ခရမ်းချဉ်သီးပန်ထွေဖျော်

 ခရမ်းချဉ်သီးပန်ထွေဖျော်

_________________________
ခရမ်းချဉ်ပင်ကနေ သီးဝေတဲ့
ခရမ်းချဉ်သီးကလေးတွေအရွယ်ရောက်လာတဲ့အခါ
သူတို့ထဲကတချို့ဟာ..
ခရမ်းချဉ်သီးပန်ထွေဖျော်ဟင်းလျာအတွက်
သူတို့ကိုယ်သူတို့ ပေးဆပ်တာဝန်ကျေဖို့အသင့်ရှိနေကြလိမ့်မယ်။
မီးခိုးနံ့သင်းတဲ့ဟင်းလျာလေးတစ်ခုဟာ
ခရမ်းချဉ်သီးပန်ထွေဖျော် ဖြစ်တယ်။
အနေတော်မီးဖုတ်ပြီးတဲ့ ခရမ်းချဉ်သီးကလေးတွေကို
ငရုတ်ဆုံကျယ်ကျယ်ထဲ ထည့်ထောင်းပြီး..
မီးကင်ထားတဲ့ငါးပိအနည်းငယ်ရယ်၊ ကြက်သွန်ဖြူသုံးလေးတက်ရယ်၊
နုပ်နုပ်စဉ်းထားတဲ့ နံနံပင်နဲ့ ငရုတ်သီးစိမ်းကလေးတွေရောမွှေလိုက်တဲ့အခါ
သုံးဆောင်ဖို့အသင့်ဖြစ်နေတဲ့
ခရမ်းချဉ်သီးပန်ထွေဖျော်တစ်ခွက်ဖြစ်လာမယ်။
.
မီးခိုးရနံ့သင်းနေတဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်ကို
ထမင်းဖြူဖြူလေးတွေပေါ်ဆမ်းပြီး နယ်ဖတ်လို့စားကြည့်ပါ။
ခရမ်းချဉ်သီးပန်ထွေဖျော်ဟာ
ပွဲဝင်တဲ့ဟင်းလျာတစ်မျိုးမဟုတ်ခဲ့ပေမဲ့..
ဆာလောင်နေတဲ့ဝမ်းအတွက်တော့ မြိန်စရာဟင်းတစ်မယ်အဖြစ်
အသင့်ရှိနေလိမ့်မယ်။
အကြောင်းအမျိုးမျိုးကြောင့်
တခါတလေမှာ မေ့ထားခံရကောင်း ခံရနိုင်ပေမယ့်
လိုအပ်တဲ့အချိန်တိုင်းမှာ..
ခံစားချက်ရဲ့ကွက်လပ်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက်
ခရမ်းချဉ်သီးပန်ထွေဖျော်ဟာ တနေရာမှာအသင့်ရှိနေပါလိမ့်မယ်။
.
တချို့သောနှလုံးသားတွေဟာ..
အဓိပ္ပာယ်တစ်ခုကြောင့်ဖြစ်ဖြစ်
အကြောင်းအရာတစ်ခုခုကြောင့်ဖြစ်ဖြစ်
အကြောင်းတိုက်ဆိုင်ပြီး ဆုံစည်းတတ်ကြတယ်။
နှစ်သက်မှုတွေတူညီတဲ့အခါ..
ဝေးကွာခြင်းတွေဟာ အလိုလိုနီးစပ်လာတယ်။
.
ခရမ်းချဉ်သီးပန်းထွေဖျော်ဟာ..
မိသားစုလက်ဆုံထမင်းဝိုင်းတစ်ခုကို မျှော်လင့်နေတဲ့ဟင်းလျာဖြစ်ချင်ဖြစ်မယ်။
မေတ္တာတရားကိုဖော်ပြပေးနိုင်တဲ့ ဟင်းတစ်ပန်းကန်ဖြစ်ချင်ဖြစ်မယ်။
ထမင်းမြိန်စေတဲ့အရသာတစ်ခုဖြစ်ချင်ဖြစ်မယ်။
မသိစိတ်ရဲ့ဟိုးအတွင်းဆုံးထောင့်တစ်နေရာမှာ ငြိတွယ်နေတဲ့
ပုံရိပ်တစ်ခုဖြစ်ချင်ဖြစ်မယ်။
ဘယ်လိုပဲဖြစ်ဖြစ်..
ထမင်းစားပွဲပေါ်က ခရမ်းချဉ်သီးပန်ထွေဖျော်တစ်ခွက်တိုင်းမှာ
သီးခြားအဓိပ္ပာယ်တစ်ခုစီရှိနေပါလိမ့်မယ်။
.
ထမင်းစားပွဲကလေးတစ်ခုဟာ ဘဝတစ်ခုဖြစ်တယ်ဆိုရင်
ထမင်းဖြူဖြူလေးတွေက..
ခရမ်းချဉ်သီးပန်ထွေဖျော်ကိုစောင့်နေတာဖြစ်နိုင်သလို
ခရမ်းချဉ်သီးပန်ထွေဖျော်က..
ထမင်းဖြူဖြူလေးတွေကို စောင့်မျှော်နေတာလည်းဖြစ်နိုင်ပါတယ်။
.
ခရမ်းချဉ်သီးပန်ထွေဖျော်ဟင်းတစ်ခွက်ထဲမှာ..
အတိတ်ဖြစ်ရပ်တွေရှိချင်ရှိမယ်။
မျှော်လင့်ချက်အိပ်မက်တွေရှိချင်ရှိမယ်။
ဝေးကွာနေတဲ့ အစက်နှစ်စက်ရဲ့ကြားထဲက
ပျောက်ဆုံးနေတဲ့ မျဉ်းကြောင်းကလေးလည်းရှိချင်ရှိနေပါလိမ့်မယ်။
.
မရောက်နိုင်သေးတဲ့ခရီးကလေးတစ်ခုဖြစ်ဖြစ်
မတွေ့နိုင်သေးတဲ့တစ်စုံတစ်ရာပဲဖြစ်ဖြစ်
မဆုံစည်းနိုင်သေးတဲ့အကြောင်းတရားပဲဖြစ်ဖြစ်
မသိရှိသေးတဲ့အဖြစ်မှန်တစ်ခုအတွက်ပဲဖြစ်ဖြစ်
ထမင်းစားပွဲပေါ်ဝဲပျံနေမယ့် လက်ကလေးတွေအတွက်
ခရမ်းချဉ်သီးပန်ထွေဖျော်ဟာ စောင့်မျှော်လို့နေပါတယ်။
.
ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး