ရုပ်ရှင် ဖြတ်ပိုင်းများ
ရုပ်ရှင် ဖြတ်ပိုင်းများ   ပျားရည်ပုလင်းတွေကို မှောက်မိကြတော့  ထိုင်ခုံတွေပေါ်မှာ လနှစ်စင်း  အလင်းပြိုင်ခဲ့တယ်။  အမှောင်ဆုံးတွေ လင်းလက်လာတဲ့ အထိပေါ့။   နံရံတွေပေါ်ကို လက်ညှိုးနဲ့ ထိလိုက်တိုင်း  တစ်ဘက်ကို ကျွံလို့ဝင်  အမှောင်ဆုံးလင်းနေတဲ့ မျက်ဝန်းများ  ရေပေါ် အရုပ်ထင်ခဲ့တယ်။   မျက်စိရှေ့ ပိတ်ကားပေါ်မှာ  ကုန်းမြင့် ချိုင့်ဝှမ်းများနဲ့ အဒဗန်းချား  ငါတို့က…  အမှန်တရားကို ရန်မများပဲ  ရှာဖွေခဲ့တယ်။   လှန်ထားတဲ့ စာမျက်နှာကို အလွတ်ရအောင် ကျက်မှတ်လို့  မျက်မမြင်ပုဏ္ဏားရဲ့ အသိတစ်ဝက်ကို ခဏငှားလို့   ချစ်မေတ္တာကို ဘာသာပြန်ကြည့်တော့  ရောင်စုံ ပူဖောင်းတွေ မိုးပေါ်ပျံသွား။  ရင်ခုန်ဂီတ ကိုဘာသာပြန်ကြည့်တော့  မျက်နှာပေါ်တိုက်ခတ်တဲ့ လေပြေညှင်းတွေကြား  ပျားရည်ပုလင်းတွေ မှောက်မိကြတာပေါ့ကွယ်။    ကျော်ညိုသွေး