ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အာရုံထဲက အမျှင်များ

အာရုံထဲက အမျှင်များ
-----------------------
ရုပ်တစ်ခု စိတ်ကိုးဆယ် ဆိုတဲ့စကားရှိနေသားနဲ့ ကိုယ်ကတော့ လူတိုင်းအပေါ်မှာ တသမတ်တည်းပဲ လို့ ပြောနေတတ်တဲ့ လူတွေမြင်ရင် ကျွန်တော်ကတော့ ရယ်ချင်ချင်သာ ဖြစ်မိပါတယ်။ စိတ်ဆိုတာ အချိန်တစ်စက္ကန့်တည်းမှာတင် ၂ ခါလောက်ပြောင်းနေတတ်တာပဲလေ။ လူတစ်ယောက်အတွက် စိတ်(အဆိုး၊ အကောင်း) ပြောင်းလဲခြင်းဆိုတာ လူတစ်ယောက်အတွက် ၂ မျိုး ၂ စားတည်းမက အမျိုးအစားအများအပြား
ဖြစ်ပေါ်နေနိုင်တယ်။ ဥပုသ်နေ့မို့ ခြင်မသတ်ပါနဲ့ဆိုပြီး ကိုယ့်ကိုလာတားနေတဲ့မိန်းမ တောင်မှ လမ်းမှာဖယ်ရီကားရှေ့မှာ ကန့်လန့်ဖြစ်နေတဲ့ ခွေးကို ဝင်တိုက်ပစ်လိုက်ဟ ဆိုပြီး Driver ကို ပြောသေးတာပဲ။ လူတွေဟာ မသိရင် သူတို့ကိုယ်တိုင် သိပ်ကိုမှန်ကန်ဖြောင့်မတ်နေသလို၊ မက်မောဖွယ် စာအုပ်တစ်အုပ် လိုဖြစ်အောင် ပြောဆိုတတ်ကြတယ်။
.
လမ်းမှာဘတ်စကားစီးနေရင်း ကားပေါ်ကနေ အပြင်ဘက်ကို လှမ်းကြည့်တော့ လမ်းလယ်ဘလောက်စ်တုန်းတွေနားကနေ စက်ဘီးတစ်စီးမောင်းလာတယ်။ သူ့နောက်ဘက်ကနေ ကားတစ်စီးက အပေါ်ကြောအတိုင်းမောင်းလာရင်း သူ့ကိုကျော်လို့ ရှေ့နားက ဘလောက်စ်တုံးမရှိတဲ့ လမ်းကွေ့ရမယ့် နေရာကနေ နောက်မီးပြပြီး ရုတ်တရက်ကွေ့လိုက်တယ်။ စက်ဘီးမောင်းလာတဲ့သူဟာ အရှေ့ကကား ရုတ်တရက် အချက်ပြပြီး ကွေ့တဲ့အခါ ကားကို ဝင်တိုက်တော့မလိုဖြစ်ပြီး မနည်းဘရိတ်အုပ်လိုက်ရတယ်။ ကားကတော့ ကွေ့သွားပြီ၊ စက်ဘီးမောင်းတဲ့သူက အရှိန်မနည်းထိန်းလိုက်ရတဲ့ အတွက် နည်းနည်း စိတ်ကသိကအောက်ဖြစ်သွားပုံရပါတယ်။ မျက်နှာအနေအထားနည်းနည်းတင်းလာပြီး စက်ဘီးဆက်နင်းရင်းနဲ့ ကွေ့သွားတဲ့ ကားဘက်ကို မကျေမနပ်လှည့်ကြည့်တယ်။
.
သူ့စိတ်ထဲမှာတော့ ဘယ်လိုကားသမားလဲပေါ့။ ရုတ်တရက်ကွေ့ချလိုက်တယ်ပေါ့။ အဲဒီလိုတွေးမှာပဲ။ ဒါပေမယ့် စက်ဘီးမောင်းတဲ့သူဟာ သူ့ကိုယ်သူ ဘာလုပ်နေတယ်ဆိုတာ သိပုံမရဘူး။ မှားနေတယ်။ သူမောင်းလာတာဟာ အလယ်ကြောဖြစ်တယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအရ လမ်းလယ်ကြောမှာ မောင်းလာတဲ့ စက်ဘီး၊ ဆိုင်ကယ်တွေကို ယာဉ်စည်းကမ်းအရ ဖမ်းဆီးနိုင်ခွင့်ရှိတယ်။ တနည်းအားဖြင့် သူက တရားဥပဒေ ချိုးဖောက်နေတာဖြစ်တယ်။ ကားလမ်းပေါ်မှာ မောင်းနေတဲ့ အိမ်စီးကားအနေနဲ့ တစ်ဘက်လမ်းကို ကွေ့ဖို့ အပေါ်ကြောကိုယူပြီး အချက်ပြလို့ ကွေ့လိုက်တာဟာ သူလုပ်ရမယ့်နည်းလမ်းအတိုင်း နည်းမှန်လမ်းမှန်နဲ့ လုပ်လိုက်တာပဲဖြစ်တယ်။ ကိုယ် မမောင်းရမယ့်နေရာမှာ စက်ဘီးကိုမောင်းနှင်နေတာကြောင့် ကားကွေ့တဲ့အခါ သူ့စက်ဘီး အရှိန်မနည်းထိန်းလိုက်ရတာကိုပဲမြင်တဲ့ စက်ဘီးသမားကတော့ သူ့ကိုယ်သူ အမှန်တရားကြီးဝတ်ဆင်ပြီး စက်ဘီးမောင်းလာသလိုပဲ။
.
လောကထဲလူတွေက ဒီလိုပဲ။ ကိုယ်ကိုယ်တိုင်ရဲ့ အကြောင်းတရားက လမ်းကြောင်းမှန်ရဲ့လားဆိုတာကို မတွေးဘဲ လမ်းလယ်ကြောတက်မောင်းသလို လုပ်နေကြတာပဲ။ ကိုယ့်ကိုယ်ကိုတော့ အမှန်တရားကြီး ပိုက်ပြီး လျှောက်လှမ်းနေကြသလိုပေါ့။
.
ရန်ကုန်မြို့မှာ အဲဒီလိုမျိုး ကိုယ့်ကိုယ်ကို အမှန်တရားကို ပိုက်ထွေးထားတယ်လို့ ထင်နေကြတဲ့ လူတန်းစားအလွှာတွေ အများကြီးရှိတယ်။ လမ်းပေါ်မှာဆိုလည်း လမ်းပေါ်မှာ အလျှောက် ၊ ရပ်ကွက်ထဲမှာဆိုလည်း ရပ်ကွက်ထဲမှာ အလျှောက်ပေါ့။
.
ပလက်ဖောင်းပေါ် ဈေးရောင်းနေတာ၊ ပလက်ဖောင်းပေါ်က မလျှောက်ဘဲ ကားလမ်းပေါ် တက်ရပ်နေပြီး ကားသမားက ကားလမ်းနားကပ်ပြီးရပ်ဖို့ အနားတိုးလာတဲ့အခါ ကားသမားကို မကြည်ကြည့်နဲ့ကြည့်တာ။ တကယ်ဆို ကားက ကားလမ်းပေါ်မှာရှိနေရမှာဖြစ်ပြီး ၊ လူကတော့ ပလက်ဖောင်းပေါ်မှာ ရှိနေရမှာလေ။
.
ရပ်ကွက်ထဲမှာဆိုလည်း မင်္ဂလာဆောင် ၊ အလှူ ခံစသည်ဖြင့် လုပ်တဲ့အခါတွေမှာ ဓါတ်စက်ကို လိုတာထက်ပိုပြီး ဖွင့်နေတာမျိုးတွေဟာ သိပ်ကို အရုပ်ဆိုးအကျည်းတန်တဲ့အပြင် ရပ်ကွက်ထဲမှာ မှီတင်းနေထိုင်နေကြတဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်တယ်ဆိုတာကို မသိဘဲ မိမိ လုပ်ချင်တာတစ်ခုတည်းကိုသာ ကြည့်ပြီး တွန်းတွန်းတိုက်တိုက်လုပ်တတ်တာတွေဟာ သိပ်ကို စိတ်ပျက်စရာကောင်းနေခဲ့ပြီ။
.
ညနေခင်းမှာ ကိုယ်စီကိုယ်ငှ အလုပ်၊ ကျောင်း ၊ သင်တန်းကနေ ပြန်လာတဲ့သူတွေအဖို့ နားအေးပါးအေးနဲ့ အခန်းထဲမှာ လဲလျောင်းလို့ တိတ်ဆိတ်ငြိမ်သက်စွာ အနားယူအပန်းဖြေဖို့အချိန်ရှိသလို ၊ သတင်းနားထောင်တာမျိုး ၊ စိတ်အပန်းဖြေတဲ့ အနေနဲ့ ရုပ်မြင်သံကြားကြည့်ရှုတာမျိုး၊ အဝေးရောက် ဆွေမျိုး၊ မိတ်သင်္ဂဟတွေနဲ့ ဖုန်းပြောခြင်းစတာတွေ လုပ်နေချိန်မှာ ဓါတ်စက်သံနဲ့ ဖုံးလွှမ်းထားတာမျိုးကတော့ သိပ်ကို မယဉ်ကျေးတဲ့ လူမှုဝန်းကျင်လို့ ဆိုရမှာပဲဖြစ်ပါတယ်။
.
ရုပ်တစ်ခု၊ စိတ်ကိုးဆယ် ဆိုတဲ့ စကားကို ပြန်ကောက်ရရင်တော့ လူဟာ တချိန်တည်းမှာ ကြည်လင်ငြိမ်းချမ်းတဲ့စိတ်နဲ့ အတူ ၊ မသိစိတ်အတွင်းနစ်မြုပ်နေတဲ့ ကြမ်းတမ်းခက်ထန်တဲ့ စိတ်အနေအထားတွေ ရှိနေကြတယ်။ ကိုယ့်ပတ်ဝန်းကျင်အခြေအနေကြောင့် ကိုယ့်စိတ်အခြေအနေဟာ တုန်ခါမှုအနေအထား အနိမ့်အမြင့်အမျိုးမျိုးဖြစ်စေနိုင်တာပဲလေ။
.
ကျွန်တော်တို့ဟာ သည်းခံရတယ်။ အကောင်း၊ အဆိုး ၂ မျိုးအပြင် အခြားသော စိတ်အခြေအနေတွေဖြစ်ပေါ်လာမယ့်အနေအထားကို ကိုယ့်ကိုယ်ကိုသိရှိနားလည်တဲ့အခါ ဆင်ခြင်တုံတရားဆိုတဲ့ ကိုယ့်စိတ်ကို လွတ်ထွက်မသွားအောင် ခါးပတ်ပတ်ထားရတယ်။ ဆင်ခြင်တုံတရားရှိဖို့ ဆိုတာဟာလည်း ကိုယ့်ရဲ့ကြီးပြင်းရှင်သန်လာမှုအခြေအနေထဲမှာ ကိုယ်တိုင်လေ့လာသင်ကြားဖတ်မှတ်မှု နဲ့ အဆုံးအမခံယူမှုတွေနဲ့ အတူ လေ့ကျင့်ယူရတာပဲလေ။
.
ရှင်သန်ကြီးပြင်းပုံမတူတဲ့အခါ ဆင်ခြင်တုံတရား အခြေအနေအနိမ့်အမြင့်ဟာ မတူညီနိုင်ဘူး။ ပီဘိတည်ငြိမ်နေ/ချင်တဲ့ စိတ်အခြေအနေနဲ့အတူ ငြိမ်းချမ်းရာကို ရှာဖွေနေတဲ့အခါ/ ခံစားနေတဲ့အခါ အဲဒီလိုခံစားမှုကြောင့် ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းခြင်းတရားကို ရရှိဖို့ အတွက်ဆိုရင်တော့ ပတ်ဝန်းကျင်ဟာ ကိုယ့်စိတ်ကို အထောက်အပံ့ဖြစ်စေဖို့ သိပ်ကို လိုအပ်တာပေါ့။
.
နေ့တိုင်း ကျွန်တော်တို့အတွေးဟာ ငြိမ်းချမ်းမှုကိုတော့ လိုချင်ကြတာချည်းပါပဲ။ လက်ဖက်ရည်လေးတစ်ခွက်၊ ဆေးလိပ်လေးတစ်လိပ် ၊ ကွမ်းကလေးတစ်ရာ စားသောက်ပြီး ရရှိတဲ့ ကျေနပ်နှစ်သိမ့်မှုလို ငြိမ်းချမ်းခြင်းကို စဉ်ဆက်မပြတ်(သို့မဟုတ်) တနေ့တာတိုင်းမှာ အချိန်များများခံစားနိုင်ဖို့ကတော့ အနုပညာဆန်တဲ့ ဒေသတွေဖြစ်ထွန်းလာဖို့သိပ်ကိုလိုအပ်တယ်ဆိုတာ အခိုင်အမာယုံကြည်ပါတယ်။
.
ကျွန်တော်တို့ ကိုယ်စီ ကိုယ်စီ ဘယ်လို နေရာဒေသတွေမှာ ရှင်သန်နေထိုင် နေကြပါသလဲ၊ ကျွန်တော်တို့ရဲ့ တည်မှီရာရပ်ဝန်းကရော ငြိမ်းချမ်းမှုကို လိုလားတဲ့ သူတွေ ရှိတဲ့ အရပ်ပါလား။ ကျွန်တော်တို့ရဲ့ စိတ်ငြိမ်းချမ်းမှုတွေကို ဘယ်လိုမျိုး ပိုမိုပွားယူနိုင်လိမ့်မလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အနေနဲ့ ရုပ်တစ်ခု ၊ စိတ်ကိုးဆယ် ဖြစ်နေပေမယ့်လည်း ကိုးဆယ်သော စိတ်အခြေအနေတွေထဲမှာ ပျော်တဲ့စိတ် ၊ ကြည်လင်တဲ့စိတ် ၊ ကိုယ်ချင်းစာတဲ့စိတ် ၊ အနုပညာဆန်တဲ့စိတ် ၊ သနားတတ်တဲ့စိတ် ၊ ပေးကမ်းစွန့်ကြဲတတ်တဲ့စိတ် ၊ ပြင်ဆင်လိုတဲ့စိတ် ၊ ကြိုးစားလိုတဲ့စိတ် ၊ ကူညီဖေးမချင်တဲ့စိတ် ၊ နည်းမှန်စွာအောင်မြင်လိုတဲ့စိတ် ၊ နှစ်လိုဖွယ်ကြင်နာချင်တဲ့စိတ် ၊ ရိုသေတဲ့စိတ် ၊ ပေးကမ်းစွန့်ကြဲလိုတဲ့စိတ် ၊ တိရစ္ဆာန်လေးတွေကို သနားညှာတာတတ်တဲ့စိတ် ၊ သင်ယူလိုစိတ် ၊ ဝေမျှချင်စိတ်၊ သဘာဝတရားနဲ့သစ်ပင်ပန်းမာလ်တွေကို ချစ်ခင်ထိန်းသိမ်းလိုစိတ် ၊ ကမ္ဘာကြီးကို ချစ်တဲ့စိတ် တွေ ရှေ့တန်းရောက်နေဖို့ တကယ်ကို လိုအပ်ပါတယ်။
.
ကျော်ညိုသွေး