ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ညီမလေးနှင့် ကျွန်တော်



အိမ်တွင်ညီမလေးနှင့် စကားများရသည်မှာအကြိမ်ကြိမ်။ ကျွန်တော့် ဂစ်တာကိုယူယူကိုင်သောကြောင့် ကျွန်တော်နှင့် ကတောက်ကဆဖြစ်ရတိုင်း အဖေနှင့်အမေက ကျွန်တော့်ကိုချည်းဆူလေတော့သည်။ အငယ်ဖြစ်သူ ကိုယ့်ညီမလေးအား မညှာဘူးဟူ၍ပြောသော်လည်းမရ ကျွန်တော့်ပစ္စည်း၊ ပစ္စယများကိုယူကိုင်သည်ကိုမကြိုက်။ ထို့ကြောင့်ကျွန်တော့်ညီမလေးက ကျွန်တော့်ကို “ကပ်စီးနည်းကြီး” ဟုအမြဲတမ်းပြောလေ့ရှိသည်။ ကျွန်တော်တို့မောင်နှမ နှစ်ယောက်ငယ်ငယ်က ကျောင်းတက်စဉ်က ကျွန်တော်သည်မုန့်ဖိုးများကိုမစားဘဲ စုစုထားကာ ကျွန်တော်ကြိုက်သည့် ပစ္စည်းများကို ၀ယ်လေ့ရှိသည်။ ညီမလေးကတော့ စားသင့်တာစား၊ စုသင့်တာစုနှင့် ညီညီမျှမျှရှိခဲ့သည်။
အမေပေးသောမုန့်ဖိုးများကို ကုန်သွားမှာကြောက်သဖြင့်စုစုထားပြီး မုန့်မစားဘဲ ညီမလေးဆီကသာ ကပ်ရပ်လျှက်စားခဲ့သည်ချည်း။ မကောင်းတတ်၍ညီမလေးအား ၀ယ်ကျွေးရလျှင်လည်း။ ဈေးပေါသောမုန့်များကိုသာဝယ်ကျွေးလေ့ရှိခဲ့သည်။ တစ်ခါတစ်ခါ ကျွန်တော့်ညီမလေးဝယ် ကျွေးသော မုန့်များမှာကျွန်တော်ပင်ကိုယ်တိုင်ပင် ၀ယ်၍မစားဖူးသော မုန့်များပါလေသည်။ မြိန်ရည်ယှက်ရည်စားနေသော ကျွန်တော့်ကိုကြည့်နေသည့် ညီမလေးမျက်လုံးများကိုကျွန်တော်အဓိပ္ပါယ်မဖော်တတ်ခဲ့။ သို့သော်ကျွန်တော့်ညီမလေးကျွေးသောမုန့်များသည် ကျွန်တော်ကိုယ်တိုင်ဝယ်စားခဲ့ရသည့် မုန့်များထက်ပိုမို မြိန်မိလေသည်။
ဒီတစ်နှစ်တွင် ကျွန်တော်တို့ ပထမနှစ်ကျောင်းသားများဧ။်ဖလားလုပွဲအနေဖြင့် ဘောလုံးပြိုင်ပွဲလုပ်သောအခါ ပြိုင်ပွဲရှိသည်ဟု သိသောအခါ ညီမလေးမှာ ပြိုင်ပွဲအတွင်း ဝေယျာဝစ္စများအတွက် အကုန်လုံးကိုတာဝန်ယူပေးလေသည်။ ကျွန်တော့် အားကစားအင်္ကျီများ လျှော်ဖွပ်ခြင်း၊ ထရိန်နင်ချိန်များတွင် အစားအသောက်ပြင်ဆင်ကာ ပို့ပေးခြင်းတို့ကို လုပ်ဆောင်ပေးလေသည်။ အသင်းတစ်သင်းလုံးကို စည်းကမ်းတင်းကျပ်စွာ ကွပ်ကဲပြီး သေချာလေ့ကျင့်ထားသောကြောင့် ပြိုင်ပွဲအတွင်း အခက်အခဲမရှိကျော်လွှားကာ ပထမဆုကို ထိုက်တန်စွာရခဲ့လေသည်။
ပြိုင်ပွဲတွင်ဆုရသော ကျွန်တော်တို့အသင်း ကို နောက်တစ်ပတ်တွင် ဆုပေးပွဲပြုလုပ်ပြီး ပထမဆုအနေဖြင့် ငွေကျပ် သုံးသိန်းဆုချီးမြှင့်ရာ တစ်သင်းလုံး ကိုခွဲဝေပြီးသောအခါ ကျွန်တော်တို့ကိုယ်စီ 20000 သောင်းကျပ်ဝန်းကျင်ရလေသည်။ ပထမဆုရသဖြင့် ကျွန်တော်တို့အသင်းသားများ ကိုယ်စီအပျော်တွေနှင့်ရှိနေသလို။ ကျွန်တော့်ညီမလေးမှာလည်း ကျွန်တော်တို့ပထမရသည့်အတွက် အားရ၀မ်းသာဖြင့် “သမီး အားပေးရတာ တန်သွားပြီ” ဟုအားရ၀မ်းသာဖြင့်ပြောလေသည်။ ဘောလုံးပွဲမှ ဒိုင်လူကြီး၏ခရာသံအဆုံးတွင် ပထမနှစ်တန်းများဧ။် “လေအလျှင်” အသင်းအနိုင်ရဗိုလ်စွဲချိန်တွင် ကွင်းတွင်းရှိ ဘောသမားများအားရ၀မ်းသာ ပြေးလွှားနေသည့်ကြားမှ ကျွန်တော့်ဆီသို့ ပြေးဝင်လာသော ညီမလေးမှာ အသံများကွဲအက်ကာဖြင့် “နိုင်ပြီကွ” အော်လေသည်။
အိမ်သို့ရောက်သောအခါ ပြိုင်ပွဲအကြောင်းပြော၍မဆုံး။ ပီတိအဟုန်တိုဖြင့်အိပ်ရာဝင်လေသည်။ အောင်မြင်မှု့သေးသေးဖြစ်စေ ကြီးကြီးဖြစ်စေ ရရှိလေသောအခါ ကိုယ့်စိတ်အတွင်းပထမဆုံး ၀င်ရောက်လာသောသူကို ပြေး၍ပြောပြချင်သည်မှာ သဘာဝပင်ဖြစ်လေသည်။ ကျွန်တော့်တွင်လည်းထိုကဲ့သို့သော သူ ရှိလေသည်။ အိပ်ရာမှထသောအခါ ညီမလေးက “ကိုကြီး သမီးကို အောင်မြင်တဲ့အထိမ်းအမှတ်နဲ့ တစ်ခုခုဝယ်ပေး” ဟုပြောသောအခါ “အေးပါကွာ ညည်းကလည်း အေးဆေးပေါ့” ဟုအလွယ်ပြောကာ ရေမိုးချိုးအ၀တ်အစားလဲကာ ကျွန်တော့်အောင်မြင်မှု့ကို ပြောပြလိုသည့် တစ်ယောက်ဆီကျွန်တော်သွားဖို့ပြင်ဆင်လေသည်။
တွေ့နေကြနေရာတွင်စောင့်နေမည်ဟု ချိန်းကာ ကျွန်တော်ရောက်သွားတော့ သူမရောက်သေး။ နာရီတွေအတော်ကြာပြီးမှ စာလေးတစ်စောင်သာရောက်လာခဲ့သည်။ မနက်ခင်းသည် ချက်ချင်းမှောင်ကျသွားသလို။ အပျော်အတွက် ၀မ်းသာကြည်နူးမှု့သည်လည်း ကွယ်ပျောက်သွားသလိုပင်။ တွေ့ခဲ့လျှင်အားရ၀မ်းသာပြောရမည့် စကားတို့သည်ဘယ်ဆီသို့ရောက်ကုန်သည်မသိ။ “ အသင့်တော်ဆုံးလမ်းကိုရွေးလိုက်ပါပြီ” ဆိုသည့်စာကြောင်းနောက်တွင် ကျွန်တော်ဆက်မဖတ်လိုသော စကားလုံးများရှိနေသည်နှင့် ကျွန်တော့်လက်တို့က အလိုအလျှောက်စာခေါက်အသွင်သို့ စာရွက်ကလေးကိုပြောင်းလဲကာ ဘက်ဘက်အင်္ကျီအိတ်ကပ်ထဲသို့ထည့်မိသည်။
လာရာလမ်းအတိုင်း ကျွန်တော်လမ်းလျှောက်ပြီး ပြန်ခဲ့ပါသည်။နေအတော်မြင့်နေသဖြင့် ပူလောင်နေသော လမ်းမတွင် တစ်စုံတစ်ခုသော အကာအကွယ်မပါပဲ လမ်းလျှောက်ခဲ့သည်။ အိမ်သို့ပြန်ရောက်သောအခါ အိမ်ရှေ့လမ်းမကြီးကိုကြည့်ကာ အိမ်နံဘေးရှိဒန်းပေါ်တွင် ထိုင်ကာ လက်ထဲမှ အပြာရောင်ရေမွှေးပုလင်းလေးကိုပွတ်သပ်ကြည့်နေမိသည်။ အသံမထွက်ပဲ “မင်းကိုပိုင်ဆိုင်စေချင်တဲ့ ပိုင်ရှင်မလေးကတော့ အဝေးကိုပြေးထွက်သွားပြီကွာ စိတ်မကောင်းပါဘူး” စိတ်ထဲကပြောမိစဉ် ကျွန်တော့်လည်ပင်းသို့တစ်ခုခုလာစွပ်သည်ကိုသိသဖြင့် ငုံကြည့်ရာ ipod လေးတစ်ခုဖြစ်နေလေသည်။ ခေါင်းမော့ကြည့်ရာ “ကိုကြီးအောင်မြင်မှု့အတွက် ညီမလေးရဲ့ အမှတ်တရလက်ဆောင်”ဟုပြောသည့် အပြုံးနှင့် ကျွန်တော့်ညီမလေးကို တွေရလေသည်။ လက်ထဲမှ ipod ကိုကြည့်မိတော့ ကျွန်တော်အကြိုက်ဆုံး Classic တံဆိပ်။ ညီမလေး ဘယ်အချိန်က စုထားသည့်ပိုက်ဆံတွေနှင့် ၀ယ်ထားပါလိမ့်။ ဈေးအတော်ကြီးမှာပဲတွေးမိနေစဉ်..။ ကျွန်တော့်လက်ထဲမှ အပြာရောင်ရေမွှေးပုလင်းလေး ကိုညီမလေးက ဆတ်ကနဲ့ယူလိုက်ပြီး “ဟာ..ရေမွှေးပုလင်းလေးပါလား အပြာရောင်လေးတော့ ဟိ…ကိုကြိးညီမလေးအတွက်လား…” ဟုပြောသဖြင့် ကျွန်တော့်ပါစပ်မှ “မဟုတ်….” ဟု ပြောမိသလိုလိုဖြစ်ချိန်တွင် ညီမလေးမှာ “ ဟေး…………” ဟု သံရှည်စွဲအော်ကာ…ပြေးထွက်သွားလေပြီ။

gravatar

စာလာဖတ်ပါ၏
ကပ်စီးနည်းတဲ့ကိုကြီးမှာညီမလေးကောင်းတစ်ယောက်ရှိတာ ကောင်းလိုက်တာ။

သာယာချမ်းမြေ့ပါစေနော်
မိုး

gravatar
မောင်မျိုး at August 10, 2010 at 11:14 PM

မင်းက အနီးဆုံးက တန်ဖိုးထားရမယ့် ညီမလေးကို မှမမြင်ပဲကို တကယ်တော့ ၅၂၈ သံယောဇဉ်က ၁၅၀၀ ထက် အများကြီး အေးချမ်းပါတယ်လေ ။ဖတ်ရတာ ကြည်နူးစရာကောင်းတယ်

gravatar

ကိုကျညိုသွေးတော့ မသိဘူး ။
နန်းကို အရာအားလုံး စွန့်ခွာသွားတဲ့အချိန်မှာ ဘေးမှာ အတူရှိနေပေးတဲ့ အတူငိုပေးတဲ့သူက ညီမလေးပဲ။
တန်ဖိုးထားချစ်ခင်နိုင်ပါစေ