ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုလွှာ (၇)

အကောင်းဆုံးချစ်သူအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုလွှာ (၇)


SBtv Entertainment ရဲ့ ရုံးခန်းထဲမှာ လူငယ်ရုပ်ရှင် ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ ဘုန်းသန့်ကျော် နဲ့ အဖွဲ့သားတွေ အလုပ်ရှုပ်နေတယ်။ Sunday ဖြစ်ပေမယ့် ကိုယ်စီကိစ္စတွေ နဲ့ မအားကြတာကြောင့် ညဘက်မှ ရိုက်ကူးဖို့ ဖြစ်လာတဲ့ Shot Film အတွက် ရောက်လာတဲ့ ကင်မရာသမား နဲ့ ဇာတ်လမ်းမှာ ပါဝင်မယ့် သရုပ်ဆောင် တွေ ကို ဘုန်းသန့်ကျော်က သူ့ဇာတ်လမ်း ကို ရှင်းပြပြီး ရိုက်ကူးဖို့ပြင်ဆင်နေတယ်။ သူ့အနေနဲ့ကတော့ လိုအပ်တဲ့ Script အတွက် ပြင်ဆင်ပေးပြီးပြီမို့  ရုံးခန်း အပြင်ဘက်က ဧည့်ခန်းထဲမှာ ရှိတဲ့ ဆိုဖာပေါ်မှာ ထိုင်နေရင်း လုပ်လက်စ ဒီဇိုင်းတစ်ခု ကို လုပ်နေမိတယ်။

Web Search ကို ဖွင့်လို့ လိုအပ်တဲ့ ပုံတစ်ခုကို ရှာရင်း Facebook ကိုလည်း ဖွင့်ထားမိတော့Facebook က Notification တွေ တ တုံတုံ နဲ့ တက်နေတာကို သတိပြုမိတယ်။ Notification တွေ ကို ကြည့်လိုက်တော့ ကျော်နရီဇော် တင်ထားတဲ့ Image တစ်ခုအောက်မှာ Like လာလုပ်တဲ့ သူတွေ ကြောင့် ဆိုတာ သိလိုက်ရတယ်။

“အခုရော အကို့ချစ်သူမဟုတ်လို့လား”  ဆိုတဲ့ စာသားလေးပါတဲ့ Screen Shot လေတစ်ခုကို ကျော်နရီဇော် က တင်ထာတာလေ။ သီရိ နဲ့ သူနဲ့ ချစ်သူ ဖြစ်ပြီလို့ သေချာစေတဲ့ စာကြောင်းကလေး ကို အမှတ်တရအနေနဲ့ စာသားလေးကိုပဲ crop လုပ်ပြီး တင်ထားမိတာ။

“မြင်ဖူးသမျှ ပို့စ်တွေထဲမှာ ဒီပို့စ် ကို အကြိုက်ဆုံးပဲ” ဆိုပြီး တစ်ယောက် က လာပြောတော့ အဲဒီ comment လေးကို ကျော်နရီဇော် သဘောကျစွာဖြင့် Like လုပ်မိသည်။

လုပ်လက်စ ဒီဇိုင်းကို အပြီးသတ်ဖို့ ကလိုသေးသည်။ ဒါပေမယ့် သူ စိတ်မပါတော့ ခဏ ရပ်ထားပြီး facebook က သူများတွေ တင်ထားသည့် Post တွေ ကို လိုက်ပြီး ဟိုဟိုဒီဒီ ဖတ်နေမိသည်။ ဒီလိုအချိန် စိတ်ထဲရောက်လာတဲ့ နာမ တစ်ခု ကြောင့် ဖတ်လက်စ status တွေကို ရပ်ပြီး ကျော်နရီဇော် တစ်ယောက် Timeline ကို ၀င်လိုက်ပြီး status မှာ တစ်ခုခုရေးဖို့ ပြင်လိုက်တယ်။

Status Box ထဲ Cursor ချပြီးမှ ဘာရေးရမယ် ဆိုတာ ရေရေရာရာလည်း မသိ။ စိတ်ထဲလည်း ဘာစကားလုံးမှလည်း မရှိ ။ ရုံးခန်း အပြင်ဘက် ကို လှမ်းငေးတော့ ညမြင်ကွင်းတွေ ထဲ ခြံဝန်းရဲ့ ထောင့်မှာ ပေါက်နေတဲ့ သရင်းကြီးပင်ကို လမ်းမပေါ်က လမ်းမီးကဖြာကျနေတယ်။ ကြည့်နေတဲ့ ပြတင်းပေါက်ဘက်အထိ မရောက်တော့ လှမ်းမြင်နေရတာက အစိမ်းရောင် ကမ္ဘာထဲက နေ အပြင်ဘက် အလင်းရောင်ကိုလှမ်းတွေ့နေရသလို ။

Automatic Writing  အနေနဲ့ အရေးအသားတစ်ခု ကို စတင်မိတယ်။ ဘာပဲဖြစ်ဖြစ် ဒီညမှ စတင်မိတဲ့ အရေးအသားက အနန္တစင်္ကြာဝဠာထဲမှာ မှတ်တမ်းဝင်ခဲ့တာအမှန်ပါပဲ။

အနန္တ စကြ်ာဝဠာအကြောင်း

အာရှတိုက်ကိုချစ်တယ်။
အဲဒီထက် အရှေ့တောင်အာရှ ကို
ပိုချစ်တယ်။
အရှေ့တောင်အာရှ ထဲ
မြန်မာနိုင်ငံကို ချစ်တယ်။
အဲဒီထက်ပို...
ကချင်ပြည်နယ်ကိုချစ်တယ်။
ကချင်ပြည်နယ် ထက်
ဗန်းမော်မြို့ကလေးကို ပိုချစ်တယ်။
စကြ်ာဝဠာ အကြောင်း တွေးမိတဲ့ အခါမျိုးဆို
ကိုယ့်ဖြစ်တည်မှုကို အံ့သြတုန်လှုပ်ရင်း။
ဗန်းမော် မြို့ကလေးထဲက
ဆိုင်ကယ်လေးတစ်စီး ကို ချစ်တယ်။
အနန္တစကြ်ာဝဠာထဲက
အခြားသော သက်ရှိနေထိုင်နိုင်တဲ့ ဂြိုလ်တစ်ခုမှာလည်း
အရှေ့တောင်အာရှဆိုတာ ရှိသတဲ့။
မုန့်လက်ဆောင်းသယ်တွေဟာ
ဧပရယ်ဆို ဆွမ်းမွှေးရွက်တွေ ခူးလို့
ဒီကမ္ဘာထဲ ဆွမ်းမွှေးပင်တွေ ရဲ့ မျိုးရိုးဗီဇဟာ
ဘယ်လိုများရောက်လာခဲ့တယ်။         ။


*********************************************






            SBtv Entertainment ရဲ့ ရှုတင် မှာ တစ်ညလုံးရှိနေပြီးမှ အိမ်ကို ပြန်ရောက်တော့ ကျော်နရီဇော် တစ်ရေးတစ်မော အိပ်လိုက်ရသည်။ တစ်ညလုံး ရှုတင်မှာ လိုအပ်တာတွေ လည်း ကူရင်း ၊ ကိုယ့်ဘာသာလည်း ဟိုဟိုဒီဒီ လုပ်ရင်း တစ်ညလုံးမအိပ်ထားတာကြောင့် မနက်ခင်းပိုင်းရောက်တာ နဲ့ လူက ပြိုင်းလာတော့သည်။ ဘုန်းသန့်ကျော်တို့ အိမ်ကနေ မနက်စောစော ထထွက်လာခဲ့ပြီး အဆောင်ရှိရာ ကို ပြန်လာတော့ အဆောင်တံခါးပင် မဖွင့်သေး။ ဒါပေမယ့် ကျော်နရီဇော့် ဆီမှာ သော့အပိုတစ်ချောင်း ရှိနေတယ်လေ။
            အဆောင်ပိုင်ရှင်က ကျော်နရီဇော့် အလုပ်ကိစ္စတွေ ကို သိထားတဲ့ သူဆိုတော့ ညဘက် နောက်ကျပြန်လာတာမျိုးတွေ ၊ မနက်အစော ပြန်လာတာမျိုးတွေ မှာ အဆင်မပြေမဖြစ်ရအောင် ဆိုပြီး ခြံဝန်း သော့ ကို အပိုလုပ်ထားပေးလို့ တော်သေးတာပေါ့။ အဆောင်သာ ဆိုတာပါလေ ရန်ကုန်မှာ ရှိတဲ့  ကျော်နရီဇော့် ၀မ်းကွဲ အစ်ကို တစ်ယောက် ရဲ့ သူငယ်ချင်း အိမ်ဖြစ်ပြီးတော့ အရမ်းရင်းနှီးနေတာကြောင့် ကိုယ့်အိမ်လိုပင် လွတ်လပ်စွာနေထိုင်ခွင့်ရခြင်းက ပဲ ကျေနပ်စရာကောင်းလှပြီ။ ကျော်နရီဇော် နေရတဲ့ အခန်းကလည်း တစ်ထပ်တိုက်ရဲ့ အရှေ့ဘက်က သီးသန့် အဆောင်လေးလို ထုတ်ပြီး ဆောက်ထားသည့် အခန်းဆိုတော့ တစ်ယောက်တည်းသမား အတွက် လွတ်လပ် အဆင်ပြေသလို ၊ အပြင်ဘက် မြင်ကွင်း လည်းမြင်ရ ၊ လေကောင်းလေသန့်လည်း ရတာကြောင့် အတော်အဆင်ပြေသည် ဟု ဆိုနိုင်သည်။
            ညဘက် အိပ်ရေးပျက်ထားတာကြောင့် မနက်စာ ကို ၀၀လင်လင် စားလိုက်ပြီး အခန်းတံခါးပိတ် ပြီး အိပ်နေလိုက်တာ အတော်လေး နေမြင့်မှပင် နိုးလာတော့သည်။ မနက်ခင်းပိုင်းမှ စအိပ်တာကြောင့် သိပ်အကြာကြီး အိပ်ပျော်နေတာမျိုး မဖြစ်ပေမယ့်လည်း အိပ်ရေးဝနေသလို ကြည်ကြည်လင်လင် ဖြင့်ပင် နိုးလာခဲ့သည်။ နာရီ ကြည့်လိုက်တော့ ၁၁ နာရီမို့ မျက်နှာသစ်လိုက်ကာ ကော်ဖီတစ်ခွက် ဘေးနားချပြီး ကွန်ပြူတာ ကို ဖွင့်ကာ လက်စမသတ်သေးသည့် ဂရပ်ဖစ် ဒီဇိုင်း တစ်ခု ကို လုပ်နေတော့သည်။  
            လုပ်လက်စ ဒီဇိုင်း ကို လက်စသတ်နေရာမှ တော်တော်လေး ညောင်းလာသဖြင့် ကျော်နရီဇော် ကွန်ပျူတာ ကို sleep လုပ်ထားပြီး နံရံကို မှီပြီး နားနေမိသည်။ ဖွင့်ထားသည့် အခန်းပြတင်းပေါက်က တစ်ချပ်သာ ဖွင့်ထားသဖြင့် ကျန်တစ်ဘက် ကိုပါ တွန်းဖွင့်လိုက်တော့ အပြင်က လေက ပို၍ တိုပြီး တိုက်လာသဖြင့် ငြီးစီစီ ဖြစ်နေတာတွေ အနည်းငယ် သက်သာသွားသည်။ ဘေးနားတွင် တစ်ဝက်ခေါက်ကာ ချထားသည့် ဂျာနယ်တစ်စောင် ကို ယူပြီး ယပ်ခပ်ကာနေရင်းမှ ကော်ဖီသောက်ချင်စိတ် ဖြစ်လာသည်။
            အသင့်သောက် ကော်ဖီထုပ် တစ်ထုပ်ကို ဖျော်ပြီး ကျော်နရီဇော် တစ်ယောက် ပြတင်းပေါက်ဘက် လှည့်ကာ အပြင်မြင်ကွင်းတွေ ကို ကြည့်ကာ ကော်ဖီကို တစ်စိမ့်စိမ့် သောက်နေမိတော့သည်။

ကော်ဖီသောက်ရင်း မိုဘိုင်းဖုန်း ကို ယူကာ နာရီ ကို ကြည့်တော့ အချိန်က ၁၂ နာရီထိုးလုပြီ ၊ မနက်စာ စားထားသော်လည်း ဗိုက်က ဆာနေပြီ ဖြစ်သည်။ လုပ်လက်စ အလုပ် ရှိနေသောကြောင့် အစာစားဖို့ပင် မေ့နေခြင်းဖြစ်သည်။ ဖုန်းကို ကြည့်နေရင်း တစ်လက်စတည်း Gallery ထဲ မှ ပုံများ ကို အမှတ်တမဲ့ ကြည့်မိရာမှ ချစ်သူ ဖြစ်သူ သီရိ ဧ။် ဓါတ်ပုံများ ကို ထုတ်ကြည့်နေမိသည်။ ထို ဓါတ်ပုံများကို ကျော်နရီဇော်က သီရိဧ။် facebook ထဲမှ downloads လုပ်ထားခြင်း ဖြစ်ဧ။်။

ချစ်စဖွယ် အမူအယာ မျိုးစုံဖြင့် ရိုက်ကူးထားသည့် Photo များ။ သီရိ ဧ။် ချစ်စရာကောင်းလှသည့် အမူအယာလေးများဖြင့် ပြည့်နှက်နေသော photo များကို ကြည့်ရင်း ကျော်နရီဇော် ပြုံးနေမိသည်။ သီရိ ဧ။် photo များကို ငေးကြည့်ရင်း သီရိ ဧ။် အကြောင်းများ ကို အပြင်ဘက်ကို ကြည့်ရင်း စဉ်းစားနေမိတော့သည်။

သောက်လက်စ ကော်ဖီ က အေးလုအေးခင်။ ကော်ဖီ ကို ကုန်အောင်သောက်ပြီး သီရိ ဧ။် ဓါတ်ပုံများကို ကြည့်နေရင်းမှ စိတ်ကူးတစ်ခု ရမိသည်။ ဒါကြောင့်ပင် ကော်ဖီခွက် ကို ချကာ ဖုန်းကိုလည်း ပိတ်ထားလိုက်ပြီး ကွန်ပျူတာ ရှေ့ ကို ပြန်ထိုင်လိုက်တော့သည်။ လုပ်လက်စ ဒီဇိုင်းက ပြီးခါနီးပြီ ဒါကြောင့် ခဏ ထားလိုက်ပြီး တခြားလုပ်ဆောင်ချက် တစ်ခု ကို လုပ်ရန် ကျော်နရီဇော် စတင်လိုက်တော့သည်။

Illustrator က ကွန်ပြူတာ screen မှာ ခန့်ခန့်ထည်ထည်ဖြင့် ပွင့်လျက်ရှိသည်။ အချိန်က ၁၂ နာရီ ထိုးနေပြီ ဖြစ်သော်လည်း ကျော်နရီဇော် တစ်ယောက် မနက်စာ ကို မစားသေးဘဲ illustrator ပေါ်သို့ ဓါတ်ပုံတစ်ပုံ ကို copy လုပ်လိုက်တော့သည်။ ထို့နောက်မှာတော့ ကောက်ကြောင်းများ ၊ လိုင်းများ ၊ အရောင်များဖြင့် ကျော်နရီဇော် တစ်ယောက် အလုပ်ရှုပ်နေတော့သည်။ တော်တော်ကလေး လုပ်ပြီးတော့ ကျော်နရီဇော် သူ လုပ်ထားသည့် Art Work များ ကို ကြည့်ရင်း တော်တော်လေး အားရပါးရ ရှိလာသည်။ ကော်ဖီ တစ်ခွက် ကို ထပ်ဖျော်ပြီး ဘေးနားမှာ ချထားလိုက်သည်။ ကွန်ပျူတာမှ English Classic Song တစ်ပုဒ် ကို ခပ်တိုးတိုးဖွင့် ထားလိုက်ပြီး ကော်ဖီ တစ်ငုံသောက်လိုက် ဆွဲလိုက်စ ပုံကို ဆက်ဆွဲလိုက်ဖြင့် လုပ်နေတော့သည်။

ဖွင့်ထားသည့် သီချင်းက ကျော်နရီဇော် အကြိုက်ဆုံးဖြစ်သည့် သီချင်းတစ်ပုဒ်။ နာမည်က ဆန်ဖရန်စစ္စကို သီချင်းက နှေးနှေး လေးလေးဖြင့် လိုက်ပြီး ညည်းလို့ ကောင်းသည့် သီချင်း အမျိုးအစားဖြစ်သည်။ သီချင်းမယ်လိုဒီ ကို လိုက်ညည်းရင်း illstrator ကို သုံးရင်း ပုံဆွဲနေရသည်မှာ လမိုင်း ကပ်လွန်းလှသည်ဟု ခံစားရသည်။ နာမည်ကြီး ပန်းချီဆရာကြီး တစ်ဦး ဧ။် အကြောင်း ကို ဖတ်မိစဉ် က ထိုပန်းချီဆရာကြီး ပန်းချီဆွဲလျှင် ဆင်ဖိုနီ တေးသွားများ ကို ဖွင့်ထားပြီး ပန်းချီကားများ ဖန်တီးရေးဆွဲလေ့ ရှိသည်ဟု ဖတ်ဖူးသည်။ ပန်းချီဆွဲလျှင် ဖြစ်စေ ၊ ဒီဇိုင်း လုပ်လျှင်ဖြစ်စေ ထို့သို့ သော တေးသွားအနှေးများ ကို ဖွင့်ပြီး ရေးဆွဲပြုလုပ်ခြင်း က ပို၍ အနုပညာဈာန်ဝင်စားစေနိုင်သည် မှာ လက်တွေ့ပင် ဖြစ်တော့သည်။

“ဟူး… ညောင်းလိုက်တာ” တစ်သမတ်တည်း ထိုင်နေမိသောကြောင့်  ဖိထိုင်ထားသည့် ဘက် ရှိ ပေါင်တစ်ချောင်းလုံး ညောင်းညာကိုက်ခဲသည့် ဒါဏ်ကိုစတင်ခံစားလာရသည်။ လုပ်လိုက်စ ကို ခဏရပ်ထားလိုက်ပြီး ကုတင်ပေါ် တက်ထိုင်ကာ ခြေထောက် ကို ဆန့်တန်းမိတော့မှ ခြေထောက်ကျဉ်သည့် ဒါဏ်ကိုပါ ထပ်တိုးခံစားလာရတော့သည်။ ခြေထောက်ကို သွေးလျှောက်အောင် ဆန့်ထားပြီး နှိပ်နယ်နေရတော့သည်။ အနည်းငယ်သက်သာတော့မှ ကွန်ပျူတာ screen ကို ကြည့်မိတော့ သူ့ကို ပြုံးလျှက် ကြည့်နေသည့် Image ကလေး ကို တွေ့လိုက်ရတော့ ညောင်းညာ ကိုက်ခဲနေတာတွေ ပျောက်ကင်းသွားသလိုလို ။

ကွန်ပျူတာရှေ့တွင် ပြန်ထိုက်လိုက်ပြီး illustrator ထဲမှ ပုံလေးကို photoshop ထဲ ပြောင်းထည့်လိုက်သည်။ ပြီးတော့မှ jpeg အဖြစ်ပြောင်းသိမ်းကာ မိုဘိုင်းအင်တာနက် ကို ဖွင့်ကာ facebook ပေါ် တစ်ခါတည်းတက်လိုက်သည်။ ပြီးတော့မှ ထို Image ကလေး ကို facebook ပေါ် တစ်ခါတည်းUpload လုပ်လိုက်တော့သည်။

ဟော… အခုပဲတင်လိုက်သည့် Image ကလေး အတွက် Like ကလေးတွေ တက်လာတာက အမြန်သားပင်။  သူကိုယ်တိုင် ကြည်နူးနေသည်။ သီရိ ဧ။် ဓါတ်ပုံလေး တစ်ပုံ ကို illustrator ဖြင့် ဆွဲပြီး ထိုပုံလေးကို ငေးကြည့်နေရခြင်းက အဓိပ္ပာယ်တစ်မျိုးမျိုး သက်ဝင်နေသလိုလို။