ တစ်ယောက်ပဲဗျ”
လူကြီး - “ဟာဗျာ..ခင်ဗျားကလည်း လူတွေ မှားကုန်ပါမယ်ဗျ”
ကျော်နရီဇော် - “မမှားပါဘူးဗျာ…သူပါပဲ”
လူကြီး - “ခင်ဗျားကတော့ လုပ်ပြီ”

အမှန်ကတော့ လူကြီးကို ဖုန်းနံပါတ်တောင်းမလို့ပဲ။ စ လို့ ကောင်းတာနဲ့ စနေတာ အတော် ကြာသွားတယ်။ အဲဒီနေ့ညက သူလည်းပဲ အွန်လိုင်းတက်ပြီး ယောင်တောင်ပေါင်တောင်ဖြစ်နေတယ်တူပါရဲ့။ ကျော်နရီဇော် ပြောသမျှ ကို အပြန် အလှန် ပြောနေတော့တယ်။ အခါတိုငိးု ကျော်နရီဇော်လည်း မေးတစ်ခွန်း ၊ ပြောတစ်ခွန်း သူလည်း အတူတူပါပဲ။ အခုတော့ စကားကြောက တော်တော်ကို ရှည်နေခဲ့တာလေ။

လူကြီး - “ဘယ်သူလဲ.. သီရိနွေး ကို ပြောတာလား”
ကျော်နရီဇော် - “ဟုတ်တာပေါ့ဗျာ။ ခင်ဗျားနဲ့ ခင်လားဟင်”
လူကြီး - “ခင်တာပေါ့ဗျ။ ကျုပ်တူမ ပဲဟာ ကို”

ကျော်နရီဇော် ထိတ်ခနဲ ဖြစ်သွားပေမယ့် အတည်ပေါက်နဲ့ပဲ..

ကျော်နရီဇော် - “ဟာ ဒါဆို ခင်ဗျားမှာ တာဝန် အပြည့်အ၀ရှိတာပေါ့ :D”
လူကြီး - “ဟားဟား…”
ကျော်နရီဇော် - “တကယ် ခင်ဗျား တူမ အရင်းလား”
လူကြီး - “စတာပါဗျာ။ တူမ အရင်းလို ရင်းနှီးတယ်ပြောတာ။ ကျနော့် သူငယ်ချင်း ရဲ့ တူမပါ။ သူတို့ အိမ်နဲ့ က စားအိမ်သောက်အိမ်လိုပဲ။ ခင်ဗျား ဖုန်းနံပါတ်ယူမလား”
ကျော်နရီဇော်  - “ဟုတ်။ ကောင်းတာပေါ့ဗျာ”

အွန်လိုင်းပေါ်တက်လာပြီး လူကြီး ဆိုတဲ့ လူနဲ့ တွေ့ဖြစ်တာ တော်တော်လေး တာသွားတယ်လို့ ဆိုရမယ်။ အရိပ်တကြည့်ကြည့် ဖြစ်နေတဲ့ လမင်းလေး ဆီကို Message လှမ်းပို့လို့ရတော့မယ့် အဖြစ်လေ။ ဘယ်လောက်တောင် အူမြူးနေမလဲ။ ရင်ထဲမှာ ပျားရည်ပုလင်းတွေ က မှောက်ကျလို့ မှောက်ကျ နဲ့ တစ်ညလုံး အိပ်မရတာက ရည်းစကားစကားထဲ ပျော်ဝင်သွားခဲ့တာပေါ့။



သီရိ ရဲ့ ညလယ် တစ်ရေးနိုးမှု တွေကတော့ ပုံမှန်လို့ ဖြစ်လို့နေပါပြီလေ။ နေ့ခင်းပိုင်း အိမ်အလုပ်တွေ နဲ့ ပင်ပန်းတာကြောင့် ညဘက် ကိုးနာရီလောက် ဆိုတာ နဲ့ အိပ်ရာဝင်ဖြစ်တာက သန်းခေါင်ကျော် လောက်မှာ ပြန်နိုးလာတတ်တယ်။ အဲဒီ အချိန်မျိုးမှာတော့ ဖုန်း ကို အင်တာနက် ဖွင့်ပြီး ဟိုဟိုဒီဒီ လျှောက် ဖတ်ရင်း နဲ့ တစ်ရေးနိုးည ကို ပြန်လည် အိပ်စက်ဖို့ အတွက် ကြံစည်ကြိုးစားရတာပေါ့။

“တုံ” ဆိုတဲ့ မြည်သံ အနောက်မှာ ဖုန်း screen အလယ်နားမှာ ပေါ်လာတဲ့ Message Box ကလေး ထဲမှာ ထင်မထားတဲ့ စာလုံးလေးတွေ ကို အစီအရီတွေ့လိုက်ရပေါ့။

“ချစ်တယ် သီရိ”

“ဟောတော် ဘယ်သူတုန်း” မသိလိုက်ခင်မှာပဲ လက်ကအလိုလို Viber Message ကို ပြန်မိပြီးသား ဖြစ်နေခဲ့ပြီ။ ဒါပေမယ့်လည်း တစ်ဘက်မှ ဘာမှ အကြောင်းပြန်မလာ Offline ဖြစ်နေတာသေချာနေပြီလေ။ အတွေးထဲမှာ လှိုင်းသဲ့သဲ့ ဖြစ်ထွန်းနေပေါ့။ ကိုယ့်ကို ချစ်တယ်တဲ့လား။ ကိုယ့် နာမည်ကို အတိအကျခေါ်ပြီး ကိုယ့် ဖုန်းနံပါတ် ရှိရာ Viber ကို အသာအယာ ပစ်လွှတ်လိုက်တဲ့ မြှားတစ်စင်းပါလား။ အတွေးက အိပ်စက်ခြင်းထဲ ကျွံဝင်သွားတော့တယ်။



စာဖတ်နေရင်း နည်းနည်း ညီးစီစီ ဖြစ်လာတာကြောင့် စာအုပ်ကို ပိတ်ပြီး ခဏနားနေရာက ဖုန်းကို လှမ်းယူပြီး အင်တာနက် ကို ဖွင့်လိုက်တယ် ဆိုတာနဲ့ Viber ကနေ ဖုန်း screen အလယ်မှာ ပေါ်လာတဲ့ message ကြောင့် သီရိ ခေါင်းအုံး ကို ခါးမှာ ခုရင်း အိပ်ခန်းကုတင် ကို မှီပြီး ထိုင်လိုက်တယ်။

Viber ကို သေချာဖွင့်လိုက်တော့ မနေ့က သူပြန် ခဲ့တဲ့ စာသားတွေ ကို ပြန်တွေ့ရတယ်။

“သီရိ ကို ချစ်တယ်ဆိုတဲ့ အတွက် ကျေးဇူးတင်ရပါတယ်။ ကိုယ် မဟုတ်တဲ့ တခြားလူတစ်ယောက်က မေတ္တာထားတာ ကို သိတော့ ၀မ်းသာပါတယ်လေ။ တကယ်တော့ သီရိ ရဲ့ ဘ၀က သုညပါ။ အဲဒါထက် သီရိ က မိဘ မဲ့ တစ်ယောက်ပါ။ တစ်ကိုယ်တည်း ဘ၀ကို ရှင်သန်နေရတာ။”

ကိုယ်ရေးထားတာ ကို ကိုယ်ပြန်ဖတ် ကြည့်တော့ လည်း အရယ်ရသား။ ဘာရယ်မဟုတ် စိတ်ထဲရှိရာ လျှောက်ရေးတာ အမှန်တွေ ပါသလို အမှားတွေလည်း ပါရဲ့။

အောက်က သူ့ရဲ့ ပြန်တဲ့ စာကြောင်းကတော့ တစ်ကြောင်းတည်း။

လူတိုင်းကတော့ တစ်ချိန်ချိန်မှာ မိဘမဲ့တွေ ဖြစ်သွားကြတာပါပဲလေ။ ကိုယ်ချစ်တဲ့ မိန်းကလေး ကို ကျိုးကျိုးကန်းကန်း ချစ်နိုင်ဖို့ ကိုယ်တွေးတယ်” တဲ့လေ။

သီရိပြုံးမိပါရဲ့။ တစ်ဆက်တည်း ဖုန်းထဲက facebook notification တွေ တက်လာလိုက်တာ တရွှီရွှီနဲ့ပဲ။ Noti တွေ ကို ကြည့်မိတော့ ပိုတောင် ပြုံးမိသေးတယ်။ ကိုယ်လို ရွက်ကြမ်းရေကျို မိန်းကလေး တစ်ယောက်ကိုများ ဘာတွေများ သဘောတွေ ကျပြီး Like တွေ အများကြီး ပေးနေပါလိမ့်ကွယ်။


            ရာသီ ဥတုက ကြည်လင်သာယာနေတော့တယ်။ အိမ်အပြင်ဘက်က ဗာဓံပင်အောက်မှာ ထီးတည်း ရှိနေတဲ့ ထိုင်ခုံတန်းလျားလေး ပေါ်မှာတော့ ကျော်နရီဇော်။ လက်ထဲက ဖုန်း ကို ငုံ့ငေးကြည့်နေရင်း နဲ့ Viber Chat Box  ထဲက သီရိ နဲ့ အပြန်အလှန် Chat list တွေ ကို ဟိုး ထိပ်ဆုံးကနေ စလို့ အပြန်ပြန် အလှန်လှန် ဖတ်နေမိတယ်။ စိတ်ကူးယဉ်အိပ်မက်တွေ ထဲက လမင်းလေး က ကျော်နရီဇော့် တစ်ကိုယ်စာ ကောင်းကင်မှာ သီးသန့် လင်းချင်းလှပလို့။

ပြန်တွေး ကြည့်မိတော့ အဲဒီနေ့က ကျော်ကျော် နဲ့ သီရိ Viber ကနေ စကားတွေ အများကြီး ပြောဖြစ်တယ်။

သီရိ ဆီက နေ Viber ပြန်စာ ရပြီး ကျော်နရီဇော် ပြန်ပို့ လိုက်တဲ့ Message ကို သီရိ ဖတ်ပြီး တဲ့ နောက်မှာ အပြန်အလှန် Chat list တွေ မနည်းမနော ရှည်လျားခဲ့တယ်။

တစ်ရက် ကျော်နရီဇော် အိပ်ရာဝင်မှပဲ အိပ်ရာထဲကနေ သီရိ ကို သတိတရ နဲ့ ခံစားမှု တစ်ခုခုကို facebook ပေါ်တင်ချင်တဲ့ စိတ်တွေ ဖြစ်တာ ကြောင့် status ရေးနေတုန်း မထင်မှတ်ပဲနဲ့ အဲဒီ status ရှည်လျားသွားတာ နဲ့ ကြုံတယ်။ ဒါကလည်း ကောင်းတယ်လို့ ဆိုရမလားပဲ။ ကဗျာဆိုတာ စက်က ထွက်တဲ့ ထုတ်ကုန်လည်းမဟုတ်ဘူးဆိုတာ အသေအချာပါပဲ။

ဗန်းမော် အိုး

မျောက်တစ်ကောင်လို
အချစ်မှာ လွတ်နေတဲ့ သစ်ကိုင်းနဲ့
သက္ကရာဇ်များ။

အခုတော့...
ယုန်ကလေးနဲ့တူတဲ့ ကိုယ့် အချစ်အတွက်
စိုက်ပျိုးခဲ့ ကိုယ့်အကြင်နာ ဥနီနီများ။

သားပိုက်ကောင်လို
ချစ်သူကိုထွေးပွေ့ခွင့်ဟာ
ဘူးသီးနုနု ကို ငေးနေတဲ့ နာရီများ


ပခုံးပေါ် ဥသြတွေလာနားတော့
လွန်ခဲ့တဲ့နွေတွေဟာ ပီပြင်ခဲ့။
ဥသြတွေ ပျံသန်းသွားရာ
တောင်ပံခတ်သံ ပြင်းတော့
သစ်ရွက်တွေ ကြွေဆင်းကျလာကြပေါ့။

မင်းသာ ပင်ဂွင်းတစ်ကောင်ဆိုရင်
အလွမ်းသီချင်းတွေကို
အေးခဲပစ်လိုက်ချင်ရဲ့။

နွေစန္ဒရား ခလုတ်တွေပေါ်
မင့် ရုံးပတီသီးလက်တွေနဲ့
စမ်းရေကျသံ ဂီတနုတ်တွေ ကို
တီးခတ်ပါ။

လောလောလတ်လတ် ဆိုတဲ့သီချင်းဟာ
ငါ့ဘဝရေချမ်းအိုးကလေး တဲ့။

ငတ်မွတ်စိတ်နဲ့ ...
မင့်နှလုံးသွေးကို
အိုးလေးထဲက ခပ်သောက်မယ်။
အနည်တွေနဲ့ မနှောက်ပါနဲ့
ကြည်ပါကွယ်။



တစ်ယောက်တည်း အတွေးအငေးများတွင် သီရိ ဆိုသည့် နာမ တစ်ခု ပါဝင်လာပြီးနောက် အိမ်ရှေ့ မြက်ခင်းပြင်များပိုမိုစိုပြည်လာခဲ့သည်။ နွေနှောင်း ပိုင်းတွင် ကြွေတတ်သော ဗာဒံရွက်ခြောက်များ နည်းပါးသွားသည်။ အိမ်ရှေ့အိမ် ဧ။် မျက်နှာစာတွင် ပွင့်နေသော စိန်ပန်းနီနီများ ကို ကလေးများ ချိုးလွှင့်ဖျက်စီးခြင်းမပြုတော့။ အရာရာသည် တည်တည်ငြိမ်ငြိမ်လှပနေသည်။

ဖုန်းဆက်တိုင်း သီရီ ဆီမှ ချစ်တယ် ဟူသော စကားလုံးကို ကျော်ကျော် တောင့်တ နေမိသည်။ သီရိ ထံမှ ချစ်တယ် ဆိုသော စကားသည် ကမ္ဘာဦးလူများ ဖြစ်ပေါ်လာရန် နှစ်သန်းပေါင်းများစွာ မရေမတွက်နိုင်လောက်သော အချိန်ကြာမြင့်သလို ဖြစ်နေသည်လား။

လူမှုကွန်ယက်ထဲ Status ပေါင်းများစွာ ကြွေကျခဲ့သည်။ ခေတ်သစ်လူနေမှု စနစ်ထဲ ပါဝင်လာသော လူမှုကွန်ယက် အသုံးပြုခြင်း သည် သီရိ နှင့် ကျော်ကျော်တို့ကြား မေတ္တာပေါင်းကူးတံတား ၊ အကြင်နာ စာပို့ခို ၊ လိုအပ်လျှင် အသက်ဓါတ်ချင်းဖလှယ်ရာ စာတိုက်ပုံးကလေး။ ဒီလိုနဲ့ သီရိ နှင့် ဝေးနေသဖြင့် နီးရခြင်းက ချိုမြိန်မှု တစ်စုံတစ်ရာ ဖြင့် ကျော်ကျော့်အားပေးနိုင်ခဲ့သည်။

“ကိုယ့် ချစ်သူအဖြစ် သီရိကို ဖြစ်စေချင်တာ”
“အခုရော ကို့ ချစ်သူမဟုတ်လို့လား ကိုရယ်”
“ဟေ..တကယ်လား သီရိ က ကို့ ချစ်သူ ဖြစ်သွားပြီလား”
“တုံးလိုက်တာ ကွယ်။ ”
“ပျော်လိုက်တာ သီရိရယ်..တကယ်”

တစ်ဘက်မှ လျှာထုတ်ပြသည့် Sign လေးက နတ်သမီးလေးတစ်ပါး ကမ္ဘာမြေပေါ် ဆင်းသက်ပျံသန်းလာသလို သူ့ဆီ ကူးလူးဝင်ရောက်လာတော့ အပျော်ပျားရည်တွေက သူ့ ရင်ဘတ်ပုလင်းထဲ ပြည့်လျှံကုန်တော့သည်။ သို့သော် “ချစ်တယ်” ငှက်ကလေးက သူ့နှုတ်ခမ်း တွင်းနက်နက်ထဲမှာ အိပ်ပျော်နေတုန်း။ အပြင်ဘက်မှ သက်တန့်တွေ ထွန်းနေတာ မသိဘူးလား “ချစ်တယ်” ငှက်ကလေးရယ်။

အူကြောင်ကြောင် နိုင်လွန်းသည့် ချစ်သူ ဖြစ်မှု က ရိုးသားသည့် တိုင်းရင်းသူ ကလေး နှင့်မို့ ကြုံခဲ့သည်။ ပြန်တွေးတော့ ရယ်ချင်သလို ၊ ပြုံးချင်သလို။ ရယ်ရခက် ၊ ပြုံးရခက် ပီတီကလေး တစ်စ က နှလုံးသား ကို ဖြတ်ပြေးတော့ လည်း နေမထိ ၊ ထိုင်မထိ နဲ့ပေါ့။

ကျော်နရီဇော့် အနေနှင့် သီရိ နှင့် ချစ်သူဘ၀ကို ရောက်ခဲ့တာကိုပင် အိပ်မက်ကလေး တစ်ခုကို မက်နေရသည့် အလား လက်ရှိအချိန်အထိ ထင်မြင်မိနေတုန်းရယ်။ ဒါကြောင့်လည်း အချိန်ရတိုင်း အားတိုင်း မှာ သီရိ နှင့် သူ အပြန်အလှန် ပေးပို့ခဲ့တဲ့ chat list ကလေးတွေ ကို အပြန်ပြန် အလှန်လှန်ငေးမော မိတယ်။


သူက ပဲ ပြိန်းလွန်းတယ်လို့ ဆိုမလား။ သီရိ ဘက်က မီးစိမ်းပြသည့် Message ကလေး တစ်စောင် ရောက်လာခဲ့တာကိုပင် အခြေအနေကောင်းနေမှန်း ကျော်နရီဇော် မသိခဲ့။ သီရိ ကို အဖြေချည်း လှိမ့်တောင်းနေမိခဲ့သည်။

အခုလည်း သူ အဲဒီ chat List ကလေး ကိုပင် ထပ်ပြန်ကြည့်ငေးနေမိတာပေါ့။

“အစ်ကို့ ကို စာပြန်ပြီး တစ်ခါတည်း ဖုန်းကိုပိတ်ပြီး အိပ်ရာဝင်သွားခဲ့တာ၊ သီရိ ရဲ့ အခြေအနေကို သိရင် တစ်ခါတည်း နောက်ဆုတ်သွားမယ်လို့ ထင်ခဲ့တာပါ။ အကို့ ဘက်က စကားကို ကြားရတော့ သီရိ ၀မ်းသာတယ်။ အစ်ကို့ ရဲ့ စကားက သီရိ ကို အားဖြစ်စေခဲ့ပါတယ်။ သီရိ ဘက်က အစ်ကို့ကို မငြင်းပါဘူး။ ဒါပေမယ့် လည်း မပြောချင်သေးဘူးကွယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ် ကြိုက်တယ် ဆိုတာ ဟန်ဆောင်လို့မှမရတာဘဲ မဟုတ်လား။ သီရိ အစ်ကို့ကို ကြည်ဖြူပါတယ်။”

အဲဒီ Viber Message ကလေး သီရိ ဆီက ရောက်လာပြီးတဲ့ နောက်ပိုင်း ကျော်နရီဇော် နှင့် သီရိ တို့ ကြားမှာ နွေးထွေးတဲ့ ဆက်ဆံရေးတွေ ဖြစ်ထွန်းလာခဲ့တယ်။

တစ်ဦးတည်းသော သမီး ၊ အဖေ ဖြစ်သူက နောက်အိမ်ထောင် နှင့် နေပြီး ၊ သီရိ ကတော့ အဒေါ် တွေ ဦးလေးတွေ ရှိတဲ့ ဗန်းမော် မှာ နေပြီး ဦးလေး ၊ အဒေါ်တွေ ရဲ့ အိမ်လုပ်ငန်းမှာ ပဲ အလုပ်လုပ်ရင်းနေတယ်။ အထီးကျန်မှု တွေကို စာအုပ်တွေ နဲ့ပဲ ဖြေသိမ့်စရာ ရှိတဲ့ သီရိ အခြေအနေ ကို တဖြည်းဖြည်းသိလာရတဲ့ နောက်ပိုင်းမှာ သီရိ ကို နဂိုက online ပေါ်က မြင်မြင်ချင်း အချစ်ထက်ပိုပြီး သနားချစ် ၊ တွယ်တာချစ် ၊ မောင်နှမချစ် အားလုံးရောနှောပြီး ကျော်နရီဇော် ချစ်လာခဲ့ရတယ်။

ကျော်နရီဇော် အနေနဲ့ သီရိ ကို ချစ်မိတာ သေချာတဲ့ နောက်ပိုင်းမှာ သူ့ Profile လေးတွေ သွားသွားကြည့်ပြီး မှန်မှန်လုပ်တဲ့ အလုပ်ကတော့ Like တွေ အများကြီးပေးပစ်တာမျိုးပဲ။ သီရိ ဓါတ်ပုံ album တွေ အကုန်လုံး က ပုံတွေ ကို Like တွေ လုပ်ပစ်တာပဲ။ အဲဒါကြောင့်လည်း Viber ကနေ နာမည်မပြောဘဲ ရည်းစားစကား ပြောတဲ့ သူဟာ ကျော်နရီဇော် ပါ ဆိုတာကို သီရိ က သိသွားသတဲ့လေ။

“နေပါဦး သီရိ ရဲ့ သီရိ ကို ရည်းစားစကား ပြောတာ ကို ကိုယ်မှန်း ဘယ်လိုသိသွားခဲ့ရတာတုန်း” လို့ ကျော်နရီဇော် မေးဖြစ်ခဲ့တော့

“မသိဘဲနေမလား အကို ရယ် ၊ Like တွေ အများကြီး နဲ့ Like Bomb ကြဲ တာကို လေ”
“ဟားဟား ဟုတ်ပါပြီတဲ့ သီရိရယ် ဒါပေမယ့် နော်… Like က Bomb တော့ မဟုတ်ဘူးဗျ” ဆိုတော့..
“ဟင်..ဒါဆို Like က ဘာအဓိပ္ပာယ်တုန်း”
“ကိုယ့် Like တွေက Bome မဟုတ်ဘူး သီရိ ရဲ့ ပန်းတွေ လေ”
“အိုး..ဒါဆို အကို က သီရိ ကို ပန်းတွေ အများကြီး ပေးတာပေါ”
“ဒါပေါ့ သီရိ ရဲ့ အပြင်မှာ ပန်းတွေ ပေးလို့ မရတော့ facebook မှာ Like နဲ့ ပန်းပေးပြီး အသိအမှတ်ပြုရတာပေါ့။”
“တော်ကီတွေ မဟုတ်လား” တဲ့ သီရိက လူကို စကားနားဖွဖွလေးထိုးသေးတယ်။

“အဲဒါလောက်နဲ့ များ ကိုယ်မှန်းသေချာတာတော့ မဟုတ်သေးဘူးနော်။ Like လုပ်တာနဲ့ ရည်းစားစကား ဒီလူက ပြောတယ်လို့ သေချာလို့လား” သီရိကို ထပ်ပြီး စချင်တာနဲ့ နည်းနည်းထပ်ပိုမေးလိုက်တော့မှ သူ့အကွက်ထဲ တန်းဝင်သွားတော့တာရယ်။

“အံမယ်…ဒီလောက်နဲ့ ဘယ်ရမလဲ။ သိတာပေါ့။ အစ်ကိုပဲ ဗန်းမော်အိုး ဆိုပြီး ကဗျာတွေ ရေးပြီး facebook မှာ တင်တာလေ။”

ဆိုတော့…ကိုယ်တိုင် ဘာပြောရမှန်းမသိအောင် ဖြစ်သွားလေရဲ့။ ဗန်းမော်အိုး က ဒီလိုဆိုတော့လည်း ဘယ်ဆိုးလို့လဲ။