ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အောက်တိုဘာမှတ်တမ်း

အောက်တိုဘာမှတ်တမ်း
.
အောက်တိုဘာထဲသို့ဝင်လာပြီဆိုကတည်းက ရာသီဥတုက ညလယ်ပိုင်းနှင့် နံနက်အစောပိုင်းများတွင် အေးစ ပြုလာတော့သည်။ မနက်ခင်းအစောပိုင်း အိပ်ရာထဲတွင် အိပ်နေရာမှ ဘေးနားမှ စောင်ကို ယူ၍ မခြုံမိဘဲ ကွေး၍ ဆက်အိပ်နေမည်ဆိုပါက အိပ်ရာမှနိုးပြီး မျက်နှာသစ်ပြီးသည့်အချိန်တွင် ချက်ချင်းဆိုသလို နှာချေခြင်းကစတင် ဖြစ်ပေါ် လာတော့ဧ။်။ ၄င်းကား အောက်တိုဘာလထဲသို့ ၀င်လာသည့် ဖြစ်စဉ်ဧ။် အစပင်။ အောက်တိုဘာရောက်ပြီ ဟုဆိုလျှင် ဆောင်းဧ။် အငွေ့အသက်ကို စတင်ခံစားလာရပြီဟုဆိုနိုင်သည်။
.
အောက်တိုဘာလမှ စ၍ ဆောင်းဧ။် အငွေ့အသက်များကို ခံစားလာရသည်။ အောက်တိုဘာရောက်လျှင် အခြားနယ်မြို့များ၌ အေးစိမ့်သည့် ရာသီဥတုဧ။် အထိအတွေ့ကို စတင် ခံစားနေရပြီ ဖြစ်သော်လည်း ရန်ကုန်မြို့အနေဖြင့်မူ မနက်ခင်းအစောပိုင်းများတွင်သာ အအေးဓါတ်ကို ရရှိနိုင်သည်။ ထို့ကြောင့် ဆောင်းဧ။်အစ တွင် ရန်ကုန်သည် သိပ်မအေး။ ဆောင်းဧ။်ရုပ်လုံးပေါ်လာသည့်အချိန်ကား နိုဝင်ဘာအကုန် နှင့် ဒီဇင်ဘာလများရောက်မှပင် ဖြစ်သည်။ ထိုအချိန်တွင် ဆောင်းသည် အအေးဓါတ်ပီပီသသနှင့်အတူ နှင်းမြူများကိုပါ ခေါ်ဆောင် လာတတ်သည်။ အောက်တိုဘာမနက်ခင်းသည် အေးသည်ဟုလည်း မဆိုနိုင်သလို ၊ ပူသည်ဟုလည်း မဆိုနိုင်သည့် သာမာန်အပူချိန် ရရှိသည့် အခြေအနေဖြစ်သည်။ သို့သော် နေ့လည်ခင်းများတွင် ပူသော နေသည် ကျက်နေအောင်ပူဧ။်။ ချွေးစေးများ အလိမ်းလိမ်းဖြင့် အ၀တ်တစ်ထည် ကား နေ့တစ်ဝက်နှင့်ပင် ချွတ်၍လဲရသည်ဖြစ်ရဧ။်
.
ရပ်ကွက်အတွင်း မုန့်ဟင်းခါးရောင်းသော မမြင့်မြင့်သိန်း (ခေါ်) မမိသေး ဆိုသော အမျိုးသမီးဧ။် အမေသည် ဆေးရုံတင်လိုက်ရဧ။် ။ အခြေအနေတော်တော်လေး ဆိုးသည်ဟု ထင်ရသည်။ ရပ်ကွက်ဈေးကလေး အနားတွင် အသုပ်ရောင်းသော မအေးမူပြောမှသိရသည်။ မမိသေးဧ။် အမေကား အသက် ၅၀ ကျော် ၆၀ လောက်ပင်ရှိမည်ဖြစ်သောကြောင့် လူကြီးရောဂါပင်ဖြစ်မည် ထင်သည်။ မမိသေးတွင် မိစုံဖစုံ ရှိသော်လည်း သူ့အဖေက ဒေါင်းဒေါင်မြည်နေသေးသည်။ ဒေါင်ဒေါင်မမြည်ဘဲ ဖြစ်နေသည်က သူ့အမေဖြစ်သည်။ အရင်အချိန်တွေ ကတည်းက ကျန်းမာရေးမကောင်း ဟု ယူဆရပြီး ထိုအမျိုးသမီးကြီးကို သိပ်မတွေ့ရတတ်ဘဲရှိဧ။်။ အခုတော့ ဆေးရုံပေါ် ရောက်နေပြီဖြစ်သည်။ ၄င်း ဆေးရုံပေါ် ရောက်သည့် အဖြစ်ကြောင့် မမိသေး မုန့်ဟင်းခါး မထွက်နိုင်သည်မှာ ၃ လေးပတ်ခန့်ပင် ကြာခဲ့ပြီ ဖြစ်သည်။ အခါတိုင်း အိပ်ရာ ထနောက်ကျ ချိန်များတွင် မမိသေးဧ။် မုန့်ဟင်းခါး ဆိုင်မသိမ်းသေးသဖြင့် အလျင်အမြန်သွားကာ ၀ယ်ယူ ရသည်ချည့်။ အခုတလောတွင်တော့ အိပ်ရာထ စောနေပြန်သည်။ စောသော်လည်း မုန့်ဟင်းခါးမစားရ။ မမိသေးဧ။် မုန့်ဟင်းခါးခုံ သည် ဘေးတစ်စောင်း အနေအထားဖြင့် အနားယူ နေတော့သည်။
.
မမိသေးမရှိသော် မအေးမူကို အလှည့်ပေးရပြန်သည်။ မမိသေး မုန့်ဟင်းခါး ကုန်လျှင် ၊ မအေးမူ အသုပ်ကို စားတတ်သလို ၊ မအေးမူ အသုပ်ကို မမီပါကလည်း မမိသေး ဧ။် မုန့်ဟင်းခါးကို စားရချေသည်။ အခုတော့ ဤသို့မဟုတ် နှစ်ဆိုင်စလုံး မှာ ပြောင်သလင်းခါနေကြဧ။် ။ ပိတ်ထားသည့် မုန့်ဟင်းခါး ဆိုင်ခုံ နှင့် ကုန်သွားသည့် မအေးမူ အသုပ်ဆိုင်မှ ဆိုင်ခုံများ ကိုယ်စီအနားယူနေကြပြီ။ မနက်ခင်းစောစောနိုး၍ စားနေကျ ဖြစ်သည့် မုန့်ဆိုင် နှစ်ဆိုင်စလုံး ပိတ်ထား၍ ဟာနေသည့် ဗိုက်ကို ဖြည့်တင်းရန်အတွက် အကြံထုတ်သော်ပေါ်ဧ။်။ ပေါ်သည့် အကြံသည် လက်ဖက်ရည်ဆိုင်သို့ ချီတက်ရန်ပင်ဖြစ်တော့သည်။ သို့မှ မလုပ်လျှင်လည်း ရေသောက်ဗိုက်မှောက်နေရန်သာရှိသည်မဟုတ်ပါလား။
.
မျှော်လင့်ချက်ကို ရင်မှာပိုက်၍ လက်ဖက်ရည်ဆိုင်သို့ လှမ်းလာခဲ့သောလမ်းတွင်လည်း ပူပန်မှုသေးသေးကလေး တစ်ခုက ပါလာ ခဲ့သေးသည်။ လက်ဖက်ရည်ဆိုင်အတွင်း ၀င်၍ အဆင်ပြေရာ စားပွဲတစ်ခုတွင် ထိုင်လိုက်ပြီး အခြေအနေကို သုံးသပ်ကြည့်လိုက်မှ ပူပန်မှုကလေးက ပျောက်ကွယ်သွားတော့သည်။ အခြားတော့မဟုတ်ချေ။ ၈ နာရီ ၉ နာရီ ဆိုသော အချိန်သည် လက်ဖက်ရည် ဆိုင်မှ အီကြာကွေးများ တက်တက်စင်အောင် ပြောင်သွားတတ်သော အချိန်ဖြစ်သောကြောင့်ပင်။ အခုတော့ ဆိုင်အတွင်း ရှိ ဟိုစားပွဲ ၊ ဒီစားပွဲများ တွင် အီကြာကွေးပန်းကန်များ ကျန်နေသေးသည်ကို တွေ့နေရသေးသည်။ ပေါ့ကျလက်ဖက်ရည် ကို မှာ၍ အီကြာကွေး ပန်းကန်ကို ရှေ့ချကာ မနက်ခင်းစာ ကို အားရပါးရလွေးနေမိတော့သည်။ လက်ဖက်ရည်ပန်းကန်တစ်ဝက်နှင့် အီကြာကွေးတစ်ချောင်း ကုန်သွားမှပင် တစ်ရှုးဘူးထဲမှ တစ်ရှုးတစ်စ ကို ထုတ်၍ လက်ကိုသုပ်ပြီးလျှင် လက်ဖက်ရည်ကြမ်းဓါတ်ဘူး ကို ငှဲ့ကာ ရေနွေး ကို သောက်ရန်ပြင်မိသည်။ ဗိုက်ထဲ အစာလေး နည်းနည်းဝင်သွားမှ မောဟကလေး နည်းနည်းငြိမ်းသွားသလိုခံစားရသည်။ ထိုအခါမှပင် ဘေးဘီကိုလှည့်ကြည့်ရကောင်းမှန်း သိတော့သည်။
.
လက်ဖက်ရည်ဆိုင်အတွင်းမှာကား နိုင်ငံခြားရုပ်သံလိုင်းမှ လာနေသော အင်္ဂလိပ်ဇာတ်ကားတစ်ကား ကို ကြည့်ရှုနေသူ တချို့ရှိသလို ၊ လက်ဖက်ရည်စားပွဲတွင်ထိုင်ကာ ဆိုင်ရှေ့ကို ငေးမောနေသူများလည်း ရှိသည်။ တချို့က ၀ိုင်းဖွဲ့လျှက် စကားပြောနေကြသည်။ ဆိုင်ရှေ့တွင်တော့ ဆိုင်ကယ်သုံးလေးစီးခန့် ရပ်ထားသည်။ ထိုသို့ဆိုင်ကယ်များ ရပ်ထားသည့် အနီးအနားစားပွဲတွင် လူတစ်ချို့ထိုင်နေကြသည်။ ထိုလူများဧ။် ဘေးတွင်မူ ကြက်နှစ်ကောင်ခွပ်နေသည်။ ကြက်တစ်ကောင်သည် အတင်းလိုက်ခွပ်နေလေရာ တစ်ကောင်မှာ ကြောက်သဖြင့်ပြေးနေရသည်။ ထိုအချိန်တွင် ပြေးနေသော ကြက်ကို ထိုစားပွဲတွင်ထိုင်နေသော လူပျိုပေါက်ကောင်လေးက ပွေ့ယူလိုက်ပြီး လိုက်ခွပ်နေသော ကြက်ကို အဝေးသို့ မောင်းထုတ်လိုက်သည်။ အဝေးသို့ မောင်းထုတ်ခံရသော်လည်း ထိုကြက်မှာဝေးဝေးသို့မသွား ၊ ကောင်လေးပိုက်ထားသော ကြက်ကို လှမ်းခွပ်ရန် ရစ်သီရစ်သီ ပင် လုပ်နေသေးသည်။ ထိုစားပွဲတွင် ကြက်သမားများ အမြဲတမ်းထိုင်လေ့ရှိသည်။ ဆိုင်ကယ်များဖြင့် လက်ဖက်ရည်ဆိုင်သို့လာ၍ ထိုစားပွဲတွင် အလုပ်ကိစ္စများပြောနေတတ်သည်။ သူတို့ ဘာပြောသည်ကိုတော့ မသိရချေ။
.
.
ဤလက်ဖက်ရည် ဆိုင်ကလေး သို့ ရပ်ကွက်ထဲတွင် ကာလကြာရှည်စွာပေါင်းသော သူငယ်ချင်းတစ်ယောက်နှင့် အမြဲတမ်းထိုင်ဖြစ်သည်။ ထိုသို့ထိုင်ဖြစ်သည်မှာလည်း ညဘက်များတွင်သာများသည်။ မိုးများ သည်းထန်စွာရွာသွန်းနေသော မိုးညများတွင် လက်ဖက်ရည်ဆိုင်ကလေးအတွင်းသူငယ်ချင်း နှင့်အတူ မိုးတိတ်သည်အထိ ထိုင်စောင့်ကာ မိုးတိတ်မှ အိပ်ပြန်ဖူးသည်။ ရှားပါး ကာလများ အတွင်း လက်ဖက်ရည် တစ်ခွက်ကို နှစ်ယောက်မျှသောက်ဖူးခဲ့သည်။ ဘ၀အရေးများ ၊ အလုပ်အကိုင်အကြောင်းများ ၊ နှလုံးသားရေးရာများ ၊ မျှော်လင့်ချက်စကားများ ၊ မန်ယူဧ။်သွင်းဂိုးများ စသည်ဖြင့် လက်ဖက်ရည်ဆိုင်ကလေး အတွင်း စီးမျောဖူးခဲ့ဧ။်။ အခုတော့ တစ်ယောက်တည်းသာ။
.
ကိုးနာရီခွဲခန့်ရှိပြီဖြစ်သော မနက်ခင်းသည် တိတ်ဆိတ်မှုကို မပေးစွမ်းနိုင်တော့ချေ။ အချိန်က ကထိန်ရာသီ ၊ လမ်းတိုင်း လမ်းတိုင်း ၊ အဖွဲ့အစည်းတိုင်း တွင် ဒီလိုအချိန်ဆိုလျှင် ကထိန်ခင်းရန် ၊ ပဒေသာပင် စိုက်ထူရန်အတွက် အာရုံစိုက်နေကြသော ကာလအပိုင်းအခြားဖြစ်သည်။ ထို့အတူ လက်ဖက်ရည်ဆိုင်အတွင်းမှ လှမ်းကြည့်လျှင်မြင်နိုင်သော အနီးအနားရှိ မဏ္ဍပ်သည်ကား ကထိန်အတွက် ပဒေသာပင်စိုက်ထူရန် အလှူခံနေခြင်းပင်ဖြစ်သည်။ ထိုမှ အနည်းငယ်ပို၍ ကြည့်လိုက်ပါက လမ်းထောင့်တွင်ရှိသော ဆိုက်ကားဂိတ်ဧ။် အရှေ့တွင် သီးလက်စ ပဒေသာပင် တစ်ပင် ကိုတွေ့ရမည်ဖြစ်သည်။ ထိုပဒေသာပင်ကား ဆိုက်ကားဆရာများ စုပေါင်း လှူဒါန်းမည့် ပဒေသာပင်ဖြစ်သည်။ ထိုမျှမက ထိုဆိုက်ကားဂိတ်ဧ။် အရှေ့နည်းနည်းသွားလျှင် ရန်ကုန်-ပုသိမ်လမ်းမကြီးရှိသည်။ ထိုလမ်းမကြီး တစ်ဘက်ရှိ ဆိုက်ကားဂိတ်တွင်လည်း ထိုနည်းတူစွာပင် ပဒေသာပင်တစ်ပင်ကို စိုက်ထူးထားချေသည်။
.
ကထိန်အတွက် အလှူခံရန်အတွက် ရပ်ကွက်အလိုက်သော်လည်းကောင်း ၊ အဖွဲ့အစည်းအလိုက်သော် လည်းကောင်း ကိုယ်တိုင်လည်း မတည်ကာ ၊ အခြားလမ်းသွားလမ်းလာများဆီမှလည်း ငါးဆယ် ၊ တစ်ရာ ၊ နှစ်ရာ ၊ ငါးရာ စသည်ဖြင့် တစ်စတစ်စ အလှူခံကာ မိမိတို့ ပဒေသာပင်ကို ပို၍ ဝေဆာရန် ကြံဆောင်ကြသည်။ ထိုသို့ အလှူခံဌာနများပြုလုပ်ကာ အလှူခံကြသော နေရာများတွင် ဆောင်းဘောက် နှင့် အသံချဲ့စက်ကား မပါမဖြစ်။ လောလောဆယ်တွင်လည်း အလှူခံတိုင်းလိုလိုတွင် ဖွင့်လှစ်ကြသော တေးသံရှင် ဝေမိုးဧ။် အလှူခံပါဗျို့ သီချင်းကား ပေါက်သီချင်းဖြစ်နေ၍ ထိုသီချင်း ကိုပင် အလှူခံမဏ္ဍပ်များ ၊ ဓမ္မာရုံများ စသည်တို့တွင် မရိုးနိုင်အောင် ဖွင့်လှစ် နေကြတော့သည်။ လမ်းဧ။်ဒီဘက် အလှူခံမဏ္ဍပ်မှလည်းကောင်း ၊ ဟိုဘက် ဆိုက်ကားဂိတ်အလှူခံမှဏ္ဍပ်မှလည်းကောင်း ဖွင့်လှစ်နေသော အလှူခံပါဗျို့သီချင်းသည် တစ်ယောက်ဆိုသည်ကို တစ်ယောက်က အနောက်မှ သံယောင်လိုက်၍ ဆိုနေသည့်အလား ဖြစ်နေတော့သည်။ ဟိုမှာလည်း အလှူခံပါဗျို့ ၊ ဒီမှာလည်း အလှူခံပါဗျို့ ဟူ၍ပင်။ အလှူခံပါဗျို့ သီချင်းကို သုံးခါလောက် ဆက်တိုက်ဖွင့်ပြီးသော် ၊ ပရဟိတ အကျိုးတော်ဆောင် ၊ အရင်ကသူငယ်ချင်း စသည့် အလှူခံသီချင်းများ ကို ဆက်တိုက်ဖွင့်လေတော့သည်။
.
နေ့စွဲxxxxကြေကွဲxxxxအမြဲလိုပုံမှန်ပဲxxx ဟူသော စာသားဖြင့် အစချီသော သီချင်းသည် နိုင်ငံကျော် ရော့ခ်ဂီတအဆိုတော် အငဲ ဧ။် သီချင်းပင် ဖြစ်သည်။ ထိုသီချင်းကား လက်ဖက်ရည်ဆိုင် ဧ။် မလှမ်းမကမ်း လမ်းထောင့်တွင် မဏ္ဍပ်ထိုး၍ သီးလက်စ ပဒေသာပင် သုံးပင်ကို ရှေ့ချထားသော အလှူခံမဏ္ဍပ်အတွင်းမှ အောင်မြင်သောအသံဖြင့် ထွက်ပေါ်လာခဲ့သည်။ အနီးအနားတွင်ရှိသော ကြက်သမား လက်ဖက်ရည်ဝိုင်းမှ ယောက်ျားအချို့ ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် စည်းချက်လိုက်သည်ကို တွေ့ရသည်။ စားသောက်လက်စလက်ဖက်ရည်နှင့် အီကြာကွေးသည် မကုန်သေး။ ထို့ကြောင့် ကျန်သည့် အီကြာကွေးကို ၀ါးရင်းနှင့် ပင် ပေါ့ကျ လက်ဖက်ရည်ကို အပြီးသတ်လိုက်တော့သည်။
.
လက်ဖက်ရည်သောက်ခြင်းအမှု ပြီးသည့်အခါ ရေနွေးသောက်ခြင်းအမှု နှင့် တွေဝေငေးမော တွေးတောသည့် အမှုသည် တိုး၍ လာတော့သည်။လမ်းပေါ်တွင် လှုပ်ရှားသွားလာနေသူများ ၊ မျက်နှာချင်းဆိုင်ရှိ ကတ္တရာလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားသည့် ကားများ ၊ အနီးအနားရှိ ဆိုင်ကယ်ပြင်ဆိုင် ၊ စက်ဘီးပြင်ဆိုင်စသည်တို့ကို ငေးမောရင်းဖြင့် ပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်လုံးကို အမြင်အားဖြင့် လည်းကောင်း ၊ အတွေးအားဖြင့် လည်းကောင်း ဖြန့်ကျက်နေမိသည်။ နံနက်ခင်းသည် အသက်ဝင်သည်ထက် အသက်ဝင်လာခဲ့ပြီ ဖြစ်တော့သည်။
.
တွေးတော ငေးမောမှုများ ဖြင့်ရှိနေသည့် နားစည်ထဲသို့ လမ်းတစ်ဘက်ခြမ်းမှ လွင့်ပျံလာသော မျိုးကြီးသီချင်းသည်လည်းကောင်း ၊ ဝေမိုးဧ။် အလှူခံပါဗျို့ သီချင်းသည်လည်းကောင်း ၊ အနီးအနား မဏ္ဍပ်မှ အငဲသီချင်းသည်လည်းကောင်း စိမ့်ဝင်စီးမျောလျက်။ အတွေးတို့သည် ရပ်တန့်မနေ။ ဖြန့်ကျက်လွင့်မျောလျှက် အတိတ်သို့လည်းကောင်း ၊ ပစ္စုပန်တည့်တည့်ကို လည်းကောင်း ၊ အနာဂတ် ကိုလည်းကောင်း ရစ်ခွေတွန့်ခွေသွားနေလျှက်ပင်။ ဆူညံသည့်အသံများကိုခဏမေ့ပြီး လက်ဖက်ရည်ဆိုင်အတွင်း ရှိ ပြသနေသော ဗီဒီယိုကားကို ငေးမောနေသော်လည်း စိတ်ကမပါ။ အရှေ့ကိုပြန်လှည့်သော် “ငါအတွေးမှာ x x မင်းရှိရင် x x x နာကျင်အောင်စူး နဂါးရိုင်းလို x x x အလှူခံပါဗျို့ x x x x” စသည့် သီချင်းသံများ ကို ဂရုပြုမိစေတော့သည်။
.
အပြင်ဘက်မှာ နေက အတော် ပူနေပြီဖြစ်သည်။ ရေနွေးကြောင့်လည်းကောင်း ၊ ရာသီဥတုဧ။် အပူရှိန်မြင့်တက်လာခြင်းကြောင့်လည်းကောင်း ချွေးစေးများပင် စိုလာတော့သည်။ လက်ဖက်ရည် ဆိုင်အတွင်း ထိုင်နေသည်မှာ ကြာပြီဖြစ်သဖြင့် အိမ်ပြန်ရန်ဆုံးဖြတ်ပြီးသော် စားပွဲထိုးကိုခေါ်၍ ပိုက်ဆံရှင်းလိုက်သည်။ ပိုက်ဆံရှင်းပြီးသော်လည်း ချက်ချင်းဆိုသလို မပြန်ဖြစ်သေး။ စားပွဲတွင်ထိုင်လျက် ငေးမောနေမိသည်။ ရုတ်တရက်ဆိုသလို ကားလမ်းတစ်ဘက်ခြမ်းမှ မျိုးကြီးသီချင်းသည် တိတ်ဆိတ် သွားသည်။ ဒီဘက် ဆိုက်ကာဂိတ်မှ ဖွင့်နေသော အလှူခံပါဗျို့သီချင်းသည်လည်း အဆုံးသတ်ခါတီးဆဲဆဲဖြစ်နေလေပြီ။ ကားလမ်းထောင့်မှ အငဲသီချင်းကား ဘယ်နှကြိမ်မြောက်ဖွင့်သည်မှန်း မသိသော်လည်း သီချင်းပြီးခါနီး ၍ Chorus ကို အထပ်ထပ်အကြိမ်ကြိမ် ဆိုနေပြီဖြစ်သည်။ သီချင်းဆုံးလျှင် ပြန်မည်ဟု စိတ်ကူးကာ ထိုင်နေမိသောကြောင့် ပြီးခါနီး သီချင်းစာသားများကိုပင် ပါးစပ်မှလိုက်၍ ညည်းနေမိသည်။ နောက်ဆုံး သီချင်းတစ်ပိုဒ်ပြီးလျှင် ဤသီချင်းကားပြီးပြီဖြစ်သည်။
.
သီချင်းဧ။် နောက်ဆုံး စာသားများ ပြီးသည်နှင့် အတီးလည်းရပ်၍ သီချင်းလည်း အဆုံးသတ်သွားတော့သည်။ ထိုသို့ သီချင်းရပ်၍ ပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်လုံး တိတ်ဆိတ်သွားချိန်တွင် ထွက်ပေါ်လာသောအသံတစ်သံကို လေးနက်စွာသတိပြုမိလေသည်။ ထိုအသံကား “ဖရဲ………သီးစိတ် ချို…..ချိုလေး” ဟူသော အသက် ၁၅ နှစ်အရွယ် ကလေးမလေး တစ်ယောက်ဧ။် အသံသေးသေးမျှင်မျှင်လေးပင် ဖြစ်တော့သည်။ ထိုကလေးမလေးကား လက်ဖက်ရည်ဆိုင်ရှေ့မှ ဖရဲသီးစိတ်နီနီများ တင်ထားသော ဗန်းတစ်ခုကို ရွက်လျှက် သုံးလေးစက္ကန့်တစ်ကြိမ် အော်၍သွားသည်။ နောက်ဆုံးအကြိမ် “ဖရဲ………သီးစိတ် ချို…..ချိုလေး” ဟု သူအော်လိုက်သော အသံကိုတော့ မကြားရတော့ချေ။ သို့သော် သူ့အနေဖြင့် “ဖရဲ………သီးစိတ် ချို…..ချိုလေး” ကို ဆက်တိုက်အော်ကာ လမ်းမတစ်လျှောက် လမ်းလျှောက်သွားသည်ကို မြင်နေရတုန်းပင်။
.
.
ကျော်ညိုသွေး