ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

အခြေအနေဆိုးရွားလွန်းနေသည့် ရန်ကုန်မြို့က ဘတ်စ်ကားများ
------------------------------------------------------------------------



အခုပုံကတော့ ရန်ကုန်မှာပြေးဆွဲနေတဲ့ Bus တွေရဲ့ ခရီးသည်တင်ဆောင်ထားပုံကို မြင်ယောင်ပြီးဆွဲထားတဲ့ ပုံ ၂ ပုံပဲဖြစ်ပါတယ်။ ရန်ကုန်က ခရီးသည်တင် Bus တွေမှာ ပုံထဲက အတိုင်း ခရီးသည်တွေကို တင်ဆောင်ပါတယ်။ ဘယ်ဘက်အခြမ်းမှာ သုံးယောက်ခုံတွေရှိပြီး ၊ ညာဘက်အခြမ်းမှာတော့ ၂ ယောက်ထိုင်ခုံတွေရှိပါတယ်။ အလယ်မှာ ၃ တန်း တန်းထားပါတယ်။
.
ရန်ကုန်ထဲမှာ ခရီးသည်အပြည့်နဲ့ တင်ဆောင်လာတဲ့ တချို့သော Bus တွေကို ကြည့်လိုက်တဲ့အခါ ကားဟာ ညာဘက်အခြမ်းကို စောင်းနေတာကိုတွေ့ရပါလိမ့်မယ်။ အဲဒါဟာ ပုံမှာပြထားတဲ့အတိုင်း ခရီးသည်တင်ဆောင်လာတာကြောင့်ပဲဖြစ်ပါတယ်။
.
ဘယ်ဘက်အခြမ်းဟာ ညာဘက်အခြမ်းထက် ခရီးသည်ပိုတင်ထားတယ်ဆိုပေမယ့်လည်း ကားကို အလယ်တည့်တည့်ကနေ သုံးတန်းတန်းပြီး လူပြန်တင်တဲ့အတွက် ၂ ယောက်ထိုင်ခုံဘက်အခြမ်းဖြစ်တဲ့ ညာဘက်အခြမ်းဟာ လူအရေအတွက်ပိုများသွားပါတယ်။ ပြီးတော့ ကားရဲ့ညာဘက်အခြမ်းမှာပဲ လူအဆင်းအတက် အပေါက်တွေရှိနေတာဖြစ်ပြီး အပေါက်ဝဘက်နေရာများမှာလည်း လူတွေထပ်တင်ထားတာကြောင့် ကားကို အလယ်ကနေ Balanced ချကြည့်တဲ့အခါ ကားရဲ့ညာဘက်အခြမ်းက အလေးချိန်ပိုများပြီး ကားဟာ ညာဘက်အခြမ်းကို စောင်းနေတာပဲဖြစ်ပါတယ်။
.
အဲဒီအတွက် ကားရဲ့ ညာဘက်အခြမ်းက ကားဘီးများဟာကြံ့ခိုင်မှုအားပိုနည်းလာပြီး ဘီးပေါက်တာတွေ ၊ ချို့ယွင်းချက်တွေ ဖြစ်လာတတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကားတစ်ဘက်ခြမ်းကို လဲပြီး မှောက်တာမျိုးဟာ အဲဒီလိုအခြေအနေတွေကြောင့်ပဲဖြစ်ပါတယ်။ တံတားပေါ်အတက် ၊ လမ်းအကွေ့များမှာဆိုရင် အဲဒီလို တစ်ဘက်စောင်းနေတဲ့ ကားများကွေ့လိုက်တာဟာ သိပ်ကို အသည်းယားစရာကောင်းသလို ၊ ထိတ်လန့်စရာလည်း ကောင်းလှပါတယ်။
.
ကျွန်တော်ကိုယ်တိုင်ကတော့ ရန်ကုန်မြို့ထဲမှာ ကားစီးဖို့ ကြုံတိုင်း အဲဒီလို အခြေအနေဖြစ်နေတဲ့ ကားမျိုးကို ရှောင်လွှဲပြီး စီးလေ့ရှိပါတယ်။
.
ကားရဲ့ကြံ့ခိုင်မှု ၊ ခရီးသွားပြည်သူတွေရဲ့ အန္တရာယ်ကြုံတွေ့နိုင်မှုဟာ မြို့တွင်းပြေးဆွဲနေတဲ့ Bus တွေရဲ့ ခရီးသည်ထိုင်ခုံတွေ တပ်ဆင်ထားရှိမှုနဲ့ အများကြီးသက်ဆိုင်နေပါတယ်။
.
ဒါ့အပြင် အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အဲဒီလို တစ်ခြမ်းစောင်း Bus များကလည်း အများစုဖြစ်နေတာ အားလုံးအသိပဲဖြစ်မှာပါ။
.
ဒီလိုမျိုးအဖြစ်တွေကို ထိန်းသိမ်းဖို့လိုအပ်နေပါပြီ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလို့ ဆိုရာမှာ လမ်းပေါ်က ကားပြိုင်မောင်းတာတွေတင်မက ၊ ကားရဲ့ခရီးသည်တင်ထိုင်ခုံတွေ တည်ဆောက်ပုံအနေအထားတွေကိုလည်း စစ်ဆေးအရေးယူသင့်တယ်လို့ ထင်မြင်မိပါတယ်။
.
တချို့သောကားများမှာဆိုရင် ခရီးသည်တင်ထိုင်ခုံများဟာ လူဝင်လို့ မရလောက်အောင်ဘဲ ကျပ်ညပ်စွာ တစ်ခုံနဲ့တစ်ခုံ နီးနီးကပ်ကပ် တပ်ဆင်ထားတာကြောင့် ထိုင်လို့မရ ၊ ထွက်လို့ မရတဲ့ အခြေအနေတွေတောင်ရှိနေပါတော့တယ်။
.
ပြောရရင် ရန်ကုန်တစ်မြို့လုံးက Bus ကားပေါင်းစုံကို စီးဖူးတဲ့သူတစ်ယောက်အနေနဲ့ အဲဒီလို တစ်ခြမ်းစောင်းကားတွေဟာ မ.ထသ ယဉ်လိုင်းတွေမှာ အများစုဖြစ်နေတာကိုတွေ့ရပါတယ်။ ဘယ်ဘက်က သုံးယောက်တွဲခုံ ၊ ညာဘက်က နှစ်ယောက်တွဲခုံဖြစ်ပေမယ့်လည်း မ.ထ.သ Bus များမှာကတော့ သုံးယောက်ထိုင်ခုံဟာ ၃ ယောက်အပြည့်မဆံ့ဘဲ ၂ ယောက်ခွဲသာ ဆံ့ပါတယ်။ အဲဒါကြောင့် ၃ ယောက်ခုံမှာ ထိုင်တဲ့အခါ ပြတင်းပေါက်နဲ့ နီးတဲ့ လူနှစ်ယောက်သာ အပြည့်ထိုင်နိုင်ပြီး အလယ် Roll ဘက်ရောက်တဲ့ တစ်ယောက်ကတော့ ထိုင်ခုံကို ကိုယ်တစ်ခြမ်းထိုင်လို့ ကျန်တဲ့ ကိုယ်တစ်ခြမ်းကတော့ အလယ်လမ်းကို အားပြုပြီး ခြေထောက်နဲ့ ထောက်လို့ စီးရပါတယ်။ တခြားသော ပါရမီ ၊ အဓိပတိကားလိုင်းများမှာတော့ ဘယ်ဘက်သုံးခုံတွဲဟာ သေချာတဲ့ ဖင်ထိုင်ခုံအခွက်နဲ့ဖြစ်သလို ၊ ညာဘက်အခြမ်းဟာလည်း အနေအထားတူ ၂ ခုံတွဲဖြစ်ပါတယ်။
.
မ.ထသ ယဉ်လိုင်းက Bus များဟာ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းတာဟာ အများပြည်သူအသိပါပဲ။ တချို့သော ကားများဟာဆိုရင် လက်ကိုင်တန်း မပြည့်စုံတာတွေဖြစ်နေတာမျိုးရှိသလို ၊ ထိုင်ခုံတွေ ယိုင်ရွဲ့နေတာမျိုးရှိပါတယ်။ တချို့ကားများမှာဆိုရင် ကားရဲ့အပေါ်ဘက် လက်ကိုင်တန်းတွေကို ဝါးလုံးတွေနဲ့ တန်းထားတာတောင်ရှိနေခဲ့ပါတယ်။
.
လှိုင်သာယာ ၊ ရွှေပြည်သာ စတဲ့ နေရာများကနေ ရန်ကုန်မြို့တွင်းဖြစ်တဲ့ မြေနီကုန်း ၊ ရွှေဂုံတိုင် ၊ လမ်းမတော် ၊ ဆူးလေ စတဲ့နေရာများကို သွားရောက်ပြီး အလုပ်လုပ်ကြရတဲ့သူတွေဟာ ဒီလို မ.ထ.သ ရဲ့ ကားအဟောင်းတွေပေါ်မှာ ကျပ်ကျပ်ညပ်ညပ်စီးကြရတာပါ။ အဲဒီလိုအခြေအနေမှာ ကိုင်စရာတန်းမပြည့်မစုံဖြစ်သလို ၊ ကားကျပ်တာကြောင့် ခြေထောက်နှစ်ဘက်ကို သေချာမထောက်နိုင်ဘဲ၊ ခြေထောက်တစ်ချောင်းကိုသာ အားပြုပြီး ကားစီးရတဲ့ ဒါဏ်တွေကြောင့် ကြာရှည်မှာ ခြေထောက်နာကျင်တဲ့ဝေဒနာတွေလည်း ခံစားကြရပါတယ်။
.
အသက် ၁၇ နှစ်ကတည်းက ရန်ကုန်မြို့ထဲသွားလို့ သင်တန်းတက် ၊ အလုပ်လုပ်ရင်းစီးခဲ့တဲ့ Bus ကားစီးတဲ့ အတွေ့အကြုံဟာ အခုလို အသက် ၃၂ နှစ်ပြည့်တဲ့အခါ ၁၅ နှစ်ဝန်းကျင်ရှိခဲ့ပါပြီ။ ၁၅ နှစ်လုံးလုံး ရန်ကုန် ဘတ်စ်ကားစီးရင်း အချိန်တော်တော်များများ မတ်တပ်ရပ်ရတဲ့ဒါဏ်တွေဟာ မနက်လင်းတိုင်း ခြေဖနာင့်နာတဲ့ ဝေဒနာကို ခံစားရင်း အိပ်ရာထခဲ့ရတာပါပဲ။ ဒါတွေ ဘယ်တော့များမှ လွန်မြောက်မှာလဲ။
.
ဘာပဲဖြစ်ဖြစ် မကျေလည်မှု ၊ တင်းကျပ်မှု ၊ အလိုမကျမှုတွေဖြစ်တိုင်း လုပ်လေ့လုပ်ထရှိတဲ့ စကားလုံးတွေ ၊ စာသားတွေ ရေးချတာကတော့ အကျင့်ပါနေခဲ့ပါပြီ။ ခြေဖနောင့် နာကျင်တဲ့ ဝေဒနာကို လက်ချောင်းထိပ်တွေ ကွန်ပျူတာလက်ကွက်တွေဆီ ထိကပ် ပြေးလွှားစာရိုက်ရင်း ဘဝအမောကို ဖြေရတော့တာပါပဲ။
.
ကျော်ညိုသွေး
http://www.facebook.com/KyawNyoThway
.
#Yangon_Bus #Hamburger_KNT #Daily_Life_In_Yangon #Transpotations