ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

မျောက်

မျောက်

မျောက်ဟာ တခွီးခွီးနဲ့ တခါတလေ အော်တယ်…။
မျောက်ဟာ မျောက်ဆိုတဲ့ အတိုင်းပဲ အဆော့သန်တယ်
မျောက်ရဲ့ ပင်ကိုယ် စရိုက်ကိုက ဂနာမငြိမ်ဘူး ဆိုတော့
မျောက်ဟာ လူတွေရဲ့ ကြားထဲမှာ ပြောလေ့ရှိတဲ့ စကားလိုပဲ
မျောက်ရဲ့ စိတ်ဟာ အမြဲတမ်းပြောင်းလဲနေတယ်။
ဒါကြောင့်လည်း လူတွေက
“လူ့ စိတ်နဲ့ မျောက်စိတ်နဲ့ အတူတူပဲ” လို့ ပြောတတ်ကြတာပေါ့။
မျောက်ရဲ့စိတ်ဟာ အမြဲတမ်းပြောင်းလဲနေတယ်။
အခုပဲ ဖီးကြမ်း ၊ အခုပဲ သီးမွှေး
မျောက်ဟာ အရင်က မိသားစုအသိုက်အမြုံ ရှိခဲ့တယ်။
လောကဓံရိုက်ချက်တွေ ကြားထဲမှာပဲ မျောက်ဟာ
တောထဲက မိသားစု အသိုက်အမြုံလေး ပျက်စီးပြိုပျက်ခဲ့တယ်။
မျောက်ဟာ မျောက်မမယ် အရွယ်မှာပဲ
မိသားစုဆိုတာကို သံသယ ဖြစ်ခဲ့တယ်
“အချစ်ဆိုတာ ဘာလဲ ၊ မိသားစု ဆိုတာဘာလဲ ၊ နွေးထွေးမှု ဆိုတာ ဘာလဲ”
မျောက်ရဲ့ မသိစိတ်ထဲမှာ မေးခွန်းတွေ ၀ိရောဓိတွေနဲ့
ပတ်ချာလည်နေခဲ့တယ်။
မျောက်နေထိုင်တဲ့ အဲဒီသစ်ပင် မြင့်မြင့်တွေ ရှိတဲ့ တောကနေ
သင်းကွဲ သောင်တင်နေတဲ့ မျောက်ကို  ဘ၀တစ်ဆစ်ချိုး ပြောင်းလဲ စေတဲ့ ကိစ္စ တစ်ခု ပေါ်လာတယ်။
အဲဒါကတော့ မျောက်ရဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးဟာ
မျောက်ရွာကလေးကနေ မျောက်တွေ သိပ်များတဲ့ မျောက်မြို့ကို ခေါ်ဆောင်သွားလို့
မျောက်ဟာ မြို့ကို ရောက်ခဲ့တယ်။
မြို့ကို ရောက်စ က တော့ မျောက်ဟာ မျက်စိသူငယ် နားသူငယ်ပေါ့။
ဒါကို တချို့မျောက်တွေက မျောက်ကို
မျောက်စိ သူငယ် နားသူငယ်လို့ စကြနောက်ကြတာပေါ့။
တစ်ခုကောင်းတာက မြို့မှာ က တောမှာထက် မျောက်အတွက်
ပိုမြင့်တဲ့ သစ်ပင်တွေ ရှိတယ်။
ဒါပေမယ့် မြို့က သစ်ပင်တွေက တက်ရခက်ခဲတယ်။
ပိုပြီး အန္တရာယ်များတယ်။
အဲဒါကြောင့်လည်း မျောက်ဟာ အမြင့်တက်နည်းတွေကို
အဆင့် မြင့်မြင့် လေ့လာ သင်ကြား ရတော့တာပေါ့။
အရောင်စုံတဲ့ မျောက်ကမ္ဘာမှာ
ပညာတွေ သင်ကြားရတဲ့ အချိန် မျောက်နဲ့အတူ အခြားလက်သင် မျောက်တွေလည်း
အပါအ၀င်ပေါ့။
အဲဒီလို ပညာတွေ သင်ကြားရတဲ့အချိန်ကာလ ကလေးတွေဟာ မျောက်အတွက်
အပျော်ဆုံး အချိန်တွေပေါ့။

အဲဒီအချိန်တွေက လွဲပြီး နောက်ပိုင်း ကာလတွေဟာ မျောက်အတွက်
အခက်အခဲတွေ အများကြီး ရှိခဲ့တယ်။
မျောက်ရဲ့ ဘ၀ဟာ အစပိုင်းမှာ မိသားစု ဘ၀ အသေအချာ မရခဲ့သလို
မြို့ကို ရောက်ချိန်မှာ နေရတဲ့ မျောက်ရဲ့ ဘ၀ဟာလည်း
ခက်ခဲကြမ်းတမ်းပြီး သွေ့ခြောက်ကာ စိတ္တဇ ဆန်ခဲ့တယ်
ဒါကြောင့် မျောက်ဟာ သိပ်ကို ကြိုးစားခဲ့တယ်။
အမြင့်တက်နည်း ပညာရပ်တွေကို သင်ယူလေ့လာဖတ်မှတ်ရင်း
သူ့ရဲ့ အမြင့်တက် ပညာတွေ အတွက် အထောက်အပံ့ ဖြစ်စေမယ့်
အဆက်အသွယ်တွေကို ရယူစုဆောင်းပြီး အပိုင်ချုပ်ထားတတ်တယ်။
မျောက်ဟာ တဖြည်းဖြည်းနဲ့ မျောက်ပတ်ဝန်းကျင်မှာ နှံ့စပ်လာတယ်။
ပြီးတော့…
မျောက်ဟာ သူ့ရဲ့ ကြိုးစားမှုတွေကို အဆက်မပြတ်လုပ်တယ်
မျောက်ဟာ စာတွေကို အစုံဖတ်တယ်
ဝမ်းနည်းစရာကောင်းတာက
မျောက်ဟာ အလုပ်တွေ ကြိုးစားလွန်းပြီး အာရုံစိုက်မှုတွေ များတာကြောင့်
မျောက်ရဲ့ အမြင်အာရုံတွေဟာ အရွယ်မတိုင်ခင်မှာပဲ ချို့ယွင်း ခဲ့ရတယ်။
ဒါပေမယ့် မျောက်ဟာ မျောက်ပဲလေ
မျောက်ရဲ့ ကြိုးစားအားထုတ်မှု တွေက မျောက်ကို တဖြည်းဖြည်း အရာထင်လာစေခဲ့တယ်
မျောက်ဟာ သာမာန်အမြင့်သာရှိတဲ့ သစ်ပင်တွေကို တက်ရာကနေ
တနေ့မှာ မျောက်လောကမှာ အမြင့်ပေ အတော်များတဲ့ အပင်တပင်ပေါ်ကို တက်ခွင့်ရဖို့
အကြောင်းဖန်လာတယ်။
မျောက်ရဲ့ အပတ်တကုတ် ကြိုးစား မှုတွေက အမြင့်ပင်ရဲ့ ထိပ်ကို ချောမောစွာ ရောက်စေခဲ့တယ်။
မျောက်ဟာ အဲဒီသစ်ပင် အမြင့်ပေါ် ရောက်တဲ့ အခါတွေးတယ်။
“လောကမှာ ဒီသစ်ပင်ဟာ အမြင့်ဆုံးပဲ
ဒီသစ်ပင်ထက် မြင့်တာ လောကမှာ မရှိနိုင်ဘူး”
အဲဒီလိုအချိန်မှာ မျောက်ဟာ အသင့်အတင့် သော ခြွေရံသင်းပင်းတွေ
အထောက်အပံ့ပေးမယ့် မျောက်တွေလည်း အတော်များလာတယ်။
မျောက်ဟာ သစ်ပင် အမြင့်ပေါ်မှာ ထိုင်နေရင်း အဲဒီ သစ်ပင်ပေါ်မှာ သီးတဲ့ အသီးချိုတွေကို
ကောင်းကောင်းစားသုံးတယ်။
ပြီးတော့…
အဲဒီသစ်ပင်ကြီးကို ပိုမို စိုပြည်ပြီး နောက်ထပ် အသီးချိုတွေသီးလာဖို့
အောက်က မျောက်တွေကို ရေလောင်း ပေါင်းသင်တာတွေကို လုပ်ခိုင်းတယ်
ဒါတွေကပဲ မျောက်ရဲ့ သစ်ပင်ကြီးကို အသီးတွေ ပြွတ်နေအောင် သီးစေတာ ပေါ့။
သစ်ရွက်တွေလည်း အုပ်ဆိုင်းနေတော့တယ်။
တနေ့ တနေ့ မျောက်ဟာ ကောင်းကင်ကြီးကိုလည်း မကြည့်
ဘေးပတ်ဝန်းကျင်ကိုလည်း မမြင်တော့ပဲ
အဲဒီသစ်ပင်ကြီးပေါ်က အသီးတွေကိုပဲ ဟိုကိုင်း ဒီကိုင်း ကူးပြီး
အသီးတွေကို စီမံခန့်ခွဲ နေတော့တယ်။



“ဟိုနားက မှည့်နေတဲ့ အသီးက ဘာလို့ မထီမဲ့မြင် ပြုရတာလဲ”
သူသဘောကျတဲ့ အသီးလေးတွေဆိုရင် သေချာပွတ်သပ်ပြီး
“မင်းရဲ့ စိမ်းဝါရောင် အခွံစိမ်းလေးတွေက လင်းလက်တဲ့ ကြယ်လိုပဲ”
အဲဒီလို အကွက်ရွှေ့တတ်တယ်။
တခါ တခါမှာ အပင်အောက်က မျောက်တွေကိုလည်း
“မင်းတို့ ခေါင်းပေါ်က အသီးသီးနေတဲ့ ကိုင်းမှာ ငါ ညအိပ်မယ်”
လို့ပြောတတ်တယ်။
မျောက်ဟာ အဲဒီသစ်ပင်ကြီးပေါ်မှာ နေတာကြာလာတော့
အမြင့်တက်တဲ့ အလေ့အကျင့်တွေ ပျောက်ဆုံးကုန်တယ်။
“မင်းတို့ အပင်မြင့်မြင့်တွေ လျှောက်မတက်နဲ့ အပင်ပေါ်က ကြွေကျလာတာပဲစောင့်”
အပင်အောက်က မျောက်တွေကို လှမ်းဆိုတတ်တယ်။
တခါ တလေတော့ မျောက်ဟာ သစ်ပင်ပေါ်မှာ နေရင်း လိပ်ပြာလန့်တတ်တယ်။
မျောက်နေထိုင်တဲ့ သစ်ပင်ပေါ်မှာ အခြားတစုံတယောက် ပဲ ရှိနေသလိုလို
တစုံတရာကပဲ သူ့ကို စောင့်ကြည့်သိရှိ နေသလိုလို ခြောက်ချားစိတ်နဲ့
ညည အိပ်မရဘူး။
ဒါကြောင့်ပဲ မျောက်ဟာ မူးယစ်ရီဝေ အောင် မရမက ပြုလုပ်ပြီး
စိတ်ပြောင်းစိတ်လွှဲဖြစ်စေမယ့် ဖျော်ဖြေမှု တွေနဲ့
ရှာကြံပြီး အိပ်စက်ရတယ်။
တခါတလေတော့…
ညဘက်တွေမှာ သူအိပ်တဲ့ အကိုင်းအောက်မှာ တချို့မျောက်တွေကို ခေါ်ပြီး အိပ်ခိုင်းတယ်
အဲဒီညတွေဆို မျောက်ဟာ အိပ်လို့ အကောင်းဆုံးပေါ့။
တစ်ခါတစ်လေတော့ မျောက်ဟာ သူ့ရဲ့ သစ်ပင် ခြေရင်းက
မျောက်တွေ ပျော်ရွှင်မြူးတူး တာတွေကို ကြည့်ရင်း အထီးကျန်သလို ခံစားရတယ်။
မျောက်ရဲ့ သစ်ပင်ကြီးဟာ အပေါ်ဘက်မှာရော ဘေးဘီမှာပါ သစ်ရွက်တွေ ပိတ်ဖုံးနေတာကြောင့်
ကြယ်စင်နဲ့ လမင်းတွေကိုလည်း မမြင်ရသလို ဘေးပတ်ဝန်းကျင်က ရှုခင်းပြာတွေကိုလည်း မမြင်ရဘူး။
ဒါကြောင့် မျောက်ဟာ တချို့သော ညတွေမှာ သစ်ပင်အောက်ကို တိတ်တဆိတ်ဆင်းပြီး
စိတ်လွတ်ကိုယ်လွတ်ပျော်တော့တယ်။
ဒါပေမယ့် မျောက်ဟာ သတိရှိတယ်။ စိတ်တွေကို သိပ်ပြီး မလွှတ်ထားဘူး။
သူ့သစ်ပင်ရှိရာကို တိတ်တဆိတ် ပြတ်လာတယ်။
သူ့သစ်ပင်ပေါ်ကို တခြားမျောက်တွေ ရောက်လာမှာစိုးတယ်လေ။
သူ့နေရာ ပျောက်လို့ မဖြစ်ဘူး။
တကယ်လို့သာ သူရှိနေတဲ့ သစ်ပင်ပေါ်ကို တခြား မျောက်တွေ ရောက်လာလို့
သူအောက်ကို ရောက်သွားခဲ့ရင် သူ့အတွက် တက်စရာ သစ်ပင် တွေ ရှိချင်ရှိနိုင်ပေမယ့်
သူ့မှာ သစ်ပင် အမြင့်တက်တဲ့ စွမ်းရည်တွေက လျော့ပါးနေခဲ့ပြီ။
ဒါကြောင့်လည်း ဒီသစ်ပင်ပေါ်က ဘ၀ ကို သိပ်စိတ်ညစ်ဖို့ ကောင်းကြောင်း
“ခိုတွေရဲ့ အဖျား” ဆိုတဲ့ ကဗျာတစ်ပုဒ်ကို
အောက်က မျောက်တွေ ကြားအောင် ခဏခဏ ရွတ်ဆိုတတ်တယ်။
မျောက်အတွက်တော့ သူ့ဘ၀ ကာလ တာတွေထဲမှာ
ဒီသစ်ပင်ပေါ်မှာ နေရတဲ့ ကာလဟာ လိုအပ်ဆန္ဒတွေ အပြည့်ဝဆုံး အချိန်ပဲ
ဒါပေမယ့် အောက်ခြေက မျောက်တွေရဲ့ နွေးထွေးညံစီတဲ့ တေးသီချင်း သံတွေကြားရင် သိပ်စိတ်ရှုပ်လာတတ်တယ်။

မျောက်ရဲ့ အထီးကျန်မှု သစ်သီးတွေ သိပ်ချိုမြိန်နေချိန်မှာ
အပင်အောက်က မျောက်တွေကတော့ ကမ္ဘာမြေကြီးရဲ့ ရင်ခုန်သံတွေကို
နားထောင်နေကြတာကို မျောက်ဟာ ငုံကြည့်ရတာ စိတ္တဇတွေ ညောင်းညာလို့
မျောက်ဟာ မျောက်သားစားချင်စိတ်တွေ  ပေါ်ပေါက်လာခဲ့တယ်။
အပင်အောက်က မျောက်တွေရဲ့ အသားဟာ သိပ်ချိုမယ်လို့ ထင်တယ်
ဒါပေမယ့် မျောက်အတွက် မျောက်သားစားရဖို့ မလွယ်ဘူး
မျောက်ဟာ လုံးထွေး သတ်ပုတ် ရန်အလုပ်တွေကို လုပ်ရမှာ သိပ်ကြောက်တယ်
ဒါကြေင့် မျောက်ဟာ…
အောက်က မျောက်တွေကို အချင်းချင်း မတည့် မရှုတော့အောင် ကြံတယ်
သစ်ပင်ပေါ်က အသီးကင်းလေးတွေကို သူစိတ်ထင်တဲ့ မျောက်အနား ပစ်ချပေးတယ်။
ဒါပေမယ့် သစ်သီးကို ရတဲ့ မျောက်ကလည်း အခြားမျောက်တွေကို
လှမ်းပစ်ပေးပြီး တစ်ကောင်တစ်ကိုက် ကိုက်ရင်း
တယောက်ပခုံး တစ်ယောက်ဖက်ရင်း ကမ္ဘာကြီးရဲ့ ရင်ခုန်သံကို
နားအပ်လို့ နားထောင်ကြတယ်။
မျောက်အတွက် အခက်အခဲတွေပဲ။
ကမ္ဘာကြီးရဲ့ ရင်ခုန်သံကို စီးမျော နေကြတဲ့ မျောက်တွေကို ဆွဲဆောင်ဖို့
မျောက်ဟာ တချို့သော အသီးမှည့်အနည်းငယ်ကို မျောက်တွေ အပေါ်ကို
ရက်ရက်ရောရော ခြွေချပစ်ပေးလိုက်တယ်။
မျောက်တွေဟာ မျောက်ကို မော့ကြည့်တယ်။
ပြီးတော့ ကြွေကျလာတဲ့ သစ်သီးတွေကို ကောက်ယူလိုက်ပြီး
သစ်ပင်ရဲ့ အောက်မှာ စုပုံထားလိုက်ကြတယ်။
ပြီးတော့ ကမ္ဘာကြီးရဲ့ ရင်ခုန်သံကို ဆက်နားထောင်တယ်။
မျောက်ကတော့ အဲဒီမြင်ကွင်းကို ကြည့်ပြီး ခံရခက်စွာနဲ့
“၀မ်းမနည်းဘူး ။ မလွမ်းလောက်ဘူး” လို့ လှမ်းအော်တယ်။
အပင်အောက်က မျောက်တွေဟာ ရုတ်တရက်ခေါင်းထောင်လာပြီး
အပင်ပေါ်ကို တအံ့ တသြ မော့ကြည့်တယ်။
အဲဒီအကြည့်တွေက…
လူတွေဟာ ကမ္ဘာကြီး ကပြားတယ် လို့ သိထားရာကနေ
ကမ္ဘာကြီး က လုံးဝန်းတယ် လို့ သိလိုက်ရတဲ့ အခါ
တစ်ယောက်နဲ့ တစ်ယောက် ကြည့် တဲ့ အကြည့်တွေ လိုပဲပေါ့။
အဲဒီနောက်တော့…
မျောက်တွေဟာ ကမ္ဘာကြီးရဲ့ ရင်ခုန်သံကို ဆက်လက်ပြီး
နားထောင်မြဲ နားထောင် နေတော့တယ်။


ကျော်ညိုသွေး
www.kyawnyothway.blogspot.com

gravatar

ဒီမျောက်ကဗျာ ကြိုက်တယ်ရှင်..