ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုလွှာ - ၃


အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုလွှာ  (၃)


“အိပ်မက်ဆိုတာမျိုးက အမျိုးမျိုးရှိတယ်ဗျ ၊ တချို့ အိပ်မက်တွေ က ကိုယ့်ကိုယ်ကို ပြန်မမြင်ရဘူး။ တချို့ အိပ်မက်တွေ က တော့ ကိုယ့်ကိုယ်ကို ပြန်မြင်နေရတယ်။ အဲဒီမှာ ပြောရရင် ကိုယ့်ကိုယ်ကို ပြန်မမြင်ရတဲ့ အိပ်မက်တွေကျတော့ ဒါဟာ စိတ်စွဲလမ်းမှု ကြောင့် ဖြစ်တာမျိုး။ အကြောင်းကိစ္စ တစ်ခုခု ကို မသိစိတ်ထဲကနေ စွဲပြီး မက်တာ မျိုးပေါ့ကွာ။ အဲ… ကိုယ့်ကိုယ်ကို ပြန်မြင်ရတဲ့ အိပ်မက်မျိုးကျတော့ စိတ်စွဲပြီး မက်တာ မဟုတ်ဘူး။ အဲဒါမျိုး က ကိုယ်တကယ်တမ်း ကြုံတွေ့ရမယ့် ကိစ္စမျိုး ရဲ့ အရိပ်အယောင်ပဲလို့ ကြားဖူးတယ်။”

ဘုန်းသန့်ကျော် က စကားကို ရှည်ရှည်ပြောပြီး ရှေ့က ကော်ဖီခွက်ကို တစ်ငုံ ကောက်သောက်ပြီး သောက်လက်စ စီးကရက်ကို ဖွာတယ်။ မီးခိုးတွေ က ဟိုလွင့်ဒီလွင့်။

ဒီနေ့အဖို့ ကျော်နရီဇော် အပါအ၀င် တခြား အွန်လိုင်းက သူငယ်ချင်းတွေ စုပြီး လုပ်ကြတဲ့ SBtv Entertainment ရဲ့ Workshop တစ်ခု အတွက် လူစပြီး Meeting လုပ်ကြပြီးတဲ့နောက် နားတဲ့အချိန်မှာ သူငယ်ချင်းဖြစ်တဲ့ ဘုန်းသန့်ကျော် နဲ့ ကော်ဖီဆိုင်ထိုင်ရင်း အလုပ်နဲ့ ပတ်သက်တာတွေ ကိုလည်း ပြောရင်း တခြားစကားစမြည်တွေလည်း ပြောရင်း ညတုန်းက အိပ်မက်အကြောင်း ပြောနေမိတယ်။

ဘုန်းသန့်ကျော် ပြောတဲ့ စကား ကို နားထောင်ရင်း ကျော်နရီဇော် ညတုန်းက မက်တဲ့ အိပ်မက်ကို ပြန်မြင်ယောင်လာတယ်။ ညတုန်းက အိပ်မက်ထဲမှာ သူ့ကိုယ်သူ ပြန်မြင်နေရတာလေ။ ဒါက တကယ်ဖြစ်မယ့် အဖြစ်အပျက်လား။ ဒါဆိုရင်ကော ဘယ်လိုမျိုး အဖြစ်အပျက်များပါလိမ့် သူတွေးတယ်။

“ညတုန်းက အိပ်မက်အရ ဆိုရင်တော့ ငါ့ကိုယ်ငါ ပြန်မြင်ရတယ်ကွ။ အိပ်မက်ထဲမှာ ငါ့ရုပ်ကို ငါ သေချာကို ပြန်မြင်နေရတာ” လို့ ကျော်နရီဇော် က ပြောတော့ ဘုန်းသန့်ကျော် က သောက်လက်စ စီးကရက်ကို မီးသတ်လိုက်ပြီးမှ

“ဒါဆိုရင်တော့ တကယ်ဖြစ်လာမယ့် အဖြစ်အပျက်ပဲ ဖြစ်ရမယ်။ ဒါလည်း မသေချာပါဘူး။ တကယ်ဖြစ်လာမယ် မလာဘူးဆိုတာ သေချာတာမှ မဟုတ်တာလေ။ အဲဒီလို ဖြစ်တတ်တယ်ဆိုတဲ့ အယူအဆ တွေ ပဲရှိတာမဟုတ်လား။”

မသေချာတဲ့ အိပ်မက်တစ်ခုအကြောင်း စကားစမြည်ထိုင်ပြောနေရင်းကနေပဲ ကျော်နရီဇော် တစ်ယောက် အိပ်မက်ထဲကို ပြန်ရောက်သွားသလိုလို ဖြစ်နေမိသည်။ အိပ်မက် မက်ပြီး ထလာကတည်းက ကဗျာတစ်ပုဒ် ရေးဖြစ်တာကလွဲ  ရင် နည်းနည်းလေးတော့ ထွေတေတေ ဖြစ်နေမိတာအမှန် ဒါကြောင့်လည်း အလုပ်ကိစ္စ ပြီးတော့ ဘုန်းသန့် နဲ့ သူ ကော်ဖီဆိုင်ထိုင်ပြီး စိတ်လန်းအောင် စကားပြောနေမိတာပေါ့။

“သူငယ်ချင်းတစ်ယောက်ရှိတယ်”
ရုတ်တရက် ပြောလိုက်တာကြောင့် အတွေးထဲမျောနေရာမှ လှည့်ကြည့်လိုက်တော့ ဘုန်းသန့်က လှမ်းပြောတာ ဖြစ်မှန်းသိပြီး နားစွင့်တော့ သူကပင် နောက်တစ်ခေါက် “သူငယ်ချင်း တစ်ယောက် ရှိတယ်” ဆိုပြီး ကျော်နရီဇော့် မျက်နှာကိုကြည့်ပြီး အတန်းရှင်းန် ရအောင် ထပ်ပြောတယ်။ ပြီးမှ ကျော်နရီဇော် သူ့ကို အာရုံရသွားမှန်းသေချာတော့မှ..

“ပုသိမ်က သူငယ်ချင်းတစ်ယောက် ပေါ့။ အခုတော့ သူ ဒီကိုရောက်တာ အနှစ် ၂၀ လောက်တော့ရှိမယ်။ အဲ.. ၈ တန်းလောက်မှာ သူ က သူ့အတန်းထဲက ဆရာမ အိမ်မှာကျူရှင်တက်တယ်။ အဲဒီတုန်းက သူတို့ကလည်းကစားမက်တဲ့အရွယ်လေ။ တစ်နေ့တော့ ဆရာမအိမ်ကို သွားတော့ ဆရာမ က အပြင်ထွက်သွားတာ ပြန်မလာသေးတာနဲ့ကြုံတယ်။ အဲဒါနဲ့ သူတို့လည်း ဆရာမ အိမ်ရှေ့မှာ ဘောလုံးထွက်ကန်ကြရော။ အချိန်က ဒီလိုမိုးစပ်စပ် ရွာလို့ ပြီးတဲ့ အချိန်ပေါ့။” ဘုန်းသန့်က အပြင်ဘက်ကို မေးငေါ့ပြရင်းပြောတယ်။ အပြင်မှာက မိုးက ခပ်ဖွဲဖွဲရွာနေတုန်း။ ကျော်နရီဇော် က ဘုန်းသန့် ဘာကို ပြောချင်တယ်ဆိုတာကို သိချင်တာကြောင့် ဆက်ပြီး နားစွင့်နေတယ်။

ဘုန်းသန့်က ဆက်ပြီး..
“အဲဒီတော့ဗျာ။ ဆရာမ အိမ်ရှေ့မှာ ရေစပ်စပ်လေးတွေ အိုင်နေတာမျိုးရှိတယ်။ သူတို့ ဘောလုံးကန်တဲ့ အထဲက တစ်ယောက်က ဘောလုံးကန်လိုက်တာ ဘောလုံးက အောက်သွားရော ။ သူတို့ ကန်နေတဲ့ ဘေးက ရေစပ်စပ်မှာ သွားကျတယ်။ အဲဒီမှာ အောက်ဆိုက် ဘော ပေးရမယ့် အသင်းက အချင်းချင်း သူသွားကောက် ငါသွားကောက် နဲ့ ကပ်နေကြတာနဲ့ ဂိုးသမား လုပ်တဲ့ သူကပဲ သွားကောက်တယ်။ ဘောလုံးက ရေစပ်စပ်လေးမှာ ကျနေတာ။ ဘောလုံးရှိတဲ့ နေရာ ကိုရောက်တော့ သူက ဘောလုံးလေးကို ကောက်ဖို့ ငုတ်တုတ်ထိုင်လိုက်တဲ့ အချိန်မှာပဲ။ သူကြက်သီး ထသွားတယ်တဲ့”

အဲဒီလိုပြောပြီး ဘုန်းသန့်က စီးကရက်ကို ဗူးထဲက ထုတ်တယ်။ ပြီးတော့ ပါးစပ်မှာ ညှပ်လိုက်တယ်။
“ဘာလို့တုန်း” ကျော်နရီဇော် က စိတ်မရှည်နိုင်ပဲ ဆက်မေးတော့မှ ဘုန်းသန့်က စီးကရက်ကို မီးညှိ နေရင်းကနေ မီးခိုးတွေ မှုတ်ထုတ်လိုက်ပြီး
“အဲဒါမျိုး သူ မြင်ဖူးတယ်တဲ့”
“ဟင် ဘာကိုတုန်း” ကျော်နရီဇော် နားမရှင်တာကြောင့် ပြန်မေးတော့
“ဒီလိုလေ ဟိုတစ်ယောက်က ဘောလုံးကန်လိုက်တော့ ရေစပ်မှာ သွားကျတယ်မဟုတ်လား။ အဲဒီမှာသူက သွားကောက်တယ် ။ ကောက်လိုက်တဲ့ အချိန်မှာပဲ။ သူအဲဒီလို ကောက်ရတဲ့ အဖြစ်ဟာ အရင်က ဖြစ်ဖူးသလို ၊ မြင်ဖူးသလို ဖြစ်ပြီး ကြက်သီးထသွားတာ ။ ပြီးတော့ သူ ဘောလုံး ဆက်ကန်တယ်။ ညနေ အိမ်ပြန်လာတော့ အဲဒါကို သတိရပြီး စဉ်းစားနေရင်းနဲ့မှ သဘောပေါက်သွားတာ။ အဲဒါက သူ ဟိုးငယ်ငယ် ရန်ကုန်မရောက်ခင် ပုသိမ်မှာ တုန်းက ၉ နှစ် ၁၀ နှစ်လောက်တုန်းက မက်ခဲ့တဲ့ အိပ်မက်ပဲတဲ့”

“အတိအကျ ပြန်ဖြစ်တာပေါ့ဟုတ်လား” လို့သူမေးတော့ ဘုန်းသန့်က မျက်ခုံးပင့် ပြီး ခေါင်းငြိမ့်ပြတယ်။
သူပြောပြတာ ကို နားထောင်ပြီး ကျော်နရီဇော် တော်တော်လေး စိတ်ဝင်စားသွားတယ်။ ဒီလိုမျိုး အတိအကျ ဖြစ်တတ်တဲ့ အိပ်မက်မျိုးလည်း ရှိတာပဲလား။ သူ့အိပ်မက်ကရော…။

သူတို့ နှစ်ယောက် ခဏတော့ ကိုယ့် အတွေး နှင့် ကိုယ် တိတ်ဆိတ်သွားမိသည်။ ကျော်နရီဇော် ကလည်း စီးကရက်တစ်လိပ်ကို ဖွာရင်းအဝေးကို ငေးနေတဲ့ အချိန်မှာ ဘုန်းသန့် ကလည်း ကော်ဖီစားပွဲပေါ်က သတင်းစာ တစ်စောင် ကို ကောက်ပြီး စိတ်ဝင်တစား ဖတ်နေတော့သည်။

ကော်ဖီဆိုင်အပြင်မှာတော့ မိုးက တဖွဲဖွဲရွာနေတယ်။ ရောင်စုံထီးတွေ နဲ့ လျှောက်သွားနေတဲ့ ယောက်ျား ၊ မိန်းမ အမျိုးအစား အရွယ်စုံ ၊ ဆိုဒ်စုံ။ မိုးစက်တွေကြား ဖြတ်သန်းသွားကြတဲ့ လမ်းမပေါ်က ကားတွေ။ တစ်ဘက်လမ်း ကနေ လမ်းဖြတ်ကူးလာတဲ့ စုံတွဲ တစ်တွဲက ဒီဘက်လမ်းရောက်တော့ လမ်းပေါ်မှာ မတ်တပ်ရပ်ပြီး စကားပြောရင်း ကောင်မလေး က ကောင်လေး ကိုနှုတ်ဆက်ပြီး ထွက်သွားတဲ့ အချိန် ကောင်လေးက ကောင်မလေး နောက်ကျောကိုကြည့်ရင်းကျန်နေခဲ့ပုံကို မြင်တော့ သူစိတ်ထဲ တစ်မျိုး တမည်သော ခံစားမှုတစ်ခုခု ရသလိုလို ။ မြင်နေတဲ့ မြင်ကွင်းတွေ ကို ကြည့်ရင်း တလောက SBtv လုပ်ရင်း ဒါရိုက်တာ ကိုသားညီ က သူ့အနေနဲ့ အဖြူအမည်း ပြဇာတ်လုပ်ချင်တဲ့ အိုင်ဒီယာ တစ်ခုကို ပြောပြတာ သတိရမိနေတော့ ညတုန်းက မက်တဲ့ အိပ်မက်ကလည်း အဖြူအမည်း ပြဇာတ်တစ်ခုပဲလားလို့ တွေးမိတယ်။ မိုးက မတိတ်နိုင်သေး။ ထီးမပါတော့ ဆက်ထိုင်နေရဦးမယ့် ကော်ဖီဆိုင်ထဲ။