27

မန်ကျည်းရွက်သုပ်ရယ် ငပိရည်ရယ် နဲ့
ထမင်းစားရဖို့ တောင့်တတယ်။
ငယ်ငယ်တုန်းက…
ကိုယ့်ကို သူများက အိုးခြမ်းပဲ့နဲ့ အပစ်ခံရတာမျိုး
သူငယ်တန်းမှာ သူများက မုန့်လုစားခံရတာမျိုးတွေ
ပြန်ပြီး သတိရမိနေတယ်…။

အခုတော့…
ကိုယ်ဖျားနေပါတယ်။
အိပ်ရာ ထဲ လဲလို့။

သူတပါးကြောင့် လဲကျရတာထက်
ကိုယ်စိတ်နဲ့ ကိုယ့်ကိုယ် လဲကျရတာက ပိုပြီးနာတယ်။
ကိုယ်ကိုယ်တိုင် အသက်ဆက်ခဲ့တဲ့ သစ်ပင်က သစ်ရွက်ကလေးတွေ
နေပူလို့ မကြွေပဲ..
ကိုယ်ကိုယ်တိုင် ခြွေယူလို့ ကြွေကျရတယ်။

လေကောင်းလေသန့်ရအောင်
အပြင်ထွက်လမ်းလျှောက်တော့
ကွမ်းယာဆိုင်က ကောင်လေးက
“ နေမကောင်းဘူးလား ကိုကြီးလို့” မေးတယ်
“ အေးကွာ” လို့ ဖြေတော့…
“ဖျားနေတာလား ၊ ဆေးသောက်ပြီးပြီလား” လို့ ထပ်မေးတယ်။

အသက်ကြီးလာတော့…
အရင်ကလို ၀ုန်းဒိုင်းကျဲ ဆူပွက်တာမျိုးတွေ နည်းလာတယ်။
ဆံပင်ကလည်း တဖြည်းဖြည်းနဲ့ ကတုံးနီးပါးအထိ တို..တိုလာတယ်။
Hip Hop တွေ နားထောင်ရာကနေ Pop တွေ ၊ Pop Rock တွေ ၊ Slow Rock တွေ ပြောင်းပြီး
နားထောင်တတ်လာတယ်။

သိပ်တော့ မလိမ္မာသေးပါဘူး။
အရင်အတိုင်း ကဗျာတွေ ကြိတ်ပြီး ရေးနေတုန်းပဲ
ရန်ကုန်မြို့လယ်ခေါင်မှာ တစ်ယောက်တည်း ရုပ်ရှင်တွေ ရိုက်နေတုန်းပဲ
အပြင်က ပြန်လာရင် အမေ့အတွက် လက်ဖက်ရည် တစ်ခွက်တောင်
ပါမလာတတ်သေးဘူး။
ဒီကဗျာကို မစုတ်ဖြဲပစ်ရက်ပါဘူး။
မျက်ရည်တွေနဲ့ ရေးခဲ့ရတာ ၊ နှမျောတယ်။


ကျော်ညိုသွေး

Comments

noblemoe said…
ကဗျာဖတ်ပြီး ရောဂါရသွားပြီး မန်ကျည်းရွက်သုပ် နဲ့ ငပိရည် စားချင်တဲ့ရောဂါ

ကျမ်းမာပျော်ရွှင်ပြီးသာယာချမ်းမြေ့ပါစေရှင်းးးးးးးး
မိုး
mirror said…
ကျမ ပြန်လာဖတ်ဖြစ်ပါတယ်။..။ ဖဘမှာ ကိုလင်းဒီပ နုတ်(စ်)တွေမှာ ဖတ်ဖြစ်ပါတယ်။ ...။
၂၇ ပြည့်ပြီလား...။ အပြောင်းအလဲတွေက တရွယ်တန်းထဲမို့ထင်ပါရဲ့..တူလေ စွ..။း)
မောင်မျိုး said…
မွေးနေ့လား ကိုကြီး

အသက်သာကြီးသည် မရင့်ကျက်သေးပါဆိုသလို တူတူတွေကြီးပါပဲး)

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး