စကောလား ရှစ်

စကောလား ရှစ်

အွန်လိုင်းလည်း မသုံးတတ်တဲ့လူတွေအတွက် ဆိုက်ဒ်အက်ဖက်တွေ ရှိတယ်။
နည်းပညာဆိုတာလည်း ခေတ်မှီရင်ပြီးရော သုံးဖြစ်အောင်သုံးလိုက်တယ်။
ကျော်ဝင်း စာအုပ်တွေလည်း ဖတ်တယ်။
ပေါ်လတီကယ် ဆိုင်းယမ့်စ် ကိုလည်း တီးမိခေါက်မိတယ်။
၃၈ဖြာမင်္ဂလာကိုလည်း အလွတ်ရတယ်။
ကမ္ဘာကြီး ပြားတယ်ဆိုတာကနေ ပြန်လုံးသွားတဲ့အကြောင်းလည်း
သူအရင်သိတယ်။
အခုနေ ကော်ဖီသောက်တာ နှလုံးရောဂါပျောက်တယ်
ကော်ဖီသောက်တာ နှလုံးရောဂါ ဖြစ်နိုင်ချေပိုများတယ်။
အကင်စားရင် ကင်ဆာ မဖြစ်တော့ပါ။
အကင်စားရင် ကင်ဆာ ဖြစ်နိုင်ခြေရှိသေးတယ်
အကင်နံ့ရရင် ဗိုက်ဆာတယ်။
ဖြစ်နိုင်ချေအားလုံး သိတယ်။
ရှပ်အင်္ကျီ ၀တ်ရင် ရွှေကြယ်သီးလေးပါ တပ် တတ်တယ်။
ခါးပတ်ပတ်ရင် ဂျန်းတဲလ်မန်း အဆင်နဲ့ ကာကီရောင်လေး မှာ
မဟော်ဂနီလေးတွဲ
စတိုင်လ်ပန်ထဲ ၀င်နေတဲ့ ရှပ် ခါးအနားကိုလည်း
ခါးပတ်နား ၀ဲနေအောင် ဆွဲချထားတယ်။
သားရည် ဘုဒ် ကလည်း ခွေးရုပ် ပေါ်နေတယ်။
နှုတ်ခမ်းမွှေး အသေရိတ်တယ်။ မုတ်ဆိတ်စစ ထားတယ်။
ခေတ်ပေါ်ဖက်ရှင် အနေနဲ့ စာရေးတယ်။ ကဗျာ သေပြီပြောတယ်။
ရသစာပေတွေ ဖော်ထုတ်တဲ့အနေနဲ့ မာဆတ်မှာ ဘ၀သရုပ်ဖော်တွေ လေ့လာတယ်။
ရသခေတ်ကုန်ဆုံးတော့မလား တစ်ယောက်တည်း စိုးရိမ်ကြီးနေတယ်။
အင်ဖော်မေးရှင်းတက္ကနိုလိုဂျီ ခေတ်မှာ ရသတွေ ကုန်ခမ်းမှာစိုးမိတယ်။
ဂန်းစတား ရက်ပ် နဲ့ ရော့ခ်အင်ရိုးကို နှစ်လွှာထပ် ကျောက်ကျောလို စားသုံးတယ်။
ဘီယာမသောက်ခင် ဟယ်လ်ပါ လပ်ကီးသောက်တယ်။
ရောမရောရင် အသေစောမှာစိုးလို့ ဇေတစ်လုံးမှာ ရေ တစ်ပုံး ရောတယ်။
ပီကေ စားရင် သွားပိုးစားမှာစိုးလို့ နီကိုတင်ကိုတော့ရှောင်တယ်။
မနက်သွားတိုက်ရင် ဂျာနယ်တစ်စောင်ကုန်တယ်။
အာပုပ်စော်တော့ နည်းနည်း နံတယ်။
ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက် က
ကျောင်းပိတ်ခါနီးအော်တိုတွေရေးရင် သူအမြဲတမ်းရေးတာ တစ်ခုပဲရှိတယ်။
"ငါက လူတွေကို နားလည်တယ်။
လူတွေရဲ့ ခံစားချက်ကိုလည်းနားလည်ပေးချင်တယ်
ဖြစ်နိုင်မယ်ဆိုရင် ငါကလူတွေ အားလုံးရဲ့  ဒုက္ခကို
ငါ့တစ်ယောက်တည်းရဲ့  ပခုံးပေါ်မှာ ထမ်းပေးထားချင်တယ်။
ဒါပေမယ့် လူတွေက ငါ့ကို နားမလည်ကြဘူး။"


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး