gravatar

ချော့ကလက် ချက်တင်


ချော့ကလက် ချက်တင်

“ချစ်တယ်ကွာ” ပြောစို့…
အဲဒီလို ခံစားမှု အပြည့်နဲ့ ကိုယ့်နှလုံးသား သံစဉ်ကို
သီဆိုလိုက်တော့…
ပန်းကလေးတွေ ပေါ်မှာ နားနေတဲ့ လိပ်ပြာကလေးတွေတောင်…
ကျောက်ရုပ် ဖြစ်သွားတယ်။

အနူးညံ့ဆုံးခံစားမှုက
ကိုယ့်နှလုံးသားကို အမြဲနုပျိုစေလျှက်ပေါ့
အချစ်ဆိုတာ..
နှလုံးသား စက်မှုဇုန်ထုတ် ရောင်စုံခဲတံကလေးတွေပါပဲ
တို့ရဲ့ အကြင်နာကို ဆေးရေးချယ်ဖို့။

မင်းလက်ဖျားကလေးကို ထိတွေ့မိကတည်းက
ကိုယ့်နှလုံးသားဟာ
မင်းအမောတွေ ခိုနားရာ အိမ်ကလေး
မင်း အပြုံးတွေ အပ်နှံရာ ဘဏ်တိုက်ကလေး
မင်းကိုယ်သင်းရနံ့ကို ရှုရှိုက်မိကတည်းက
ကိုယ့်စိတ်အလျှင်လည်း တိမ်လို ပေါ့ပါးသွားတော့တယ်။

ဝါဂွမ်းကလေး ၀င်စားတဲ့ မေရေ…
ဒီတစ်ညမှာတော့…
စတော်ဘယ်ရီခင်းနဲ့ တူတဲ့ မင်းနှုတ်ခမ်းပါးလေး
ကိုယ်မော့သောက်တဲ့ ကော်ဖီခွက် နှုတ်ခမ်းမှာ
လာရောက် ခိုနားပါကွယ်။

မင်းရဲ့ သွယ်ပျောင်းတဲ့ အလှကို
ကိုယ်ကဗျာဖွဲ့မိရင်…
အခုထိ ရင်နာနေရတုန်းပဲ
ဘာလို့ဆိုတော့…
ကိုယ့်နှလုံးသား တံဆိပ် ခတ်နှိပ်ထားတဲ့
ဓါးမော့လေး…
မင်းရဲ့ အဖိုးတန် ဓါးအိမ်လေးထဲ မှေးစက်ခွင့်မရသေးလို့လေ။
မင်းရဲ့ ဂန္ထ၀င်ဓါးအိမ်ကလေးကတော့
အမွှေးတဖွားဖွားနဲ့
လှလို့ ပလို့။

မှိုပွင့်နဲ့ တူတဲ့ ကိုယ့် အချစ်တွေကတော့
ရာသီလည် အလွမ်းမိုးရေတွေ စွတ်စိုတိုင်း
ရုန်းကန်လှုပ်ရှား…
အလုပ်များ ကုန်ကြတယ်ကွယ်…။

“ချစ်တယ်ကွာ” ပြောစို့
ကိုယ့်တို့ ရင်ခုန်သံတွေ လျှပ်ကူးချိန်
ကိုယ်တို့ အကြင်နာတွေ ပြောင်မြောက်ချိန်
ကိုယ်တို့ လက်တွေ မြဲမြံနေချိန်
 
“ချစ်တယ်ကွာ” ပြောစို့
ကိုယ်တို့ နှုတ်ခမ်းတွေ စွတ်စို လင်းလက်ချိန်
“ချစ်တယ်ကွာ”
မဟူရာ လွင်ပြင်ထဲ…
ကိုယ်တို့ရဲ့ ကြယ်တွေ လင်းလက်
ကိုယ်တို့  . . . . ကိုယ်တို့  . . .
. . . . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . . . . . ။    

ကျော်ညိုသွေး

gravatar

အဖျား ၂

အဖျား ၂



မောင်ပြောမယ်….
ဒါပေမယ့်
မောင်ချောနွယ်လည်း မဟုတ်လို့
စကားလုံးရွေးချယ်မှုလည်း
အားနည်းတယ်။

တောကြီး မျက်မည်းလို မြို့ပြထဲ
ဝံပုလွေတွေ နဲ့ အဆင်ပြေလည်း
ခဏပေါ့…။
ရှင်ဖို့ ကျန်နေတဲ့ အသက်အပိုင်းအခြားမှာ
ရှုပ်နေတဲ့ ကြိုးတွေ တွေ့တိုင်း
မျက်ဝန်း ၀ိုင်းဝိုင်းတွေနဲ့ ငေးကြည့်ရုံ။

ပုံပြင်ထဲက မင်းသမီးလေးဟာ
မင်းသားလေးကို အပျောက်မခံ
သိပ်ချစ်ရှာသတဲ့ ကွယ်..။
ဒါနဲ့ပဲ…
ကိုယ်ဟာ အလှမ်းဝေးတဲ့ မြို့ရဲ့နာမည်ကို
စာရွက်အလွတ်တွေပေါ်မှာ
ပြွတ်သိပ်နေအောင် ရေးချ
လျှို့ဝှက်သော သံစဉ်ကို လူမမြင်အောင် တီးခတ်နေမိတော့တယ်လေ။

လူတွေ ရှာဖွေမတွေ့ရှိခင်ကတည်းက
ကမာကောင်တွေရဲ့ ရင်ထဲမှာ
ပုလဲ ရတနာတွေ ရှိခဲ့တယ်…။

ဆောင်းဦး ရွက်ကြွေတွေနဲ့
ချစ်သက်သေ မပြနိုင်တဲ့အခါ…
အိပ်ရာထက်က လွမ်းဖျား ဖျားနေတဲ့ ကဗျာစာအုပ်ကလေးအတွက်
မင်းနဲ့ သိပ်တူတဲ့ သက်မွန်မြင့်လည်း မကယ်နိုင်။

ကိုယ်တို့ နှစ်ဦးကြားမှာ
အထင်လွဲခြင်း မိုးတိမ်တွေနဲ့ ရောယှက်နေတဲ့ အငွေ့အသက်
တစ်ယောက်စားတဲ့ ချော့ကလက်မှာ
တစ်ယောက်က လျှပ်ကူးချိုမြိန်နိုင်မှု အစွမ်းအစ
သာဓက ပြလို့ မရတဲ့ ခံစား ပျော်ဝင်နိုင်ခြင်းပါကွယ့်။

မင်းစိတ်မှာ သဘောမတွေ့တဲ့ အရောင်အသွေးနဲ့ ၀တ်ရုံတွေလည်း ဆွေးမြေ့ခဲ့တာ…
ငါ့ဂစ်တာလေးကို အဖြူရောင် သုတ်လိမ်း လိုက်ကတည်းက..။

အိပ်မက်ရဲ့ ဥယျာဉ်ထဲ
တောကစားထွက်မိတဲ့အခါ
တယ်လီဖုန်း လေးတွေလည်း ခွန်အားမဲ့လို့
တယ်လီပသီ နဲ့ ဆက်သွယ်ကြည့်တယ်…
“ဆက်သွယ်မှု ဧရိယာပြင်ပ” တဲ့။

အလိုတောအရ…
မမွှေးနိုင်တဲ့ ပန်းပွင့်တွေ အကြောင်း
စာလုံးပေါင်း မမှားချင်ဘူးကွယ်။

သိုးကလေး တစ်ကောင်လို ဖြူစင်ဖို့
ခွေးကလေးတစ်ကောင်လို သစ္စာရှိဖို့
ကြောင်ကလေး တစ်ကောင်လို မကုတ်ခြစ်ဖို့
သိင်္ဂါရ မောင်းကွင်းလေးကို ၀တ်ဆင်ထားပါရဲ့
ဘယ်ဘက်လက်သူကြွယ်မှာ။

ကမ္ဘာပေါ်မှာ…
ပုံပြင်တွေ အမြောက်အများရှိခဲ့လည်း
ရာဇ၀င်တွင်ဖို့က…
“နိုင်း” လောက်ရှိမှ ဖြစ်မယ်။

သစ်ပုတ်ပင်အောက်က
အချစ်ရုပ်ရှင်တွေလည်း
ဒဏ္ဍာရီတွေထဲ…
နစ်မြုပ်ဝင်ကြတယ်။

တောကြီး မျက်မည်းလို မြို့ပြထဲ…
သမင်လေးတွေနဲ့လည်း ယှဉ်မပြေးချင်
ခြင်္သေ့တွေနဲ့လည်း တမင်မတွေ့ချင်
ကျားရဲတွေနဲ့လည်း ကစားပွဲမလုပ်ချင်
ငှက်ကလေးတွေ ကိုလည်း ရမ္မက်တေးတို့နဲ့ မဖျားယောင်းချင်ဘူးကွယ်။

အကြင်နာမဲ့တဲ့
ဝင်္ကပါ လှည့်ကွက်တွေထဲ
ဝံပုလွေတွေနဲ့
အဆင်ပြေလည်း ခဏပေါ့။

ကိုယ့်အသက်ရှုသံတွေ တွန့်ခေါက်
အော်လ်တာနေးတစ်ဖ် တေးသီချင်းတွေရဲ့ ပြက်ရယ်အောက်မှာ
ကိုယ်ဒူးထောက် ကျတဲ့ အခါ
အသက်ကယ်ဆေး အဖြစ်
ဆက်သွယ်ပေးပါကွယ် … ။                 ။


ကျော်ညိုသွေး

gravatar

ဂျမ်းဘုံမ သို့…

ဂျမ်းဘုံမ သို့…



ဒီအစိုးရကလည်း..
ဟိုအစိုးရပါပဲ ဆိုတဲ့ တယူသန် အကြောင်းပြချက်နဲ့
နင်ကလည်း အဲဒီမှာပဲ ဆက်နေ။

အီလက်ထရောနစ် ပစ္စည်းတွေကလည်း တစ်နေ့ထက်တစ်နေ့
အလွမ်းသီချင်းတွေကလည်း တစ်ပုဒ်ပြီး တစ်ပုဒ်
အသစ်ထွက်နေ။

အိမ်မှာ မွေးထားတဲ့ ခွေးမ ကလည်း တစ်သားပြီးတစ်သား
နင်ထွက်သွားတုန်းက မွေးတဲ့ အငယ်ဆုံးခွေးလည်း
အိမ်ထောင်ရက်သားကျပြီ။

နင်ပါဖူးခဲ့တဲ့ ဇာတ်ကားထဲက ခေါင်းဆောင်မင်းသားလည်း
အကယ်ဒမီရပြီ။

ငါက စိတ်ပေါက်ပေါက် ရှိတိုင်း…
“ကောင်မလေးရယ်…
ည ရောက်တိုင်း မည်းမှောင်နေတဲ့ ကောင်းကင်ကြီးကို
နင့်မျက်လုံးတွေ ခဏ ငှားလိုက်ပါဟာ”
“တုံးတိုက်တိုက် ကျားကိုက်ကိုက်ပေါ့
  နင့်ပါးပြင်မို့မို့မှာ…
   ကိုယ့်သစ္စာ လယ်ယာတစ်ကွက်
   ထွန်ယက်ပါရစေ…” ဆိုပြီး…
အဲဒီလို ပေါတောတော ကဗျာတွေနဲ့
နင်နေတဲ့ စကာင်္ာပူကို ခဏ ခဏ လှမ်းသရော်မိတယ်။

အေး…
နှမ်းတစ်စေ့ နဲ့ ဆီမဖြစ်ပေမယ့်
စာရွက်ဖြူဖြူပေါ် အဲဒီနှမ်းတစ်စေ့ကို တင်ပြီး
နင့်လက်သန်းနဲ့ ဖိကြည့်လိုက်တိုင်း စိမ့်ထွက်လာမှာက
ငါ့မျက်ရည်တွေ ဟ ငါ့မျက်ရည်တွေ…။


ဒီကဗျာကို ရေးပြီး ဟိုဟိုဒီဒီ မဂ္ဂဇင်းတွေကို ပို့ကြည့်တော့
“ကဗျာက ရည်းစားစာ ဆန်နေလို့”
“ရီယယ်လစ်ဇင်မ် ဖြစ်နေလို့”
“အချစ်ကဗျာ ဖြစ်နေလို့”
“ခေတ်ပြိုင်ကဗျာ ထဲမှာ မပါဝင်လို့”
“ကလောင်သစ်ကဗျာ ဖြစ်နေလို့”
“စကားလုံးရွေးချယ်မှု အားနည်းနေသေးလို့”
“မူ နဲ့ မကိုက်ညီလို့”
“ငါ့ကဗျာ ပထမပိုဒ်ကို စာပေစိစစ်ရေးက ခွင့်မပြုလို့” ဆိုပြီး…………
ဘယ်အယ်ဒီတာအကောင်းစားကမှ ငါ့ကဗျာကို မရွေးကြဘူး။

ကဗျာရွတ်ပွဲတွေရှိလို့
ရှားရှားပါးပါးရှိတဲ့ ဒီကဗျာကို ထုတ်ရွတ်မိရင်လည်း
မျက်မှန်ထူထူတပ် ထားတဲ့ ကဗျာဂျပိုးမလေးတွေက
ပြုံးစိစိ ရယ်ကျဲကျဲနဲ့ ဟ
တချို့ကလည်း...
ငါက ကဗျာကို မာန်တက်ပြီး ရွတ်နေတော့
သူတို့က မျက်နှာတွေ အောက်ချလို့...
ခေါင်းတွေ တွင်တွင် ငုံ့ထားကြတယ်....။
(ဒီကဗျာ ရွတ်တာကို ကြားရတာ သူတို့စိတ်ထဲ ရှက်ကြလို့ နေမှာ....)
တချို့ကလည်း...
ခေါင်းတွေ ဘာတွေကုတ်လို့
အညောင်းတွေဆန့် လက်တွေ ချိုးလို့ပေါ့လေ...။
တချို့ဆို သက်ပြင်း...တောင် ချလိုက်သေးတယ်။


ဘယ်တတ်နိုင်မလဲလေ…
ငါကလည်း ရှစ်တန်းတုန်းက
ကဗျာရူးစာရူး မောင်ရဲဝင်း ရေးတဲ့ ပုံစံနဲ့
ဒီကဗျာကို ရေးလိုက်မိတာကိုး
ရှိစေ…တော့။

နာဆာကနေ
အာကာသ ယာဉ်တွေ ဘယ်နှစ်စင်းပဲ လွှတ်လွှတ်
နင်ရော…
ငါရော…
မိုက်ခရိုဆော့ဖ် ၀င်းဒိုးစ် ကို သုံးနေရတုန်းပေါ့။

နင်က ဟိုမှာရှိနေတာတောင်…
လိုင်စင် ဗားရှင်းန်တွေ ၀ယ်မသုံးဘူး
ဒီလိုဆိုလည်း…
ဖွံ့ဖြိုးဆဲ နိုင်ငံကို နင်ပြန်မလာနဲ့ဦး
ဝိုင်စီဒီစီ ၀န်ထမ်းတွေ…
နင့်ကို အမှိုက်ကားကြီးနဲ့ ထည့်သယ်သွားကြမှာ စိုးလို့ပါ…
ဟာ…။


ကျော်ညိုသွေး

gravatar

ကျောင်းသားသစ်တေး


ကျောင်းသားသစ်တေး


အကဲခတ်တုန်း…
အိပ်စက်နေတဲ့ ကလေးငယ် ၊ လူးလွန့်လာလို့ နိုးသွားမလားအကဲခတ်တုန်း
အုံ့နေတဲ့ မိုး  ရုတ်တရက် ရွာချမှာလား အတွေးလိုမျိုး
ပန်းအဖူးတွေ ချက်ချင်းဆိုသလို တောင်ပံဖျပ်ဖျပ်ခတ်
ပွင့်ဖတ်တွေ နတ်သမီးအကနဲ့ လှလာမလား
အကဲခတ်တုန်း…
နေမင်းကို မော့ကြည့်…
တိမ်တွေကို မော့ကြည့်…
မိုးလေ၀သ အသိနဲ့ သဘာဝကို ရင်ဘတ်ဖိလို့
အကဲခတ်တုန်း
ရဲမလိုနဲ့ ၊ ဆွဲမလိုနဲ့ ၊ ကဲမလိုနဲ့ ၊ သည်းမလိုနဲ့
တွဲမလိုနဲ့ ၊ ခွဲမလိုနဲ့ ၊ ချဲမလိုနဲ့ ၊ ချွဲမလိုနဲ့
စကားအထာ အသွားအလာ အကဲခတ်တုန်း
အခြေအနေ အထွေထွေကို ပြေမပြေ အကဲခတ်တုန်း
ဇာတ်အသွားအလာ မပြတ်သားတာကြောင့်
ပါးစပ်နားလက်ကာလို့ အကဲခတ်တုန်း
ပိတုန်းက ရောင်စုံပန်းပွင့်တွေ ထဲက တစ်ပွင့်ကို အကဲခတ်သလို
ဒီရေက လရောင်ကို အကဲခတ်သလို
ရေးဆွဲသူက ဆေးစက်ကျရာကို အကဲခတ်သလို
အမြဲမပြတ် ပတ်သက်ဖို့အတွက် အကဲခတ်တုန်း
မသေချာသေးလို့ ၊ မရေရာသေးလို့ ၊ အနေမကြာသေးလို့
အသေအချာတွေးလို့ အကဲခတ်တုန်း
အဖြေဆိုင်းထားဆဲ လေလှိုင်းထဲက အကဲခတ်တုန်း
အေးမလား ၊ နွေးမလား ၊ ဆွေးမလား ၊ အတွေးက အထပ်ထပ်နဲ့
အကဲခတ်တုန်း
စိုပြေတဲ့ သစ်ပင်တွေနဲ့
မွှေးမြတဲ့ ပန်းမာန်တွေကြား
ကဗျာလေးတစ်ပုဒ်ပြေးလွှား ဘယ်လိုများ အရွယ်ရောက်လာမလဲ
အကဲခတ်တုန်း
သိပ်တိုတောင်းနေတဲ့ အတ္တစိတ်ကို
သံသရာက ဆွဲဆန့်
အမြဲလန့်နေရတဲ့ မျှော်လင့်ချက်တွေ
သစ်ရွက်တွေထဲ ပါသွားတဲ့ အဓိပ္ပါယ်တွေ
ကြီးထွားလာတဲ့ အရည်ရွှမ်းသစ်သီးတွေ အတွက်
အကဲခတ်တုန်း…
အကဲခတ်တုန်းပေါ့…
မရပ်သေးတဲ့ စက္ကန့်တွေလည်း နေရောင်ခြည်ကို အကဲခတ်တုန်း
လျှို့ဝှက်သော ဗုံသံနဲ့ ပဉ္စလက်ဆန်တဲ့ အကတွေလည်း နရီစည်းဝါးကို အကဲခတ်တုန်း
ကုန်ထမ်းသမား ဂျင်းန်တွေလည်း နတ်သမီးရဲ့ ပိုးရုံလွှာကို အကဲခတ်တုန်း
ရန်ကုန်က ပလက်ဖောင်းတေးလည်း မန္တလေးက မဟာဝိဇ္ဇာကို အကဲခတ်တုန်း
စာအိတ်ထဲက အချစ်ကဗျာလေးလည်း စာတည်းမှုးရဲ့ နှလုံးသားကို…
အကဲခတ်တုန်း…             


ကျော်ညိုသွေး

gravatar

ကြယ်ငေးသူ


ကြယ်ငေးသူ


လက်ရှိမှာ ပြန်တွေးကြည့်တော့
ဘ၀မှာ ဘယ်လို နေထိုင်လာခဲ့သလဲဆိုတာ မမှတ်မိတော့ပါဘူး။
ထို့အတူပါပဲ…
ဘယ်လို အိပ်မက်မျိုးတွေ မက်ခဲ့သလဲဆိုတာလည်း
မမှတ်မိတော့ပါဘူး။
ဘ၀ဟာ အိပ်မက်မဟုတ်ဘူးလို့
ဟန်ဆောင်ပြီး အကြိမ်ကြိမ်အော်ခဲ့ဖူးတာလည်း
အိပ်မက်ဟာ ဘ၀ကို ကြံ့ခိုင်စေဖို့ လေ့ကျင့်ခန်းပေးနေရဆဲပါပဲ။

တချို့အိပ်မက်တွေဟာ ကော်ဖီတစ်ခွက်နဲ့ တူတယ်။
ပူနွေးနေတုန်းမှာ အရသာ ပေါ်လွင်တာ
တချို့အိပ်မက်တွေ ကျတော့ အိုက်စ်ခရင်မ် နဲ့တူတယ်
အေးခဲထားလိုက်မှ အရသာထူးတာမျိုး
ဘ၀ထဲ လျှောက်သွားကြည့်တော့…
မနက်ဖန်တိုင်းဟာ စက်ဝိုင်းရဲ့ ကွေးနေတဲ့ အနားတွေလိုပါပဲ။
အနီးကပ်ဖြောင့်တန်းသလိုထင်ရပေမယ့်
ကွေးကောက်တဲ့ သတ္တိတွေ တရေးရေးနဲ့
မမှတ်မိချင်စရာ ကောင်းလောက်အောင် အဲဒီနေ့ရက်တွေဟာ
အမှတ်တရ ပျော်ရွှင်စရာ ပျင်းရိဖွယ် သစ်ရွက်များ။

အိပ်မက်တွေဟာ…
အိပ်စက်နေတုန်းမှာ ဖြစ်ပေါ်ပြီး
အိပ်စက်နေတုန်းမှာပဲ ပျော်ဝင်သွားကြတာပဲ။
တစ်ကယ့် လက်တွေ့မှာတော့…
မက်ခဲ့တဲ့ အိပ်မက်တွေအကြောင်းကို တခြားသူတွေဆီ
ပြန်ပြောပြတတ်တဲ့ သူတွေနဲ့
မက်ခဲ့တဲ့ အိပ်မက်အကြောင်းကို တစ်ကိုယ်ရည် ပုံဖော်ပြီး
ဘယ်သူ့ကိုမှ ပြန်မပြောပြတတ်တဲ့ သူတွေလည်း ရှိကြပေါ့။

အဲဒီထဲမှာမှ…
မိမိမက်ခဲ့တဲ့ အိပ်မက်ကို တခြားသူတွေကို ပြောပြချင်တဲ့
ပြောပြတတ်တဲ့ သူ ဖြစ်ခဲ့ပေါ့။

အိုသွားတဲ့သစ်ရွက်တွေရဲ့ မျှော်လင့်ခြင်းနဲ့
ကြီးရင့်သွားတဲ့ ပန်းပွင့်တွေရဲ့ ကြည်လင်တဲ့ အတွေးအခေါ်ဟာ
ဘာများပါလိမ့်။

ဘ၀ကို ၀တ်ရုံသစ် ထွင်ဝတ်တဲ့ သူများနဲ့
ဘ၀လမ်းဟောင်းမှာ သေသပ်စွာ လျှောက်လှမ်းနေကြသူတချို့လည်း
မနက်ဖြန် ဦးထုပ်ကို ဆောင်းနေကြဆဲပေါ့။

ခွန်အားလေး တစ်စုံတရာအတွက်
လူတချို့ရဲ့ အိပ်ကပ်များထဲမှာ
ငွေအကြွေများ ၊ လိပ်စာကဒ်များ ၊ တန်ဖိုးကြီး အဝေရာများ
စက္ကူဖြူများ ၊ လက်ဖက်ရည် ဖန်ချိုများ ၊ ၀ိုင်နီနီများ
နှင်းဆီဖြူပန်းများ ၊ စတော်ဘယ်ရီနှုတ်ခမ်းများ
ဆင်စွယ်ရောင် ဖောရင်းရှပ်များ ၊ ကြည်လင်သော ရနံ့နဲ့ ပန်းသီးနီနီများ
အိမ်ဖွဲ့ခဲ့ရာ…

မျှော်လင့်ခြင်း (      ?        ) များ …. ဆိုခဲ့ရင်
ကွင်းထဲမှာ…
သစ်ပင် ၊ တိမ်တိုက် ၊ လမ်းမ ၊ အိပ်မက်
ရေခိုးရေငွေ့ ၊ သစ်သီး ၊ ရောင်ခြည်တန်း
မွှေးရနံ့ ၊ တေးသံ ၊ အရိပ်အငွေ့ ၊ ပန်းချီကား
စက်ဝန်း ၊ ကြယ်စင် ၊ စက္ကန့် စသည်တို့
အဆင်ပြေသလို ထည့်သွင်း လိုက်ကြပေါ့။         


ကျော်ညိုသွေး

gravatar

မင်းကဗျာက ငါ့ဆီကြေးနန်းရိုက်တဲ့အခါ ဒီညနေမှာ ငါဟာ တဖန်ပြန်လည် နိုးထလာခဲ့ ပေါ့


မင်းကဗျာက ငါ့ဆီကြေးနန်းရိုက်တဲ့အခါ ဒီညနေမှာ ငါဟာ တဖန်ပြန်လည် နိုးထလာခဲ့ ပေါ့


အဲဒီကဗျာကို မင်းရေးတုန်းက အခြေအနေကို ငါ ခန့်မှန်းမိတယ်။
မင်းရဲ့ကဗျာဟာ လွင့်နေမျောနေပေါ့ တိမ်တစ်စလို
တောင်ထိပ်ပေါ်မှာ တွေ့နေရတဲ့ တိမ်ခိုးဟာ လက်နဲ့ ဖမ်းဆုပ်ဖို့တော့ မလွယ်
ကမ္ဘာမကျော်တိုင်း စာမတော်ဘူးလို့ ပြောမရသလို စာတော်တိုင်းလည်း ကမ္ဘာမကျော်တာ
ငါသိပါတယ်လေ…။
ရည်းစားစာ ဆန်တဲ့ ကဗျာလို့ လူတွေက ပြောကြပေမယ့်
မင်းဖြစ်ခဲ့တဲ့ အကြောင်းတွေနဲ့ မင်းပျိုးခဲ့တဲ့ စိမ်းလန်းမှုတွေ
တွေ့တယ်… တွေ့မိတယ်။
အဲဒီကဗျာကို ရေးတုန်းက မင်းဟာ တစ်ယောက်တည်း ရှိနေခဲ့တယ်။
ဒါလည်း … ငါ့ဘာသာ ငါခန့်မှန်းတာပါလေ…
ဟုတ်မယ်ထင်တယ်။
လောကကြီးနဲ့ မင်းနဲ့ အဆက်အသွယ် ပြတ်နေသလိုပါပဲ။
ဟိုးဝေးဝေး ကို မျှော်ကြည့်တိုင်း
လှမ်းဖမ်းဆုပ်တိုင်း မမိအောင် လွတ်ထွက်သွားတတ်တဲ့ ဆောင်းပိုးကောင်တွေ လေထဲ ရပ်တန့်နေသလို
စကားလုံး ၊ စကားစုတွေဟာ မင်းရှေ့မှာတင် လှောင်ပြောင်သရော်နေကြပေါ့။
တခါတလေလည်း…
ရပေါက်ရလမ်းကနေ ကိုင်ဆောင်မိတဲ့ ပျော်ရွှင်မှု ငွေအကြွေတွေ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ပေါ့…
မင်းဟာ တနေရာရာကို ရောက်သွားတယ်…
လူတွေ ကြားထဲမှာပေမယ့် အစားအသောက်တွေနဲ့ သူစိမ်းဆန်နေခဲ့ပေါ့…
ဒါပေမယ့် မင်းဟာ “အိပ်မက်ထဲက မင်းကို မင်းက ပြန်ပြီး မြင်နေရသလို” ခံစားနေရပြီး
ဒါဟာလည်း ငါ့အထင်ရောက်မှုပါပဲ။
အလုပ်ထဲမှာလည်း အလုပ်ထဲမှာပဲပေါ့
သွားကြားက စားပြီးသား အသားစဟာ လျှာကို လှောင်ပြောင်နေသလိုမျိုး
ဒီနေ့အလုပ်ကို မနက်ဖြန် လုပ်ဖို့ စဉ်းစားတိုင်း
“ဒီနေ့အလုပ်ကို မနက်ဖြန် မရွှေ့နဲ့” စာသားကိုမြင်တိုင်း
ရင်ထဲက အဆုပ်လိုက်ပွင့်နေတဲ့ ငုဝါရောင် အဖျားတွေ လည်း ခေတ္တရွှေ့ဆိုင်းရဆဲ
ညကျရင် ဖျားမယ့် အဖျားဟာ နား အနား ကပ်လို့ ခြင်လို အော်နေတာပေါ့
တနည်းမဟုတ် တနည်းတော့ မင်းယုံကြည်ရာ တစ်ခုခု ရှိခဲ့မှာ သေချာပါတယ်။
တံခါးပေါက်တွေ ကြားထဲက မျက်လုံးတစ်စုံကများ မင်းကို စောင့်ကြည့် နေမလား
ရန်ကုန်မြို့ထဲမှာ မင်း လှမ်းကြည့်လိုက်တဲ့ တိုက်အမြင့်ဆီက မင်းကို မြင်နေတဲ့ မင်းမျက်နှာရုပ်ပုံကို
တွေ့တယ်။
မင်းအပြုံးဟာ မင်းနှလုံးနဲ့ ဟာမိုနီ ပျက်နေပေါ့။
မှတ်ပုံတင်ထဲက နာမည်နဲ့ မင်းစိတ်ကြိုက်ရွေးထားတဲ့ နာမည်ကို စာရွက်ပေါ်မှာ ချရေးတဲ့အခါ
အဲဒီနာမည် နှစ်ခုထဲက ဘယ်သူဟာ မင်းလဲ
မင်းကိုယ်တိုင် မသိတော့ဘူး။
အကသမားလေးတွေရဲ့ ပြောင်မြောက်တဲ့ ကကွက်ဆန်းတွေနဲ့
အော်ခတ်စထရာ တီးဝိုင်းတစ်ခုရဲ့ လေးနက်တဲ့ အချစ်သံစဉ်ဆန်းတွေ အကြောင်း
မင်း ဘယ်သူ့ကို သွားပြောပြရပါ့မလဲ တွေးတယ်။
ပန်းကျစေချင်ပေမယ့် ခေါင်းချည်းပဲ ကျနေတတ်တဲ့ ကိစ္စကိုလည်း တွေးတယ်။
အ၀တ်အစားတွေဟာ မင်းအတွက် ၀န်ထုပ်ဝန်ပိုးတွေပဲ
မင်းဟာ … မင်းသိပ်ကြိုက်တဲ့ ဂျင်းန်ပင် တွေကိုတောင် လစ်လျူရှုထားလိုက်တော့တယ်။
မင်းအကြိုက်ဆုံးသီချင်းစာသား အကြောင်းနဲ့
မင်းသဘောကျတဲ့ ကိုယ်ဟန်ပြမယ် လေးကိုလည်း
ဘယ်သူ့ကို ပြောပြရမလဲ။
မင်းကြိုက်တဲ့ သီချင်းဟာ မင်းမကြိုက်တဲ့ ဟင်းလို ခံတွင်းပျက်နေခဲ့
ဂျာနယ်ထဲက သေကြောင်းကြံစည်မှုသတင်းဟာ မင်းနှလုံးသားထဲ လှည့်ပတ်နေခဲ့
မင်းဟာ ရုပ်ရှင်ဆန်ဆန်တွေးကြည့်တယ်။
မင်းဟာ ၀ထ္ထုတစ်အုပ်စာ ရူးသွပ်သွားတယ်…


ဒါပေမယ့်…
မင်းဟာ မင်းရဲ့ မိသားစုမှာ သားကြီး သြရသ ဖြစ်တာကြောင့်
အရူးစိတ်ကို မီးရှို့ပစ်လိုက်တယ်။
စိတ်ထဲက အချမ်းဟာ အခုထိတုန်ရင်နေတုန်းပေါ့…
မင်း တက်ကြွလာခဲ့တဲ့ တလျှောက်လုံး အကြောင်းတွေ
တနေ့လုံး မင်းစဉ်းစားပြီး ရေးလိုက်တာ
အဲဒီ ကဗျာပဲ….
ဒီလို ဆောင်းနှောင်းရွက်တွေ နဲ့ ပြည့်နှက်နေတဲ့ အိမ်ကလေးထဲမှာတော့
ညနေခင်းဟာ မင်းကဗျာတပိုင်း တစ်စ ကို ရွတ်ဆွိုနေမိတော့တယ်။       

ကျော်ညိုသွေး

gravatar

ဂျာစီကလေး တစ်ထည်အကြောင်း ( ၂ )


ဂျာစီကလေး တစ်ထည်အကြောင်း ( ၂ )

သစ်ပင်ဟာ သူ့ရဲ့ ပန်းမပွင့်နိုင်တဲ့အကြောင်းတွေ
လူတွေကို ရှင်းမပြနိုင်တဲ့အခါ
ကိုယ့် အမြစ် ကိုယ်တူးလို့
တင်ပျဉ်ခွေ ထိုင်နေခဲ့တယ်။

ဘ၀တာ မှာ
စိတ်ညစ်ညူးစရာတွေ များလို့
ပျော်ရွှင်စရာတွေက နှမ်းဖြူးထားတယ်
ဒါကြောင့်မို့
စိတ်မရွှင်တိုင်းမှာ အ၀ါရည် မသောက်ခဲ့ဘူး ဟန်နီ။

တွေးမိတော့…
အနုပညာ ပစ္စည်းဟာ ချဉ်ဖတ်စော်နံနေခဲ့
အနုပညာဟာ ချဉ်ဖတ်ပေါ့
သိပ်သိပ်သည်းသည်း နှပ်ထားခဲ့ရတဲ့ အရာ
ကောင်းကောင်း အဖြေရှာဖို့မလွယ်သရွေ့
ခံတွင်း မတွေ့နိုင်ဘူး။

အ၀ါရည်ခွက် အကြည်ကို ကိုင်လို့
ပန်းမပွင့်တဲ့ သစ်ပင်ရှေ့ ရပ်မိတဲ့အခါ
နှပ်ထားခံနေရဆဲ ချဉ်ဖတ်ပေါ့ကွယ်။     ။

ကျော်ညိုသွေး

gravatar

သက်သက်ခိုင်

သက်သက်ခိုင် 
  
တစ်ခုတည်းရှိတဲ့ သဘာဝတရာကြီးရဲ့…
အောက်မှာ
ကောင်းကင်နဲ့ မြေပြင်
ရေပြင်နဲ့ ကုန်းမြေတွေ အကြောင်း
အတ္တတွေ ကြောင့်လည်း စာလုံးပေါင်း မမှားချင်ဘူး။

ဖွင့်ထားတဲ့ တံခါးပေါက်တွေနဲ့
ပိတ်ထားတဲ့ တံခါးပေါက်တွေကြားက
စကားဝှက် ဟာလည်း တစ်ခုတည်းရှိရဲ့။

သစ်ပင်တွေရဲ့ တွေးခေါ်မှုဟာ
ဘယ်လိုမျိုးပါလဲ…
ချိုမြိန်အရသာ ပေးစွမ်းတဲ့ သစ်သီးဝလံတွေရဲ့
အတွေးအခေါ်ဟာ ဘယ်လိုမျိုးပါလဲ…။

ဝါဂွမ်းတွေကြောင့်
ကိုယ်တို့ အရှက်ကြီးခဲ့ ရတာလည်း
တစ်မိုးအောက်က
အလှပဆုံး တေးကဗျာပါပဲ။

နှင်းဆီပန်းတို့ ပွင့်ဖူးကြတာနဲ့
ကျေးငှက်တို့ တေးသီကျူး ကြတာလည်း
ဒီထက်ပို အဖြေရှာဖို့ မလိုတော့…
ကိုယ်တို့ရဲ့ လက်နဲ့ပဲ
မြေဆီလွှာတွေ တူးဆွ ကြပါစို့။                      ။
 
ကျော်ညိုသွေး

gravatar

ကျူပင်များ

ကျူပင်များ

ဖန်ခွက်ထဲ ရေတစ်ဝက် တည်း ရှိတယ်ဆိုတော့
ဖန်ခွက်ထဲ ရေတစ်ဝက်ပဲ ရှိတာပေါ့။
မိန်းမတင်မဟုတ်
ယောက်ျားများလည်း ငွေကြိုက်တယ်။
အချစ် နဲ့ ပေါင်မုန့် နဲ့ ဆိုရင်
ခေတ်မှာ
အချစ်လည်း ဈေးကြီးတယ်။
ပေါင်မုန့်လည်း ဈေးကြီးတယ်။

ကျော်ညိုသွေး

gravatar

ရုပ်ရှင် ဖြတ်ပိုင်းများ

ရုပ်ရှင် ဖြတ်ပိုင်းများ

ပျားရည်ပုလင်းတွေကို မှောက်မိကြတော့
ထိုင်ခုံတွေပေါ်မှာ လနှစ်စင်း
အလင်းပြိုင်ခဲ့တယ်။
အမှောင်ဆုံးတွေ လင်းလက်လာတဲ့ အထိပေါ့။

နံရံတွေပေါ်ကို လက်ညှိုးနဲ့ ထိလိုက်တိုင်း
တစ်ဘက်ကို ကျွံလို့ဝင်
အမှောင်ဆုံးလင်းနေတဲ့ မျက်ဝန်းများ
ရေပေါ် အရုပ်ထင်ခဲ့တယ်။

မျက်စိရှေ့ ပိတ်ကားပေါ်မှာ
ကုန်းမြင့် ချိုင့်ဝှမ်းများနဲ့ အဒဗန်းချား
ငါတို့က…
အမှန်တရားကို ရန်မများပဲ
ရှာဖွေခဲ့တယ်။

လှန်ထားတဲ့ စာမျက်နှာကို အလွတ်ရအောင် ကျက်မှတ်လို့
မျက်မမြင်ပုဏ္ဏားရဲ့ အသိတစ်ဝက်ကို ခဏငှားလို့

ချစ်မေတ္တာကို ဘာသာပြန်ကြည့်တော့
ရောင်စုံ ပူဖောင်းတွေ မိုးပေါ်ပျံသွား။
ရင်ခုန်ဂီတ ကိုဘာသာပြန်ကြည့်တော့
မျက်နှာပေါ်တိုက်ခတ်တဲ့ လေပြေညှင်းတွေကြား
ပျားရည်ပုလင်းတွေ မှောက်မိကြတာပေါ့ကွယ်။


ကျော်ညိုသွေး

gravatar

လှည်းတန်းဘာဂါ

လှည်းတန်းဘာဂါ

အချဉ်ပေါက်နေတဲ့ လေတွေ ရှူရှိုက်နေရတယ်
နှာခေါင်းတွေ ကျိန်းနေကြပေါ့။
လိုက်ရန်းနား နဲ့ အေးစိုး နဲ့
အဲဒီမှာ စ တွေ့ တာပဲ။
စီးပွားရေး ၊ စီးပွားစီမံ ၊ ဥပဒေ ၊ သမိုင်း ၊ ပထ၀ီ ၊ မြန်မာစာ
အရှေ့တိုင်းဘာသာ ၊ စိတ်ပညာ။
မိုဘိုင်းဖုန်းတွေက ဒုက္ခကို သီချင်းဆို
သွားရည်စာတွေက လျှောက်လမ်းကို စင်္ကြန်ခတ်
အနာဂတ်ကို ဂျော်ဒါးနိုး ဖိနပ်စီးလို့ လျှောက်လှမ်းကြပေါ့။
တစ်ဘက်ကို တီလားဘီးရား ငါးရာစီနဲ့
ချိန်းထားတဲ့ အစားအစာတွေ ထ ထခုန်တယ်။
စီးကရက်ညှော်တွေလည်း
ရေမုန့် နဲ့ မုန့်လင်မယား ညှော်တွေထဲ ချော်လဲ ရောထိုင်
ဈေးဘက်လမ်းတကြောမှာ
ညခင်းဆို လူတွေ အိုင်တယ်။
ပိုက်ဆံတွေ အကိုင်ကြမ်းတဲ့ စပါယ်ရာ နဲ့
ဘယ် , ညာ တွေ လမ်းဖြတ်ကူးတဲ့ ခဏတာ
ဘ၀မှာ ကားတန်းကြီး က လမ်းပေါ်မှာ အိပ်ငိုက်ဖူးတာပဲ
ဘေဘီမိုင်လို ၀တ်ထားတဲ့ ရှော်တီလေးရယ် နော့ ။

ကျော်ညိုသွေး

gravatar

ကျော်ကြားမှု နဲ့ အဆောင် အယောင်

ကျော်ကြားမှု နဲ့ အဆောင် အယောင်

ဘ၀မှာ စာမျက်နှာ တစ်မျက်နှာစာလောက် ပိုင်ဆိုင်ခွင့် ရဖို့အရေး သင်ဘယ်လောက် ချွေးထွက်ခဲ့သလဲ။
ဟုတ်ကဲ့ ။ ဂျာနယ်စာမျက်နှာတွေပေါ်မှာတော့ အဲဒီ စာမျက်နှာ တွေအတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေ ရှိပါတယ်။ နောက်ပြီးတော့ သတ်မှတ်ထားတဲ့ နာကျင်ခံစား မြိုသိပ်မှုတွေ ရှိပါတယ်။ ဒီဇိုင်နာတွေက သင့်ရဲ့ သိမ်ငယ်မှု တွေကို ပရော်ဖက်ရှင်နယ်လီ ပုံဖော်ပေးပါလိမ့်မယ်။ တချို့သော စာမျက်နှာတွေမှာ ခင်ဗျားတို့ရဲ့ ခံစားချက် တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့် ရပါလိမ့်မယ်။ သိပ်တော့ မမျှော်လင့်ပါနဲ့/မျှော်လင့်နိုင်ပါတယ်။ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ နဲ့ လည်း သက်ဆိုင်တယ်။ စားဝတ်နေရေး ဆိုတာလည်း ပါတယ်။ စာချုပ်ချုပ်ထားတဲ့ စာမျက်နှာတွေ အတွက်တော့ သင့်ရဲ့ အကျိုးအမြတ် ထက် ၊ ၀င်ဆန့် နိုင်မှု က ပိုမိုပါလိမ့်မယ်။ ၀င်နေနဲ့ ထွက်နေ ကြားက ထမင်းချိုင့် တစ်လုံးရဲ့ ရာဇ၀င်ကို သင်သိရှိနိုင်ပါတယ်။ အခုအချိန်မှာ ဆိုရင် ခေတ်ပေါ် တက္ကနိုလိုဂျီ တွေဟာ ကဗျာတစ်ပုဒ်နဲ့ တူလာပါတယ်။ သရော်တဲ့ ကာတွန်း တစ်ကွက်စာတွေဟာ သရီးဒီ တယ်လီဗေးရှင်းန်တွေနဲ့ တူလာပါတယ်။ ပျော်ပွဲစားတွေ နဲ့ အနုပညာဖျော်ဖြေပွဲ တွေ ဟာ ပြောင်းပြန် အချိုးကျလာနေပါတယ်။ အစီအစဉ်မပြီးဆုံးခင် အထိ မှောင်ခိုလက်မှတ်များ သစ်လွင်နေပါတယ်။ စာမျက်နှာ အတော်များများဟာ ပုံပြ အင်ဖော်မေးရှင်းန် သဘောကို ဆောင်လာပါတယ်။ ခွင့်လွှတ်စိတ်နှင့် အတူ နွေရာသီ ရောက်တဲ့ အခါ သင်ဟာ ယပ်တောင်တစ်ချောင်းရဲ့ ကိုယ်ကာယ အလှ လေ့ကျင့်ရေး စခန်း တစ်ခု ဖြစ်လာနိုင်ပါတယ်။ စက္ကူတွေရဲ့ အရသာဟာ ရက်သတ္တ တစ်ပတ်ခန့် သာ ကြာမြင့်ပါတယ်။ အစီအစဉ် အသစ်တစ်ခု စတင် ကြေငြာပါပြီး။ နှာခေါင်းများ ပိတ်ထားနိုင်ပါသည်။

သီချင်းသံများ ပြီးဆုံးသွားချိန်တွင် အသင့်နေရာယူကြပါ။
အားလုံးပဲ ငေးမောနိုင်ကြပါပြီ။


ကျော်ညိုသွေး

gravatar

သနပ်ခါး

tha nut khar by Kyaw Nyo Thway

သနပ်ခါး
Photoshop Painting
Created By Kyaw Nyo Thway

gravatar

စံရတီမိုးမြင့်


စံရတီမိုးမြင့်

စံရတီမိုးမြင့် Photoshop Painting့်
Created By KYAW NYO THWAY

gravatar

ရတနာအေး

YDNA
Created By Kyaw Nyo Thway
ရတနာအေး by Photoshop Painting

gravatar

မျောက်

မျောက်

မျောက်ဟာ တခွီးခွီးနဲ့ တခါတလေ အော်တယ်…။
မျောက်ဟာ မျောက်ဆိုတဲ့ အတိုင်းပဲ အဆော့သန်တယ်
မျောက်ရဲ့ ပင်ကိုယ် စရိုက်ကိုက ဂနာမငြိမ်ဘူး ဆိုတော့
မျောက်ဟာ လူတွေရဲ့ ကြားထဲမှာ ပြောလေ့ရှိတဲ့ စကားလိုပဲ
မျောက်ရဲ့ စိတ်ဟာ အမြဲတမ်းပြောင်းလဲနေတယ်။
ဒါကြောင့်လည်း လူတွေက
“လူ့ စိတ်နဲ့ မျောက်စိတ်နဲ့ အတူတူပဲ” လို့ ပြောတတ်ကြတာပေါ့။
မျောက်ရဲ့စိတ်ဟာ အမြဲတမ်းပြောင်းလဲနေတယ်။
အခုပဲ ဖီးကြမ်း ၊ အခုပဲ သီးမွှေး
မျောက်ဟာ အရင်က မိသားစုအသိုက်အမြုံ ရှိခဲ့တယ်။
လောကဓံရိုက်ချက်တွေ ကြားထဲမှာပဲ မျောက်ဟာ
တောထဲက မိသားစု အသိုက်အမြုံလေး ပျက်စီးပြိုပျက်ခဲ့တယ်။
မျောက်ဟာ မျောက်မမယ် အရွယ်မှာပဲ
မိသားစုဆိုတာကို သံသယ ဖြစ်ခဲ့တယ်
“အချစ်ဆိုတာ ဘာလဲ ၊ မိသားစု ဆိုတာဘာလဲ ၊ နွေးထွေးမှု ဆိုတာ ဘာလဲ”
မျောက်ရဲ့ မသိစိတ်ထဲမှာ မေးခွန်းတွေ ၀ိရောဓိတွေနဲ့
ပတ်ချာလည်နေခဲ့တယ်။
မျောက်နေထိုင်တဲ့ အဲဒီသစ်ပင် မြင့်မြင့်တွေ ရှိတဲ့ တောကနေ
သင်းကွဲ သောင်တင်နေတဲ့ မျောက်ကို  ဘ၀တစ်ဆစ်ချိုး ပြောင်းလဲ စေတဲ့ ကိစ္စ တစ်ခု ပေါ်လာတယ်။
အဲဒါကတော့ မျောက်ရဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးဟာ
မျောက်ရွာကလေးကနေ မျောက်တွေ သိပ်များတဲ့ မျောက်မြို့ကို ခေါ်ဆောင်သွားလို့
မျောက်ဟာ မြို့ကို ရောက်ခဲ့တယ်။
မြို့ကို ရောက်စ က တော့ မျောက်ဟာ မျက်စိသူငယ် နားသူငယ်ပေါ့။
ဒါကို တချို့မျောက်တွေက မျောက်ကို
မျောက်စိ သူငယ် နားသူငယ်လို့ စကြနောက်ကြတာပေါ့။
တစ်ခုကောင်းတာက မြို့မှာ က တောမှာထက် မျောက်အတွက်
ပိုမြင့်တဲ့ သစ်ပင်တွေ ရှိတယ်။
ဒါပေမယ့် မြို့က သစ်ပင်တွေက တက်ရခက်ခဲတယ်။
ပိုပြီး အန္တရာယ်များတယ်။
အဲဒါကြောင့်လည်း မျောက်ဟာ အမြင့်တက်နည်းတွေကို
အဆင့် မြင့်မြင့် လေ့လာ သင်ကြား ရတော့တာပေါ့။
အရောင်စုံတဲ့ မျောက်ကမ္ဘာမှာ
ပညာတွေ သင်ကြားရတဲ့ အချိန် မျောက်နဲ့အတူ အခြားလက်သင် မျောက်တွေလည်း
အပါအ၀င်ပေါ့။
အဲဒီလို ပညာတွေ သင်ကြားရတဲ့အချိန်ကာလ ကလေးတွေဟာ မျောက်အတွက်
အပျော်ဆုံး အချိန်တွေပေါ့။

အဲဒီအချိန်တွေက လွဲပြီး နောက်ပိုင်း ကာလတွေဟာ မျောက်အတွက်
အခက်အခဲတွေ အများကြီး ရှိခဲ့တယ်။
မျောက်ရဲ့ ဘ၀ဟာ အစပိုင်းမှာ မိသားစု ဘ၀ အသေအချာ မရခဲ့သလို
မြို့ကို ရောက်ချိန်မှာ နေရတဲ့ မျောက်ရဲ့ ဘ၀ဟာလည်း
ခက်ခဲကြမ်းတမ်းပြီး သွေ့ခြောက်ကာ စိတ္တဇ ဆန်ခဲ့တယ်
ဒါကြောင့် မျောက်ဟာ သိပ်ကို ကြိုးစားခဲ့တယ်။
အမြင့်တက်နည်း ပညာရပ်တွေကို သင်ယူလေ့လာဖတ်မှတ်ရင်း
သူ့ရဲ့ အမြင့်တက် ပညာတွေ အတွက် အထောက်အပံ့ ဖြစ်စေမယ့်
အဆက်အသွယ်တွေကို ရယူစုဆောင်းပြီး အပိုင်ချုပ်ထားတတ်တယ်။
မျောက်ဟာ တဖြည်းဖြည်းနဲ့ မျောက်ပတ်ဝန်းကျင်မှာ နှံ့စပ်လာတယ်။
ပြီးတော့…
မျောက်ဟာ သူ့ရဲ့ ကြိုးစားမှုတွေကို အဆက်မပြတ်လုပ်တယ်
မျောက်ဟာ စာတွေကို အစုံဖတ်တယ်
ဝမ်းနည်းစရာကောင်းတာက
မျောက်ဟာ အလုပ်တွေ ကြိုးစားလွန်းပြီး အာရုံစိုက်မှုတွေ များတာကြောင့်
မျောက်ရဲ့ အမြင်အာရုံတွေဟာ အရွယ်မတိုင်ခင်မှာပဲ ချို့ယွင်း ခဲ့ရတယ်။
ဒါပေမယ့် မျောက်ဟာ မျောက်ပဲလေ
မျောက်ရဲ့ ကြိုးစားအားထုတ်မှု တွေက မျောက်ကို တဖြည်းဖြည်း အရာထင်လာစေခဲ့တယ်
မျောက်ဟာ သာမာန်အမြင့်သာရှိတဲ့ သစ်ပင်တွေကို တက်ရာကနေ
တနေ့မှာ မျောက်လောကမှာ အမြင့်ပေ အတော်များတဲ့ အပင်တပင်ပေါ်ကို တက်ခွင့်ရဖို့
အကြောင်းဖန်လာတယ်။
မျောက်ရဲ့ အပတ်တကုတ် ကြိုးစား မှုတွေက အမြင့်ပင်ရဲ့ ထိပ်ကို ချောမောစွာ ရောက်စေခဲ့တယ်။
မျောက်ဟာ အဲဒီသစ်ပင် အမြင့်ပေါ် ရောက်တဲ့ အခါတွေးတယ်။
“လောကမှာ ဒီသစ်ပင်ဟာ အမြင့်ဆုံးပဲ
ဒီသစ်ပင်ထက် မြင့်တာ လောကမှာ မရှိနိုင်ဘူး”
အဲဒီလိုအချိန်မှာ မျောက်ဟာ အသင့်အတင့် သော ခြွေရံသင်းပင်းတွေ
အထောက်အပံ့ပေးမယ့် မျောက်တွေလည်း အတော်များလာတယ်။
မျောက်ဟာ သစ်ပင် အမြင့်ပေါ်မှာ ထိုင်နေရင်း အဲဒီ သစ်ပင်ပေါ်မှာ သီးတဲ့ အသီးချိုတွေကို
ကောင်းကောင်းစားသုံးတယ်။
ပြီးတော့…
အဲဒီသစ်ပင်ကြီးကို ပိုမို စိုပြည်ပြီး နောက်ထပ် အသီးချိုတွေသီးလာဖို့
အောက်က မျောက်တွေကို ရေလောင်း ပေါင်းသင်တာတွေကို လုပ်ခိုင်းတယ်
ဒါတွေကပဲ မျောက်ရဲ့ သစ်ပင်ကြီးကို အသီးတွေ ပြွတ်နေအောင် သီးစေတာ ပေါ့။
သစ်ရွက်တွေလည်း အုပ်ဆိုင်းနေတော့တယ်။
တနေ့ တနေ့ မျောက်ဟာ ကောင်းကင်ကြီးကိုလည်း မကြည့်
ဘေးပတ်ဝန်းကျင်ကိုလည်း မမြင်တော့ပဲ
အဲဒီသစ်ပင်ကြီးပေါ်က အသီးတွေကိုပဲ ဟိုကိုင်း ဒီကိုင်း ကူးပြီး
အသီးတွေကို စီမံခန့်ခွဲ နေတော့တယ်။



“ဟိုနားက မှည့်နေတဲ့ အသီးက ဘာလို့ မထီမဲ့မြင် ပြုရတာလဲ”
သူသဘောကျတဲ့ အသီးလေးတွေဆိုရင် သေချာပွတ်သပ်ပြီး
“မင်းရဲ့ စိမ်းဝါရောင် အခွံစိမ်းလေးတွေက လင်းလက်တဲ့ ကြယ်လိုပဲ”
အဲဒီလို အကွက်ရွှေ့တတ်တယ်။
တခါ တခါမှာ အပင်အောက်က မျောက်တွေကိုလည်း
“မင်းတို့ ခေါင်းပေါ်က အသီးသီးနေတဲ့ ကိုင်းမှာ ငါ ညအိပ်မယ်”
လို့ပြောတတ်တယ်။
မျောက်ဟာ အဲဒီသစ်ပင်ကြီးပေါ်မှာ နေတာကြာလာတော့
အမြင့်တက်တဲ့ အလေ့အကျင့်တွေ ပျောက်ဆုံးကုန်တယ်။
“မင်းတို့ အပင်မြင့်မြင့်တွေ လျှောက်မတက်နဲ့ အပင်ပေါ်က ကြွေကျလာတာပဲစောင့်”
အပင်အောက်က မျောက်တွေကို လှမ်းဆိုတတ်တယ်။
တခါ တလေတော့ မျောက်ဟာ သစ်ပင်ပေါ်မှာ နေရင်း လိပ်ပြာလန့်တတ်တယ်။
မျောက်နေထိုင်တဲ့ သစ်ပင်ပေါ်မှာ အခြားတစုံတယောက် ပဲ ရှိနေသလိုလို
တစုံတရာကပဲ သူ့ကို စောင့်ကြည့်သိရှိ နေသလိုလို ခြောက်ချားစိတ်နဲ့
ညည အိပ်မရဘူး။
ဒါကြောင့်ပဲ မျောက်ဟာ မူးယစ်ရီဝေ အောင် မရမက ပြုလုပ်ပြီး
စိတ်ပြောင်းစိတ်လွှဲဖြစ်စေမယ့် ဖျော်ဖြေမှု တွေနဲ့
ရှာကြံပြီး အိပ်စက်ရတယ်။
တခါတလေတော့…
ညဘက်တွေမှာ သူအိပ်တဲ့ အကိုင်းအောက်မှာ တချို့မျောက်တွေကို ခေါ်ပြီး အိပ်ခိုင်းတယ်
အဲဒီညတွေဆို မျောက်ဟာ အိပ်လို့ အကောင်းဆုံးပေါ့။
တစ်ခါတစ်လေတော့ မျောက်ဟာ သူ့ရဲ့ သစ်ပင် ခြေရင်းက
မျောက်တွေ ပျော်ရွှင်မြူးတူး တာတွေကို ကြည့်ရင်း အထီးကျန်သလို ခံစားရတယ်။
မျောက်ရဲ့ သစ်ပင်ကြီးဟာ အပေါ်ဘက်မှာရော ဘေးဘီမှာပါ သစ်ရွက်တွေ ပိတ်ဖုံးနေတာကြောင့်
ကြယ်စင်နဲ့ လမင်းတွေကိုလည်း မမြင်ရသလို ဘေးပတ်ဝန်းကျင်က ရှုခင်းပြာတွေကိုလည်း မမြင်ရဘူး။
ဒါကြောင့် မျောက်ဟာ တချို့သော ညတွေမှာ သစ်ပင်အောက်ကို တိတ်တဆိတ်ဆင်းပြီး
စိတ်လွတ်ကိုယ်လွတ်ပျော်တော့တယ်။
ဒါပေမယ့် မျောက်ဟာ သတိရှိတယ်။ စိတ်တွေကို သိပ်ပြီး မလွှတ်ထားဘူး။
သူ့သစ်ပင်ရှိရာကို တိတ်တဆိတ် ပြတ်လာတယ်။
သူ့သစ်ပင်ပေါ်ကို တခြားမျောက်တွေ ရောက်လာမှာစိုးတယ်လေ။
သူ့နေရာ ပျောက်လို့ မဖြစ်ဘူး။
တကယ်လို့သာ သူရှိနေတဲ့ သစ်ပင်ပေါ်ကို တခြား မျောက်တွေ ရောက်လာလို့
သူအောက်ကို ရောက်သွားခဲ့ရင် သူ့အတွက် တက်စရာ သစ်ပင် တွေ ရှိချင်ရှိနိုင်ပေမယ့်
သူ့မှာ သစ်ပင် အမြင့်တက်တဲ့ စွမ်းရည်တွေက လျော့ပါးနေခဲ့ပြီ။
ဒါကြောင့်လည်း ဒီသစ်ပင်ပေါ်က ဘ၀ ကို သိပ်စိတ်ညစ်ဖို့ ကောင်းကြောင်း
“ခိုတွေရဲ့ အဖျား” ဆိုတဲ့ ကဗျာတစ်ပုဒ်ကို
အောက်က မျောက်တွေ ကြားအောင် ခဏခဏ ရွတ်ဆိုတတ်တယ်။
မျောက်အတွက်တော့ သူ့ဘ၀ ကာလ တာတွေထဲမှာ
ဒီသစ်ပင်ပေါ်မှာ နေရတဲ့ ကာလဟာ လိုအပ်ဆန္ဒတွေ အပြည့်ဝဆုံး အချိန်ပဲ
ဒါပေမယ့် အောက်ခြေက မျောက်တွေရဲ့ နွေးထွေးညံစီတဲ့ တေးသီချင်း သံတွေကြားရင် သိပ်စိတ်ရှုပ်လာတတ်တယ်။

မျောက်ရဲ့ အထီးကျန်မှု သစ်သီးတွေ သိပ်ချိုမြိန်နေချိန်မှာ
အပင်အောက်က မျောက်တွေကတော့ ကမ္ဘာမြေကြီးရဲ့ ရင်ခုန်သံတွေကို
နားထောင်နေကြတာကို မျောက်ဟာ ငုံကြည့်ရတာ စိတ္တဇတွေ ညောင်းညာလို့
မျောက်ဟာ မျောက်သားစားချင်စိတ်တွေ  ပေါ်ပေါက်လာခဲ့တယ်။
အပင်အောက်က မျောက်တွေရဲ့ အသားဟာ သိပ်ချိုမယ်လို့ ထင်တယ်
ဒါပေမယ့် မျောက်အတွက် မျောက်သားစားရဖို့ မလွယ်ဘူး
မျောက်ဟာ လုံးထွေး သတ်ပုတ် ရန်အလုပ်တွေကို လုပ်ရမှာ သိပ်ကြောက်တယ်
ဒါကြေင့် မျောက်ဟာ…
အောက်က မျောက်တွေကို အချင်းချင်း မတည့် မရှုတော့အောင် ကြံတယ်
သစ်ပင်ပေါ်က အသီးကင်းလေးတွေကို သူစိတ်ထင်တဲ့ မျောက်အနား ပစ်ချပေးတယ်။
ဒါပေမယ့် သစ်သီးကို ရတဲ့ မျောက်ကလည်း အခြားမျောက်တွေကို
လှမ်းပစ်ပေးပြီး တစ်ကောင်တစ်ကိုက် ကိုက်ရင်း
တယောက်ပခုံး တစ်ယောက်ဖက်ရင်း ကမ္ဘာကြီးရဲ့ ရင်ခုန်သံကို
နားအပ်လို့ နားထောင်ကြတယ်။
မျောက်အတွက် အခက်အခဲတွေပဲ။
ကမ္ဘာကြီးရဲ့ ရင်ခုန်သံကို စီးမျော နေကြတဲ့ မျောက်တွေကို ဆွဲဆောင်ဖို့
မျောက်ဟာ တချို့သော အသီးမှည့်အနည်းငယ်ကို မျောက်တွေ အပေါ်ကို
ရက်ရက်ရောရော ခြွေချပစ်ပေးလိုက်တယ်။
မျောက်တွေဟာ မျောက်ကို မော့ကြည့်တယ်။
ပြီးတော့ ကြွေကျလာတဲ့ သစ်သီးတွေကို ကောက်ယူလိုက်ပြီး
သစ်ပင်ရဲ့ အောက်မှာ စုပုံထားလိုက်ကြတယ်။
ပြီးတော့ ကမ္ဘာကြီးရဲ့ ရင်ခုန်သံကို ဆက်နားထောင်တယ်။
မျောက်ကတော့ အဲဒီမြင်ကွင်းကို ကြည့်ပြီး ခံရခက်စွာနဲ့
“၀မ်းမနည်းဘူး ။ မလွမ်းလောက်ဘူး” လို့ လှမ်းအော်တယ်။
အပင်အောက်က မျောက်တွေဟာ ရုတ်တရက်ခေါင်းထောင်လာပြီး
အပင်ပေါ်ကို တအံ့ တသြ မော့ကြည့်တယ်။
အဲဒီအကြည့်တွေက…
လူတွေဟာ ကမ္ဘာကြီး ကပြားတယ် လို့ သိထားရာကနေ
ကမ္ဘာကြီး က လုံးဝန်းတယ် လို့ သိလိုက်ရတဲ့ အခါ
တစ်ယောက်နဲ့ တစ်ယောက် ကြည့် တဲ့ အကြည့်တွေ လိုပဲပေါ့။
အဲဒီနောက်တော့…
မျောက်တွေဟာ ကမ္ဘာကြီးရဲ့ ရင်ခုန်သံကို ဆက်လက်ပြီး
နားထောင်မြဲ နားထောင် နေတော့တယ်။


ကျော်ညိုသွေး
www.kyawnyothway.blogspot.com

gravatar

ကျေးဇူးမှတ်တမ်း

ကျေးဇူးမှတ်တမ်း


ပထမဦးဆုံးအနေနဲ့…
ပြည်မြို့ကို ခရီးသွားတုန်းက အဝေးပြေးကားကြီးကို စီးခဲ့ဖူးတာ အမှတ်တရပါပဲ။
ကျွန်တော့်မွေးနေ့မှာ ပီဇာဝယ်ကျွေးဖို့ ပြောခဲ့တဲ့ သူငယ်ချင်းမလေး ၀ါဝါဖြူကြောင့်
ပီဇာ စားခဲ့ဖူးတာ အမှတ်တရပါပဲ။
မြို့လယ်ခေါင်လမ်းလျှောက်နေရင်းက နာမည်ကြီး ကဗျာဆရာရဲ့
အသစ်စက်စက် လုံးချင်းဝထ္ထုကြော်ငြာကို ငေးမောဖူးတာ
အမှတ်တရပါပဲ။
ကျွန်တော်ဟာ…သိမ်ငယ်တတ်ခဲ့လို့
စင်မြင့် ဖျော်ဖြေပွဲတွေထဲ စီးမျောလို့ မရနိုင်ခဲ့ဘူး။
ကျွန်တော်ဟာ ယုံကြည်မှု မဲ့ခဲ့လို့
ဂီတပွဲတော်တွေကို ကျော်လို့ ကော်ဖီတစ်ခွက်နဲ့ အကျဉ်းချခဲ့တယ်။
ကျွန်တော်ဟာ…
ရေမကူးတတ်သလို ၊ ကမ်းစပ်မှာလည်း သွားမထိုင်ခဲ့ဖူးဘူး။

မြစ်တွေပေါ်က တံတားကြီးတွေ ပေါ်မှာ လမ်းလျှောက်ဖူးခဲ့…
လမ်းဘေးလောင်းကစားဝိုင်းထဲက ပိုက်ဆံတွေလည်း ငေးမောဖူးခဲ့…
လမ်းဘေးထမင်းဆိုင်တွေမှာလည်း မြိန်ယှက်ဖူးခဲ့…
မြို့ပတ်ရထားနဲ့ ဆင်ခြေဖုံး သွားရည်စာကိုလည်း တပ်မက်ဖူးခဲ့…
ရေစိုနေတဲ့ ဖယောင်းတိုင်လည်း ဖြစ်ဖူးခဲ့…
အထင်လွဲခံရတဲ့ လေပြည်လည်း ဖြစ်ဖူးခဲ့…
ကျွန်တော် ယူဆောင်လာခဲ့တဲ့ ထီးကတော့ ကောင်းကင် ကို ဖြတ်ဖေါက် မြင်နိုင်ခဲ့တယ်။

ပန်းချီဆရာဖြစ်ချင်တော့…
ကံကြမ္မာက ပညာရေးနဲ့ ဖြားယောင်းခဲ့။
သိုင်းပညာသင်ချင်တော့ အကြောင်းကြောင့် ဝေးခဲ့တယ်။
သီချင်းဆိုချင်တော့ ကျောင်းကပွဲတွေမှာ စာရင်းပေး နောက်ကျခဲ့တယ်။
မဂ္ဂဇင်းမှာ ကဗျာပါလာတော့ ကလောင်နာမည် မှားနေခဲ့တယ်။

ကဗျာတွေ စမ်းရေးကြည့်တော့ ကွန်ပြူတာ ကိုင်ဖြစ်ခဲ့
ကျူရှင်ဆရာ လုပ်ဖို့ အာရုံရတော့ စူပါမားကက်ဝန်ထမ်း ဖြစ်ခဲ့
ဂရပ်ဖစ်ဒီဇိုင်နာ ဖြစ်ဖို့ ရည်ရွယ်တော့ ဂျာနယ်လစ်ဖြစ်ခဲ့။

ကျွန်တော်ဟာ…
မောင်ချောနွယ်ကို မသိလို့
လေထန်ကုန်းကို မရှာတတ်လို့
အင်္ဂလိပ်စာ ကောင်းကောင်း မတတ်လို့
ကျွန်တော်ဟာ…
ခံစားချက်ကို မထိန်းကြောင်းနိုင်ခဲ့လို့
လူ့အသနား များစွာ ခံခဲ့ရတယ် ဆိုလည်း
ပဉ္စလက်ဆန်တဲ့ မျက်လှည့်ပွဲတွေကို ကျောခိုင်းခဲ့ဖူးတာ ကျေနပ်ခဲ့ရဲ့။
ဆင်းရဲတဲ့ အဖြစ်ဟာ ဂုဏ်ယူစရာမဟုတ်လည်း
အလုပ်ကြမ်းလုပ်ခဲ့ဖူးတာ ဂုဏ်ယူစရာမဟုတ်လည်း
အရက်သောက် တတ်ခဲ့ဖူးတာ ဂုဏ်ယူစရာမဟုတ်လည်း
ရိုးအ ခဲ့ဖူးတာ ဂုဏ်ယူစရာမဟုတ်လည်း
မျက်နှာဖုံးတွေကို မ၀ယ်နိုင်ခဲ့တာတော့ ဂုဏ်ယူလိုက်ပါရဲ့။

အားကစားသမား မဖြစ်ခဲ့တာ
ပန်းချီဆရာ မဖြစ်ခဲ့တာ
တေးသံရှင် မဖြစ်ခဲ့သေးတာ တွေအတွက်တော့
မျက်ဝန်းတွေ လည်း ကန္တာရဆန်ခဲ့ပေါ့။

ကျွန်တော် ကြီးပြင်းခဲ့တဲ့ ၂၈ နှစ်တာ ခရီးထဲမှာ
နာဂစ်စ် ကိုလည်း ကြုံဖူးတယ်
လွှတ်တော် အသစ်စက်စက် ကြီးကိုလည်း မြင်ဖူးတယ်
လူကြမ်းတွေ အကယ်ဒမီရတာလည်း မြင်ဖူးတယ်
တစ်ခါသုံးဆေးထိုးအပ်တွေ ခေတ်စားလာတာလည်း မြင်ဖူးတယ်
မြို့တော်ခန်းမကို ဆေးသုတ်တာလည်း မြင်ဖူးတယ်
ဘလူးရေးစ် ဒစ်စ်ခ်တွေ ပေါ်လာတာလည်း မြင်ဖူးတယ်

မအိပ်ခင်တုန်းက အိပ်ပျော်ဖို့ ကြိုးစားပြီး
အိပ်ပျော်သွားပြီးမှ
နိုးထဖို့ မေ့လျော့တတ်တာ
အနုပညာ ပါပဲ။

တချို့တွေက…
ရောခ့်သီချင်းတွေနဲ့ တောင်တက်တယ်
စကားလုံးတွေနဲ့ တိုက်ပွဲဝင်တယ်
Ism တွေနဲ့ ထိုးဖောက်တယ်
ဟစ်ဟော့ပ် တေးသံတွေနဲ့ ကျော်ဖြတ်တယ်

ဒါပေမယ့်
ထူးအိမ်သင် ကမ္ဘာမြေပေါ်ကနေ ပျောက်ဆုံးသွားချိန်အထိ
ထူးအိမ်သင် သီချင်းတွေကို သတိမပြုမိသေးတာနဲ့
အခုအချိန်မှ အရာရှိသင်တန်း တက်ချင်ခဲ့တာတွေကတော့
ဝမ်းနည်းစရာပါပဲ။

ဘယ်လိုပဲဖြစ်စေ…
လူရွှင်တော်ဆိုတာ..
ခံစားချက်ကို မြိုသိပ်
ပျော်ရွှင်ခြင်း မီးခလုတ်တွေကို နှိပ်ရသူပေါ့။

သူလိုကိုယ်လို လမ်းတွေပေါ်မှာ လျှောက်လှမ်းတဲ့အခါ
ကျွန်တော့် အင်္ကျီဟာ လေထဲမှာ လွင့်ပါတယ်။
ဘ၀မှာ မလုပ်ဖူးတဲ့ အရာများကတော့…

- လေဆိပ်သို့မရောက်ဖူးခြင်း။
- လက်ဝှေ့ပွဲ မကြည့်ဖူးခြင်း။
- Music Concert မကြည့်ဖူးခြင်း။
- ရုပ်သေးပွဲ မကြည့်ဖူးခြင်း။
- Model Show မကြည့်ဖူးခြင်း။
- Stage ပေါ်တွင် သီချင်းမဆိုဖူးခြင်း။
- မိန်းမတစ်ယောက်ကို နောက်မှ မဖက်ဖူးခြင်း။
- လမ်းမပေါ်တွင် မိန်းကလေး တစ်ယောက်ကို ရည်းစားစကား
လိုက်မပြောဖူးခြင်း။
- နားမဖောက်ဖူး ခြင်း။
- ဆေးမှင်ကြောင် မထိုးဖူးခြင်း။
- ဆံပင်ကို ပခုံးထိအရှည် မထားဖူးခြင်း။
- ယခုအချိန်ထိ ပြင်ပတွင် ပင်လယ်ကို မမြင်ဖူးခြင်း။
- ဖဲ မရိုက်ဖူးခြင်း နှင့် ဖဲ မရိုက်တတ်ခြင်း။
- ဘိလိယက် မထိုးဖူးခြင်း နှင့် ဘိလိယက် မထိုးတတ်ခြင်း။
- အိမ်ခေါင် အမိုး မမိုးဖူးခြင်း။
- ရေမကူးတတ်ခြင်း။/ ရေကူးမသင်ဖူးခြင်း။
- စုတ်တံကိုင်လျှက် ၊ ရေဆေး ၊ ဆီဆေး စသည်တို့ဖြင့် ပန်းချီမဆွဲဖူးခြင်း။
- ချစ်သူအား Hand Set လက်ဆောင် ၀ယ်မပေးဖူးခြင်း။
- အုန်းပင်ပေါ် မတက်ဖူးခြင်း။
- ကားမမောင်း တတ်ခြင်း။ / မမောင်းဖူးခြင်း။
- ဆိုင်ကယ် မမောင်းတတ်ခြင်း။/ မမောင်းဖူးခြင်း။
- ကဗျာစာအုပ် တစ်အုပ်ကို စိတ်လိုလက်ရ မ၀ယ်ခဲ့ဖူးခြင်း။
- ကိုယ်ပိုင် ပိုက်ဆံဖြင့် ဂျင်းဘောင်းဘီ တစ်ထည် မ၀ယ်ဖူးခြင်း။
- အတန်းပညာ သင်စဉ်က ဆရာ တစ်ဦးဦးအား ကိုယ်တိုင်ကိုယ်ကျ သီးသန့် မကန်တော့ဖူးခြင်း။
- ဒင်မ်ဆမ်းမ် ၀ယ်မစားဖူးခြင်း။
- ရှန်ပိန် မသောက်ဖူးခြင်း။
- Electric Guitar ကို ကိုင်မကြည့်ဖူးခြင်း။
- မူးယစ်စေတတ်သော ဆေးပြား မသုံးစွဲဖူးခြင်း။
- တစ်ခါမှ ပန်ကာမသုံးစွဲဖူးခြင်း။
- Hair Dryer ကိုယ်တိုင်မသုံးဖူးခြင်း။
- နေကာမျက်မှန်တပ်၍ လမ်းမလျှောက်ဖူးခြင်း။
- အလှပြင်ဆိုင်တွင် ခေါင်းလျှော်/မျက်နှာပေါင်းတင် မလုပ်ဖူးခြင်း။
- ရွှေဆွဲကြိုး မ၀တ်ဖူးခြင်း။
- ဟန်းချိန်း မ၀တ်ဖူးခြင်း။
- သားရည် ရှုးဖိနပ် မစီးဖူးခြင်း။
- ဘောကန်ဖိနပ် မစီးဖူးခြင်း။
- သင်္ကြန်တွင် ကားဖြင့် ရေပက်ခံမထွက်ဖူးခြင်း။
- ကျိုက်ထီးရိုးဘုရားဖူး မသွားဖူးခြင်း။
- သာမညတောင်သို့ မရောက်ဖူးခြင်း။
- ရွှေတိဂုံဘုရားပေါ်တွင် တစ်ယောက်တည်း လက်ယာရစ် တစ်ပတ် မပတ်ဖူးခြင်း။
- ၀တ်စုံပြည့် ဖြင့် ဘောလုံးကွင်းထဲတွင် ဘောလုံးမကန်ဖူးခြင်း။
- အင်္ဂလိပ်စာ သင်တန်းမတက်ဖူးခြင်း။
- ကိုယ်ပိုင် Memory စတစ်မသုံးဖူးခြင်း။
- စီးပွားရေးတစ်ခုခု လုပ်ပြီး ငွေမရဖူးခြင်း။
တို့ပဲ ဖြစ်ပါတယ်။

ဘောလုံးသမားတွေက ဘောလုံး မကစားရရင်
စိတ်ကျ ကြမယ်။
ဂစ်တာ သမားတွေက ဂစ်တာမကိုင်ရရင်
စိတ်မော…
တယောသမားတွေက တယောသံနဲ့မှ မနှောရရင်
ဝေဒနာတောတွေ ဖွေးတော့မယ်။

ရှင်သန်လိုစိတ်ရှိတဲ့ သစ်ပင်တိုင်း
ကတုံးတုံးလိုက်ရင်တောင်
ပင်စည်က အခက်သစ်ဝေတတ်တာလည်း
ကြည်လင်တဲ့ တရားတစ်ခုပါလေ။
ရေးဖြစ်တဲ့ကဗျာကို
မရေးဖြစ်ခဲ့သလို ဝေ့၀ဲ ပစ်လိုက်ဖို့က
တိတ်ဆိတ်ခြင်းများထဲက ထွက်ကျလာတဲ့အသံ
ကျွန်တော် ဘယ်လိုမှ မငြင်းဆန်နိုင်ခဲ့ဘူး။

ကဗျာရေးတယ်ဆိုတာ လောကကြီးကို
ပျက် = ရယ် = ပြု = လှောင် = ပြောင် = သ = ရော် = ခြင်း
ပါပဲ။
ကျွန်တော်ရေးဖြစ်ခဲ့တဲ့ သီချင်းတွေကတော့
ပွတ်သပ်ကြည့်လိုက်တိုင်း
သက္ကရာဇ် ရိုင်းရိုင်းတွေ ခေါင်းထောင်လာမြဲပါပဲ။


ကျော်ညိုသွေး

gravatar

မိုဘိုင်းဖုန်း နှင့် တူသော မိန်းမများ

မိုဘိုင်းဖုန်း နှင့် တူသော မိန်းမများ

အ၀င်ခေါ်ဆိုမှု နှင့် အထွက်ခေါ်ဆိုမှု သာ ပြုလုပ်၍ ရသော ဖုန်းကဲ့သို့ သော မိန်းမ

အထက်ပါ ဖုန်းနဲ့ တူတဲ့ မိန်းမကတော့ ဖုန်းရဲ့ လုပ်ဆောင်ချက်အတိုင်း ပါပဲ။ ပြောတာ ။ ခိုင်းတာဆို လုပ်မယ် ခေါ်ရင်လာမယ်။ ထားရာနေ စေရာသွား ဒီလောက်ပါပဲ ၊ ဒီထက်ပိုပြီးတော့ သူက သင့်ကို ဘာမှ ပိုမိုစွမ်းဆောင်ပေးနိုင်မှာ မဟုတ်သလို ၊ ဘာမှလည်း စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းလည်း ရှိမှာ မဟုတ်ပါဘူး။ ပြောရရင်တော့ ပုံတုံးမိန်း မိန်းမပေါ့။

ဖုန်းပြောခြင်း နှင့် စာပို့ ခြင်းတို့ကို ပြုလုပ် နိုင်သည့် ဖုန်း ကဲ့သို့သော မိန်းမ

ပြောတာ ၊ ခိုင်းတာ လေးတွေကို “ဟုတ်” တစ်လုံးနဲ့ ခိုင်းသမျှ လိုက်လုပ်ပေးမယ့် အပြင် အချို့သော အသေးအဖွဲ ကိစ္စလေးတွေကိုတော့ ကိုယ်စား ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်။ ဒီပြင် ကိစ္စတွေကိုတော့ စွမ်းဆောင်ပေးနိုင်မှာမဟုတ်ပါဘူး။ သိပ်ပြီး ကြီးကြီးကျယ်ကျယ်တွေ ခမ်းခမ်းနားနားတွေကို သိလည်း မသိ ၊ တတ်လည်း မတတ်လို့ တချို့ကိစ္စတွေမှာ ကိုယ်ကိုယ်တိုင်ပဲ နည်းလမ်းရှာ ဆောင်ရွက်ပေးရပါလိမ့်မယ်။

စပီကာသံ ကျယ်လွန်းသည့် ဖုန်းကဲ့သို့သော မိန်းမ

ဒီလိုမျိုး ကျတော့လည်း ဖုန်းပြောတဲ့ အခါကျရင် တစ်ဖက်က ပြောတဲ့ အသံတွေ ကို ဖုန်းနားထောင်သူတင် မကပဲ အနီးအနးမှာ ရှိတတဲ့ တခြားသူတွေ ပါ ကြားနိုင်တာမျိုးပါ အဲဒီလို မိန်းမကျတော့ နှစ်ကိုယ်ကြား တီးတိုးတိုင်ပင်တဲ့စကားတွေကို လျှို့ဝှက်ထားရမှန်းမသိပဲ အပြင်တွေကို ဖောက်သည်ချတတ်တဲ့ မိန်းမမျိုးပါ။ ဇောက်မှန်း ၊ ကမ်း မှန်း မသိတဲ့ သူ ၊ အာချောင်တဲ့ သူတွေလို့လည်း ပြောလို့ရပါတယ်။ ပိုက်ဆံထုပ်ကြီး ကောက်ရတာကို ၀မ်းသာအားရနဲ့ ဓါးပြကိုသွားပြော ပြတတ်တဲ့ မိန်းမမျိုးပါ။ ကိုယ်ကိုယ်တိုင်က အလွန်လျှို့ဝှက်မှရပါလိမ့်မယ်။

Functions စုံတဲ့ ဖုန်းကဲ့ သို့သော မိန်းမ

မိုဘိုင်းဖုန်း လောကမှာတော့ သာမန် နာမည်ရှိတဲ့ ဖုန်းတွေဟာ Functions စုံရင် လိုင်းဆွဲအားမကောင်းတတ်ကြဘူး လို့ အဆိုရှိကြ ပါတယ်။ အဲဒီနည်းတူပါပဲ ဖုန်းတစ်လုံးမှာ တယ်လီဗေးရှင်းန် လိုင်းတွေလည်း ဖမ်းယူလို့ရမယ် ၊ F.M လိုင်းလည်း ဖမ်းယူနားထောင်လို့ရမယ် ၊ ဓါတ်ပုံ ဗွီဒီယိုတွေလည်း Recording လုပ်လို့ရမယ် ၊ Wi-Fi စံနစ်နဲ့ အင်တာနက်လည်း သုံးလို့ရမယ် ဆိုတဲ့ ဖုန်းတွေဟာ တစ်ကယ့်တစ်ကယ်တမ်းကျတော့မှ လိုင်းမမိတာမျိုး ၊ အသံမကြည်တာမျိုး ၊ ဖုန်းဆက်နေရင်းနဲ့ လိုင်းကျသွားတာမျိုးတွေ ဖြစ်သလိုပဲ အဲဒီဖုန်းနဲ့ တူတဲ့ မိန်းမတွေဟာ ကိစ္စမျိုးစုံကို စပ်စပ် စပ်စပ် နဲ့ သိနေ တတ်နေ သလိုရှိနေကြပါတယ်။ တစ်ခုခုပြောလိုက်တာနဲ့ သူ့မှာ မသိတာကိုမရှိဘူး အနုပညာကိစ္စဆိုလည်း သိလိုက်ပြန်ပြီ။ အလှအပရေးရာ ဆိုလည်း သိလိုက်ပြန်ပြီ။ “လာမပြောနဲ့ . . . . . . တိုကသိပြီးသား” ဆိုတဲ့မိန်းမမျိုးပါ၊ တစ်ကယ်တမ်း ထဲထဲဝင်ဝင် မေးကြည့်၊ အားကိုးကြည့်လိုက်တော့လည်း “အင်း. . . . အဲ . . .” နဲ့ ဘာမှရေရေရာရာ မသိပါဘူး။

အဲဒီလို Function စုံတဲ့ ဖုန်းမျိုးကို အလှကိုင်ရုံသက်သက်သာ အသုံးဝင်သလိုပါပဲ ၊ Function စုံတဲ့ ဖုန်းနဲ့ တူတဲ့ မိန်းမ မျိုးကတော့ ခပ်လန်းလန်း လေးနဲ့ ကိုယ့်လေးမှာ ရှိနေမှာပါ။ ဘာမှ အားကိုးအားထား မပြုဘူး။ တိုင်ပင်နှီးနှောခြင်းမရှိဘူး ဆိုရင်တော့ ပျော်စရာကောင်းနေပါလိမ့်မယ်။

Touch Screen ပါတဲ့ ဖုန်းကဲ့သို့သော မိန်းမ

သင်ကိုင်တဲ့ ဖုန်းဟာ Touch Screen ပါတဲ့ ဖုန်းဆိုရင်တော့ သင့်လုပ်ဆောင်ချက်တွေကို လျှင်မြင်လွယ်ကူစွားနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ Touch Screen ပါတဲ့ ဖုန်းနဲ့ တူတဲ့ မိန်းမဟာ သင်က တစ်ခုခုင ပြောလိုက်တာနဲ့ သင်ဘာဖြစ်ချင်တယ် ၊ ဘာဖြစ်စေချင်တယ်ဆိုတာ တွေကို နားလည်ပြီးသား ဖြစ်နေပါလိမ့်မယ်။ အကင်းပါးပါးနဲ့ သင့်ရဲ့ပါရမီကို ဖြည့်မယ့် မိန်းမမျိုးပါပဲ။ သင်နဲ့ နားလည်မှုကို အကောင်းဆုံးတည်ဆောက် နိုင်မယ့် မိန်းမမျိုးပါ။ “ချက် ဆို နားကွက်က မီးတောက်တယ်” ဆိုတာ ဒါမျိုးပေါ့။


Touch Screen ပါသော်လည်း Sensitivity မကောင်းတဲ့ ဖုန်းကဲ့ သို့ သော မိန်းမ

Touch Screen ပါတဲ့ အမျိုးအစားတွေကတော့ အများကြီးမှ အများကြီးပါပဲလေ။ အဲဒီအထဲကမှ ကိုယ်ဝယ်လိုက်တဲ့ ဖုန်းမှာပါတဲ့ Touch Screen ဟာ Sensitivity ကောင်းဖို့ လိုပါတယ်။ ဒါမှလည်းလုပ်ဆောင် ချက်တွေ မှန်ကန် မြန်ဆန် မှာပါ။ ဒီလိုမှမဟုတ်ရင်တော့ ကိစ္စလေးတစ်ခုကို ဖြေရှင်းဖို့ရာအတွက် အချိန်တွေ အများကြီး ပေးရမှာပါ။

ဆိုရိုးစကားလည်း ရှိပါတယ်။ “လောကမှာ မရှိတာထက် မသိတာခက် ၊ မသိတာထက် သိချင်ယောင်ဆောင်တာခက် ” တဲ့။ ဒီစကားပုံ အတိုင်းပါပဲ။ Touch Screen ပါပေမယ့် Sensitivity မကောင်းတဲ့ ဖုန်းနဲ့တူတဲ့ မိန်းမဟာ မသိတာကို သိချင် ယောင် ဆောင်ထားတတ်တဲ့ သူပါ။ အလွယ်ပြောရရင် လည်ချင်ယောင်ဆောင် ၊ နပ်ချင်ယောင် ဆောင်ထားတဲ့ မိန်းမပါပဲ။ သိလွယ်မယ်ထင်လို့ ပြောလိုက်တာတွေက နားမလည်နိုင်လို့ စိတ်ညစ်ရပါမယ်။ Touch Screen က Button တစ်ခုကိုတို့လိုက်လို့ ထူးခြားမှုရှိမလာပဲ နှစ်ခါပြန် နှိပ်ရတာမျိုး ၊ နည်းနည်းလေး အားစိုက်ပြီး ဖိလိုက်ရတာမျိုးလိုပါပဲ။ အဲဒီမိန်းမမျိုးကို တစ်ခုခုဆိုရင် ရှည်ရှည်ဝေးဝေးနဲ့ အာပေါက်အောင် ရှင်းပြ ၊ ပြောပြ ရပါတော့မယ်။ အမြင်မှာ လည်လှပြီ ၊ သွက်လှပြီ ဆိုပေမယ့် တကယ်တမ်း မှာ ဒုံးဝေးနေတတ်ပါတယ်။


Slide ဖုန်းနှင့် တူသော မိန်းမ

တစ်ခုခု အကြောင်းပေါ်လို့ သူနဲ့ ပူးပေါင်း ဆောင်းရွက်ရမယ့် ကိစ္စတွေ ပေါ်လာတဲ့ အခါမျိုးမှာ ကိုယ်က အတင်းကို တွန်းအားပေး နေရပါတော့မယ်။ ကိုယ်လုပ်မယ့် ကိစ္စတွေကိုလည်း တနည်းနည်းနဲ့ ကာဆီးကာဆီးကို နည်းနည်းတော့ လုပ်တတ်မှာပါ။ အကြောင်းကိစ္စကို ဖြေရှင်းပြီးချိန်မှာလည်း ဆူဆူ ဆောင့်ဆောင့်နဲ့ ဆောင့်ကြီး အောင့်ကြီး လုပ်တတ်ပါသေးတယ်။

အဖွင့် အပိတ်အဖုံးပါတဲ့ ဖုန်းကဲ့သို့သော မိန်းမ

အရေးအကြောင်းတစ်စုံတရာ ရှိလို့ တစ်ခုခုလုပ်မယ်ကြံတိုင်း ရှေ့ကနေ ကာဆီး ကာဆီး လုပ်တတ်ပါတယ်။ “ဘယ်သွားမလို့လဲ” “ဘာလုပ်မလို့လဲ” “ဘာလို့လဲ” နဲ့ ရှေ့ကနေ ပိတ်ပင်တားဆီးနေတာမို့ စိတ်ညစ်ရတတ်ပါတယ်။ နေရာတကာ လိုက်ပြီး ရှေ့ကနေ ကန့်လန့် ကန့်လန့် နဲ့ ခံနေတတ်တဲ့ မိန်းမမျိုးပါ။



iPhone လိုမိန်းမ

iPhone ဆိုတာ ဖုန်းလောကမှာ ထိပ်ဆုံးမှာ ရှိတဲ့ ဖုန်း အမျိုးအစားတွေထဲမှာ အပါအ၀င် တစ်ခုပါ။ သူ့မှာ Function

စုံတယ်။ အသုံးချနိုင်တဲ့ စွမ်းဆောင်ရည်တွေအများကြီး ရှိသလို၊ တကယ်လည်း အသုံးဝင်ပြီး အသုံးပြုရတာ စိတ်အနှောက်အယှက် ကင်းပါတယ်။ ဒါပေမယ့် iPhone က စွမ်းဆောင်ရည်မြင့်သလို ဈေးကလည်းကြီးပါတယ်။

iPhone နဲ့တူတဲ့ မိန်းမဆိုရင်လည်း စမတ်ကျပါမယ်။ လှပတောင့်တင်းပြီး ထည်ထည်ဝါ၀ါ ရှိပါမယ်။ အဲဒီလို မိန်းမမျိုးနဲ့ တွဲသွားရင် သင့်ကို လူတွေက အထင်ကြီးစေနိုင်သလို ၊ သင့်ရဲ့ ဂုဏ်ကိုလည်း ဆောင်နိုင်ပါလိမ့်မယ်…။ အပြင်ပန်း အမြင်တင်မကပါဘူး ၊ သူက သင့်လိုအပ်ချက် ၊ သင့်ရဲ့ စွမ်းဆောင်ရည်တွေကိုပါ ပြောင်မြောက် စေပါလိမ့်မယ်… Physical ရော Logical ပါ ကောင်းမွန်လို့ ၊ လက်ရုံးရည် နှလုံးရည်ပြည့်ဝတဲ့ ထက်မြက်သော မိန်းမ တစ်ယောက်ဆိုတာ အသေအချာပါပဲ။

ဒါပေမယ့် တစ်ခုရှိတာက သင့်မှာသာ ခိုင်မာတဲ့ အခြေအနေ တစ်ခု မရှိရင် iPhone ၀ယ်ဖို့ အတွက် အိပ်မက် မက်ရဲမှာမဟုတ်သေးပါဘူး။ iPhone လိုမိန်းမမျိုးကို ဖမ်းဆုပ်နိုင်ဖို့ အတွက်ကတော့ သင့်မှာ ခိုင်မာတဲ့ အခြေအနေ တစ်ခုရှိဖို့ရန် လိုအပ်မှာ အသေအချာပါပဲ….။



ဖုန်းအမျိုးအစားတွေကတော့ အများကြီးပါပဲ ၊ ဒီလိုပဲ မိန်းမတေကလည်း အများကြီးပါပဲ။ ကိုယ်အဆင်ပြေရာ ဖုန်းကိုရွေးဝယ်သလို ၊ ကိုယ်လက်လှမ်းမှီရာ မိန်းမကို ရွေးချယ်ရမှာပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် ရည်းစားထားသလို ဖုန်းတစ်လုံးကို ၀ယ်လိုက်ပြီဆိုရင်တော့ ကိုယ့်ဖုန်းလေး မျက်နှာမငယ်ရအောင် Application တွေ လိုအပ်တဲ့ Accessories တွေ Installation လုပ်သလို မျိုး ကိုယ့်ရည်းစားကိုလည်း မျက်နှာမငယ်အောင် စိတ်ချမ်းသာအောင် ထားရပါမယ်။

အဲ…ဒီထက်သာလွန်ပြီး ပြည့်စုံတဲ့ ဘ၀တစ်ခုကို ရောက်ဖို့ကတော့ လက်ထပ်ပါ။ သိန်းငါးဆယ်လောက်ဆို မျက်နှာမငယ်ရတဲ့ မင်္ဂလာပွဲလေးတစ်ပွဲ ဖြစ်မှာပါ။ ဖုန်းအတွက်ကတော့ SIM Card လိုအပ်ပါတယ်။ ၀ယ်လိုက်ကြပါဦး ငါးသိန်း။



ကျော်ညိုသွေး 



( အထက်ပါ ဆောင်းပါးအား Mobile Guide Journal Volume 1 , Issue 15 တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

gravatar

ချစ်သော ဧရာဝတီ

ချစ်သော ဧရာဝတီ




ဧရာဝတီတဲ့
နွေရာသီရဲ့ကဗျာ
ဝေဒနာ မပေးကြပါနဲ့။


နွေအခါ..
လေအလာမှာ
ဧရာရဲ့ ရနံ့ သင်းပျံပါစေ။


ရှင်းသန့်ကာ နေတဲ့ မြစ်
လင်းဖန့်ဝါ ဝေတဲ့ အနှစ်မို့
ခေတ်အဆက်ဆက် ရှည်ပါစေ။


ကမ္ဘေ ကမ္ဘာ တွေတိုင်
အမွေ မြန်မာတို့ ထိန်းဖို့ရာ
ဧရာရဲ့ ရေစင်တေး နဲ့
နွေဝင်တေးဆိုခဲ့။


မေခင်လေးပျိုသဖွယ်
အလို...ဘယ် အမြင်တွေလှစေဖို့
သင်္ကေတ ရင်နှစ်မွှာကို
ဟင်..အသာမခွဲပါနဲ့။


အမြင်မှာ အစဉ်သာလှစေမယ့်
အသွင်မှာ အကြင်နာက မသွေတဲ့
အနှစ်ကြာ ချစ်ဆုံစည်းရာကို
အပြစ်ရှာ ထစ်ကာမခွဲပါနဲ့
သစ္စာလည်းထား။



ကျော်ညိုသွေး

gravatar

ချက်ကျလက်ကျ ပြောချင်တာတွေ ပျောက်နေ

ချက်ကျလက်ကျ ပြောချင်တာတွေ ပျောက်နေ


ကဗျာတစ်ပုဒ် ထိုင်ဖတ်နေတုန်း ကွန်ပြူတာရဲ့ ထောင့်က Avira Antivirus Auto Update Notification လေးတက်လာတယ်။ ဒီနေ့အတွက် Update လုပ်မလားပေါ့။ OK နဲ့ Later မှာ Later ကို ကိုယ်နှိပ်လိုက်တယ် ။ သေချာတယ် ဒီနေ့ အတွက်ကတော့ နောက်ထပ် ပေါ်လာလည်း Later ကိုပဲ နှိပ်မိဦးမှာပဲ ။ အခုတော့ ကိုယ်တွေးနေတယ်။ ကိုယ် Later လုပ်ရတဲ့ အကြောင်းအရင်းကို ပေါ့။ အကြောင်းအရင်း တစ်ခုပဲရှိတယ်။ လုပ်နေကြမို့လို့ပဲ ။ အခါတိုင်းဆို Auto Update ကို လုပ်ချင်မှလည်း လုပ်တာ။ စိတ်လိုလက်ရ ရှိချိန်မှာ လုပ်တယ်။ သတိမေ့ / စိတ်မပါ ခဲ့ရင် အခုလို Later ဆိုပြီး လျှော်ပစ်လိုက်တာပဲ ။ မလုပ်တာ သေချာတယ်။ ကိုယ်ကိုယ်တိုင် ပေါ့ပါးဖို့ ကိုယ့်အနားက တစ်စုံတစ်ရာကို တောင် လျှော်တတ်ခဲ့တယ်။ Auto Update Notification လေးကို Ok လုပ်လိုက်ရတာ ဘာများ ပင်ပန်း လို့တုန်း ကိုယ်တွေးကြည့်တယ်။ စက်က သူ့ဘာသာ လုပ်သွားမယ့် အရာ ကိုယ့်အတွက် ပင်ပန်းတာ တစ်ခုမှမရှိ။ ကိုယ့် လျှော်တတ်တဲ့ အကျင့်တွေ ပတ်ဝန်းကျင်ကို ပစ်ပေါက်နေမိ။ သေချာတယ် ကိုယ်တစ်ခုခုဖြစ်နေမိပြီထင်တာပဲ။ နောက်ထပ် ဖြစ်လာမယ့် အကျိုးဆက်တွေ တွေးကြည့်တော့ ပိုမို စိတ်လေးလံတယ်။ တော်ပြီ မစဉ်းစားတော့ဘူး လို့ တွေးပေမယ့်။ အဲဒီအဖြစ်ကလေးက စိတ်နံရံမှာ အမှေးလေး တစ်ခုလို တွယ်ကပ် နေတယ်။ ခင်ဗျားတို့ ကျုပ်တို့ ထိပ်ခတ်နာ ဖြစ်ရင် နှာခေါင်းနဲ့ အာခေါင် ထိပ်မှာ သလိပ်ဖတ်ကလေး က အသက်ရှု သွင်း/ထုတ်တိုင်းမှာ လေရဲ့ထိခတ်မှု့ကြောင့် လှုပ်ရှားသွားတဲ့ အခါ သလိပ်ဖတ် ကပ်နေတဲ့ နံရံက ယားယံမှု့ဝေဒနာကို ဖြစ်ပေါ်စေသလို ပေါ့။ အခုတော့ ကျုပ်ကိုယ်တိုင် သက်သာ ရဲ့လားတွေးမိတယ်။ သက်သာရာ ရ အောင် လျှော်ပစ်လိုက်တဲ့ ကိစ္စတစ်ခုရဲ့ သက်သာရာ ရတဲ့ ခံစားမှု့က ကျုပ်ကို လာလာနှောက်ယှက် နေတယ်။ ထိပ်ခတ်နာ ဖြစ်တဲ့ အခါ ကျုပ်ရဲ့ အာခေါင်ကို လှုပ်ကြည့်တယ် နှာခေါင်းထိပ်ပိုင်း အတွင်းနံရံကို လှုပ်ကြည့်တယ်။ အဲဒီအခါ နားထဲကနေ “တဗျစ်ဗျစ် ” အသံကြားတယ်။ ဒီလိုပဲ အမှေးတစ်ခုခု စိတ်မှာ လာကပ်တော့ စိတ်က ရိုးတိုးရိပ်တိတ်ဖြစ်နေတယ်။ တစ်ခုခုအတွင်းပိုင်းနံရံတွေကို လှုပ်ကြည့်တယ်။ “တဗျစ်ဗျစ်” လိုလို “တကျစ်ကျစ်” လိုလို အသံတွေကိုကြားရတယ်။ အဲဒီလို ကျုပ်ဘာသာ နံရံတွေကို လှုပ်နေမိတာနဲ့ အသံတွေ မဖြစ်စလောက်လေး တွေ မြည်အောင် လုပ်နေမိတာ တွေ ဘယ်လောက် ကြာခဲ့ပြီလဲ မသိပါဘူး။ ကျုပ်လှုပ်နေတယ်။ လှုပ်တိုင်းလည်း အသံတွေ မြည်နေတယ်။ သတိထား မိသလိုလို မထားမိသလိုလိုပါပဲ။ အခုတော့ ကျုပ် အိပ်ပျော်ချင်သလို ဖြစ်လာတယ်။ မကြာခင် အိပ်ပျော်တော့မယ် ဆိုတာ သိပေမယ့် ။ ကျုပ် နှာခေါင်း အတွင်းပိုင်း ထိပ်နံရံတွေကို လှုပ်နေမိတယ် ။ တဗျစ်ဗျစ် အသံတွေလည်း နားထဲက ကြားတယ်..။


ကျော်ညိုသွေး
www.facebook.com/Mg.KNT