ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုလွှာ (၆)



အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုလွှာ (၆)





မနက်ခင်း အိပ်ရာက နိုးနိုးချင်း အလုပ်လုပ်စရာ ၊ သွားစရာလာစရာ ဘာမှ မရှိတာနဲ့ ကွန်ပြူတာကို ဖွင့်ပြီး ရေးလက်စ ဆောင်းပါး တစ်ပုဒ် ကို ရေးနေတုန်း သီရိဆီ က ဖုန်းဝင်လာသည်။ သီရိဆီက ဖုန်းဆက်တာ ဒါပထမဆုံးတော့ မဟုတ်တော့ ။ ချစ်သူ ဖြစ်ပြီးမှ သူ ပထမဆုံး ဖုန်းခေါ်တော့ သီရိ မအားတာ နဲ့ နောက်မှ ပြန်ဆက်မယ် ဆိုပြီး နေတုန်း သီရိ ဆီကပင် ဖုန်းက ၀င်လာတာလေ။ အခုလည်း သီရိကပင် မနက်ခင်း စောစော စီးစီး ဖုန်းဆက်လာတော့ သူဝမ်းသာမိသည်။

“ကိုယ့်ရဲ့ သီရိ လေး ဘာပြောစရာများ ရှိလို့တုန်း မနက်အစောကြီး ဖုန်းတွေ ဘာတွေ ဆက်လို့ပါလား။”
“ပြောစရာရှိမှ ဖုန်းဆက်ရမှာလား။ တကယ်ပဲနော်…ဒီက သတိရလို့ ဖုန်းဆက်တာ ဒါလေးတောင်မသိဘူးလား” ဆိုပြီး စိတ်ကောက်သံလေး နှင့် ဆိုလာတော့…
“အဟား ကိုယ်က သီရိ ဆက်လာမယ် မထင်လို့ပါကွာ။ အခုပဲ ကိုယ်က အွန်လိုင်း တက်လာတော့မလို့ ချစ်ရဲ့ ”
“ဟုတ်လား..”
“အင်း ဟုတ်တယ်.. ကိုလည်း ချစ်ကို သတိရနေတာပါ။”
အမှန်တော့ ရေးလက်စ ဆောင်းပါး ကို အာရုံဝင်စားပြီး ရေးနေတာ ရေးရင်းနဲ့ ရှာစရာရှိတာတွေ ရှာဖို့ ဖုန်းအင်တာနက် ကို ဖွင့်ပြီး google မှ ဟိုရှာဒီရှာ လုပ်နေတုန်း သီရိ ဆီကနေ ဖုန်းဝင်လာတာရယ်လေ။ ချစ်ကို သတိမရဘဲ ကို က စာရေးနေတာလို့ ပြောလို့ မဖြစ်ဘူးမဟုတ်လား။ စိတ်ကောက်သွားရင် ကိုယ်က အချော့ကျွမ်းကျင်တဲ့ သူလည်း မဟုတ်ဘူးမဟုတ်လား။

“ဟုတ်လို့လား… ”
“တကယ်ပေါ့..ချစ်ရဲ့..”
“အင်းပါ… အခုလည်း ကို့ကို သတိရလို့ ဖုန်းဆက်လိုက်တာ .. အခုမှ ဈေးက ပြန်လာတာလေ…အရမ်းမောတာပဲ”
“ဟုတ်လား… ဘာတွေ သွားဝယ်တာလဲ..”
“ဟင်းစား ပါလေ… ဒါနဲ့ ကို မနက်စာ စားပြီးပြီလား.. စ”
“ဟင့်အင်း စားရသေးဘူး ချစ်ရဲ့ ချစ်ကို သတိရနေတာလေ…အရမ်းလွမ်းလို့”
ပြောပြီး ကိုယ့်ကိုယ်ကို ပြန်ပြုံးနေမိသည်။ ဘာတတ်နိုင်မလဲ။ ကိုယ်က သတိရနေတယ်ဆိုလို့ သီရိက ကျေနပ်သွား ၊ ၀မ်းသာသွားရင် ကိုယ်လည်း ပျော်ရတာပဲလေ..။

“ဟုတ်လည်း ဟုတ်ဘဲ နဲ့…” ဆိုပြီး တစ်ဘက် ကနေ သီရိ က ပြောမယုံလေသံလေး ဖြင့် ဆိုတော့…
“မဟုတ်ဘဲ ရှိမလား သီရိ ရယ် .. သီရိ က ကိုယ့်ချစ်သူပါ ကိုယ့်အနေနဲ့ သီရိ ကို အမြဲစိတ်ထဲရှိတာပေါ့..ကိုယ် အလုပ်တွေ ရှုပ်နေလို့ သီရိ ကို သတိရဖို့ မဖြစ်ခဲ့ရင်တောင် ကိုယ့်မသိစိတ်ထဲမှာ သီရိက အမြဲရှိနေပြီးသားပါ။”
အခုလို သီရိ ကို ပြောလိုက်မိတာ ကပင် ကိုယ့်ကိုယ်ကို သတိပြုမိသလိုလို ဖြစ်မိသည်။ တကယ်တမ်းတော့ ကိုယ့်ချစ်သူကို အမြဲတမ်း သတိရ ရနေနိုင်သူ ဆိုတာ ရှိနိုင်တာမှ မဟုတ်ဘဲလေ။ ကိုယ့်ဘ၀ထဲ မှာ ရှိနေတဲ့ အခြားသော ကိစ္စတွေကို လုပ်ကိုင်ရင်း နဲ့ ပဲ တစ်နေ့တာကို ဖြတ်သန်းနေတဲ့ အချိန်မှာ ကိုယ့်ချစ်သူ ၊ ကိုယ်တန်ဖိုးထားရတဲ့ သူကို မသိစိတ်ကတော့ အမြဲရှိနေကြတာပဲမဟုတ်လား။ တစ်ခါတစ်လေ အလုပ်ကိစ္စတွေ ကြောင့် မောပန်းနွမ်းနယ်လာတဲ့ အခါ ကိုယ့် ချစ်သူ ကို မြင်ယောင်ပြီး ခဏတာ မောပန်းမှုတွေ ပြေပျောက်စေတဲ့ အခါမျိုးဆိုရင်ပဲ ဒါဟာ မသိစိတ်ထဲက ကိုယ် အားကိုးတကြီး ခိုနားချင်တဲ့ အရိပ်ရသစ်ပင်ဟာ ကိုယ့်ချစ်သူပဲ မဟုတ်လားလေ။

“သီရိ…”
နှစ်ဦးသား တိတ်ဆိတ်နေရင်း မှ ကျော်နရီဇော်ကပင်  စပြီး ခေါ်လိုက်တော့
“အွန်း..ပြောလေကို..”
“ကိုယ်..လေ..သီရိကို သိပ်ချစ်တာပဲ…”
“အင်း..ပါ”
တစ်ဘက်မှ သီရိ တုန့်ပြန်မှု က သိပ်ပြီး အားရစရာမကောင်းတော့ ကျော်နရီဇော် အားမလို အားမရဖြစ်မိသည်။ ဒီလိုပဲ ကျော်နရီဇော်က ဖီလင် အပြည့်ဖြင့် သိပ်ချစ်တယ် ဆိုတာကို ပြောမိလိုက်တိုင်း သီရိ ကတော့ အားမလို အားမရဖြစ်အောင် တုန့်ပြန်တတ်သည်လေ။ တစ်ခါတစ်လေတော့ ဒီလိုနားလည်ရခက်သည့် ချစ်သူမလေး ကို။ နည်းနည်းတော့ စိတ်တိုမိသားရယ်။ ဒါပေမယ့်လည်း ကိုယ့်ချစ်သူကိုလည်း သိပ်ပြီး ဖိအားပေးပြီး ကြားချင်သည့် စကားကို အတင်း မပြောစေလိုတာကလည်း ရှိသေးသည်မဟုတ်လား။

“ချစ်ကလည်းကွာ..တုန့်ပြန်တာကလည်း အားရစရာ မကောင်းလိုက်တာ ၊ ကိုယ် သီရိ ကို သိပ်ချစ်တယ်ကွ…သီရိ ရောဟင်..” ဟု အားမလို အားမရ ပြောမိသည်။
“ကို ဒီနေ့…ဘယ်သွားဖို့ ရှိသေးလဲ”
ကိုယ်က ပြောသည့် အကြောင်းက တစ်ခြား သူက ပြောနေတာ တခြား ဆိုတော့ ကျော်နရီဇော် နည်းနည်းတော့ စိတ်လေ သွားသည်။

“ဘယ်မှသွားဖို့ မရှိဘူး။ ဒါနဲ့ နေပါဦး သီရိ ရဲ့ ကိုယ်က သီရိ ကို ကိုယ့်အပေါ်မှာ ဘယ်လို လဲလို့ မေးတာလေ…အဲဒါလေးလည်း ဖြေပါဦးကွာ” ဆိုတော့…

“ဘာကိုလဲ ကိုရဲ့…” တဲ့။ ကြည့်လေ..ဘယ်လောက် အကျင့်မကောင်းတဲ့ ကလေးမလဲလို့။

“ကိုယ် ..သီရိ ကို သိပ်ချစ်တယ် လို့… သီရိ ရော ချစ်လား လို့မေးနေတာလေကွာ”

“ကို နဲ့ အတူတူပဲပေါ့…ဘာလို့ ဒါကို ခဏခဏ မေးနေရတာတုန်းလို့”
“ကြားချင်တာပေါ့ သီရိရယ်.. ကိုယ့်ကို ချစ်တယ် ဆိုတဲ့ ကိုယ့်ချစ်သူ ဆီက စကား က ဘယ်လောက် ကိုယ့်ကို အားဖြစ်စေမယ် ဆိုတာ သီရိ မတွေးမိဘူးလား။”
“အဲဒီ စကား က ဒီလောက် အရေးကြီးလို့လား”

သီရိ ထံမှ ချစ်စကား ကို တောင်းဆိုလိုက်တိုင်း ကျော်နရီဇော် ဒီ လိုပဲ ပြန်ပြောတာ ခံရနေကျဆိုတော့ အထူးအဆန်းတော့ မဟုတ်တော့ဘူးလေ။ ဒါပေမယ့် ဒီနေ့တော့ ကျော်နရီဇော် လည်း အိပ်ရာက ထခါစ ။ ပြီးတော့ ချစ်သူကို ဖုန်းပြောရင်း သူ့ကို ချစ်မိတဲ့ ခံစားမှု ကလည်း ပုံမှန်အခြေအနေထက်ကို ထူထူထဲထဲ ခံစားနေမိသည်။ ကျော်နရီဇော့် အနေနဲ့တော့ ဒီလို ခံစားမှု ကို သီရိနွေး နှင့်တွေ့မှပင် ခံစားရခြင်းဖြစ်သည်။ သူ့အတွက် ကိုယ့်မျှော်လင့်ချက်တွေ ပိုလို အရောင်တောက်လာခဲ့တဲ့ ချစ်ခြင်းခံစားမှု က သူ့ဆီက စကားလေး တစ်ခွန်း နှင့်ပင် ပိုလို့ ခွန်အားဖြစ်စေမည်ဟု သူယုံကြည်မိသည်။

“အရေးကြီးတယ် မကြီးတယ်ဆိုတာထက် ကိုယ်က သီရိ ရဲ့ နှုတ်က ကို့ကို ချစ်တယ် ဆိုတဲ့ စကား ကို တိတိကျကျ ကြားချင်လို့ပါ။ သီရိ က ကိုယ့်ချစ်သူပဲ ဆိုတာ သေချာချင်လို့ပါကွာ ”

“ဘာဆိုင်လို့လဲ ကိုရယ်.. ဘာလဲ ကို က ဒီစကား နဲ့မှ ချစ်သူ ဖြစ်တယ် ဆိုတာ အသိအမှတ်ပြုမှာလား။ ဒီစကား ပြောလိုက်ရင် ခိုင်မာသွားပြီလို့ ထင်နေတာလား။ ဒီစကားကြောင့် အရာရာ ချည်နှောင်ပြီး သား ဖြစ်သွားပြီလို့ ထင်နေတာလား။”

အခြေအနေက တင်းမာသလို ဖြစ်လာတာကြောင့် ကျော်နရီဇော် တစ်ယောက် လေပြေသွေး ဖို့ပဲ ကြံရတော့သည်။ ချစ်သူနှစ်ယောက် ကြားမှာ ချစ်သက်တမ်း နုနုလေး နဲ့ပဲ အက်ကြောင်းတော့ အဖြစ်မခံနိုင်ပါ။

“အင်းပါ သီရိ ရယ်.. သီရိ က ကိုယ့်အပေါ်မှာ မေတ္တာ ထားတာ ၊ စေတနာ ရှိတာ ၊ ကိုယ့် ကို ကိုယ်နဲ့ ခံစားချက် အတူတူ ထားမှန်း ကိုယ်သိပါတယ်။ အခုကလည်း ကိုယ်က သဘောပြောတာပါ။ ချစ် စိတ်မဆိုး နဲ့နော်…”  ဆိုပြီး ပြောတော့… သီရိ ကလည်း တဘက်မှပင်

“ဆိုးပါဘူး…” ဆိုပြီး လေသံပြတ်ပြတ်ကလေး နဲ့ ပြောသည်မို့ ရင်မော သက်သာသွားရသည်။ သိပ်တော့ ကြည်ကြည်လင်လင် ဖြစ်ပုံတော့မပေါ်။

“အင်းပါ… ကို…က သီရိ ကို အရမ်းချစ်လို့ပါ။ စိတ် အနှောက်အယှက်မဖြစ်နဲ့နော်… ဒါနဲ့ သီရိရော မနက်စာ စားပြီးပြီလား…”

“စားရသေးဘူး.အခုမှ ဈေးက ပြန်လာတာလေ..ဗိုက်ဆာတာ တအားပဲ.အဲဒါ ကို့ကို သတိရလို့ ဖုန်းဆက်တာ..အဲဒါကို ဘာတွေ ပြောနေမှန်းကို မသိပါဘူးကွယ်..အလိုက်ကိုမသိဘူး” ဆိုပြီး မမြင်ရပေမယ့် စူနေမယ့် နှုတ်ခမ်းလေးက ထွက်လာမယ် ဆိုတာ သိနေပြီးသားပါလေ..။

“အင်း…ဒါဆိုရင် သီရိ မနက်စာ သေချာစားဦးနော်.. အလုပ် ကြောင့် အစားအပျက် မခံနဲ့သိလား”

“အင်းပါ ကို ရဲ့”

ဒီစကားလေးကတော့ချိုတယ်..။ သီရိ နဲ့ စကားပြောလိုက်တိုင်း “အင်းပါ..ကိုရဲ့” ဆိုသည့် စကားလေး ကြားလိုက်တိုင်း သူ အမောပြေရသည်။

“ကို…ဘာပြောဦးမလဲ ဟင်…”
“အင်း…ကျန်းမာရေး ကို ဂရုစိုက် နော်…”
“အင်း..ပါ ကိုရဲ့.. တခြားရော.. ဘာပြောဦးမလဲ…”

ရုတ်တရက်… သူ ဘာပြောရမှန်းမသိဘူး။ တခြားရော…ဘာပြောဦးမလဲ… ဆိုတော့လေ…။ နောက်မှ သတိရသွားပြီး…

“သီရိ ကို ကိုယ်.. အရမ်းချစ်တယ်” ဆိုမှ…
“အင်းပါ..ဒါဆို ဖုန်းချလိုက်တော့မယ်နော်…ကို..”
“အင်း..ဘိုင့်ဘိုင် နော်..”
အဆွေးခလုတ်ကို နှိပ်လိုက်သံက ဖုန်းထဲက ကြားရသည်။ ကိုယ် က ကြားချင်တဲ့ စကား ကို ကိုယ်ကိုယ်တိုင် ပဲ ပြောလိုက်ရသည့် အဖြစ်။ ကိုယ့် ရဲ့ သီရိ ကို ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းကို ပြောလိုက်ရတိုင်း သီရိ ဆီက ချစ်တယ် ဆိုတဲ့ စကား တစ်ခွန်းကို အတိုင်းအဆ မရှိ တောင့်တမိသည်။ အခုလည်း ကိုယ့် ဆီက စကားတစ်ခွန်း ကို အမိအရ ဖမ်းယူသွားပြန်ပြီလေ။