အသိတရား (သို့) ကိုယ့်ယုံကြည်ချက် ၊ ကိုယ့်ဒိုင်ယာရီ


ကဲ..ဘလောဂ့်ဂါ မောင်မိုးက တက်ပြန်ပါပြီ။ ဒီတက်ပိုစ့်စီကြောင်းက ဘယ်သူ့ဆီက မြစ်ဖျားခံသလဲဆိုတော့ ဘလောဂ့်ဂါ စည်ဘီယာ အဲ့လေ…(  သောက်ချင်တာ :P ) ဘလောဂ့်ဂါ စည်သူဆီက နေ တောက်လျှောက်စီးလာတယ်လို့သိရတယ်ဗျ။

ဟုတ်ပါပြီ။
ဒီလိုဆိုတော့လည်း သောက်ရတာပေါ့ကွာ အဲ့..မှားလို့( Calsum ကွေကာ ကြော်ငြာနဲ့မှားသွားတာ :D ) ဒီလိုဆိုတော့လည်းရေးရတာပေါ့။ ကျွန်တော့်အနေနဲ့ ကတော့ ဘယ်နေရာ ရောက်ရောက် အသိတရားကတော့ ဖြည်းဖြည်းတိုးတိုးလာတာပဲ။ ဇရာရင့်လာတာနဲ့ အထာလည်း တင့်လာတာပေပဲကိုး။ အလုပ်ကြမ်းလုပ်တုန်းကလည်း အလုပ်ကြမ်းအလုပ်မို့ ၊ အလုပ်ချောလုပ်တုန်းကလည်း အလုပ်ချောအလုပ်မို့။ ကွန်ပြူတာသုံးတော့လည်း ကွန်ပြူတာသုံးလို့ နောက်ပြီး အလုပ်တစ်ခုပြီး တစ်ခုပြောင်းလို့၊ ရည်းစားတွေ ထားခဲ့လို့၊ အပေါင်းအသင်းများလာလို့ နောက်ဆုံး ဘလောဂ့်ရေးပါများလာလို့၊ Online မှာလေလွင့်တာ များလာလို့ စသည်ဖြင့်ပေါ့လေ။

            အရင်က တစ်ယောက်တည်းအေးအေးနေတဲ့တဲ့ ကျွန်တော် Online သုံးတတ်လာတော့ စကားက တစ်အားများလာတယ်။ အပေါင်းအသင်းလည်း များလာတယ်။ အရင်က ကျွန်တော့်ဆီကို ဧည့်သည်သူငယ်ချင်းတွေ လာမလည်ဖူးပေမယ့် Online နဲ့ပတ်သက်လာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေလာလည်တာတွေရှိတာတယ်။ အပေါင်းအသင်းတွေလည်းစုံလို့ပေါ့။ အဲဒီ့လိုဖြစ်လာတော့ လောကကြီးနဲ့ပတ်သက်ပြီးပိုပြီးသိလာတာတွေ၊ တွေးမိတာတွေရှိလာတယ်။ တရားရချင်ရင် လူကြားထဲ ကျင့်လို့လည်း တစ်ချို့ကပြောတယ်လေ။ ဦးလေး မောင်မိုးက မတက်ဂ်ခင်လေးတင်ကို ကျွန်တော်တွေးမိတာတွေ ကို  Facebook နဲ့ ချော့ကလက်မြို့တော်မှာ ကိုယ့်ခံယူချက် ၊ ကိုယ့်ဒိုင်ယာရီဆိုပြီး တင်ထားတာရှိတယ်ဗျ။ အဲ့ဒါလေးကိုပဲ ပြန်လည်ပြီး ဖြည့်စွက်ပြီး တင်ပြပါ့မယ်။

# စာများများဖတ်ပါ။

# အလေအလွင့်စာအုပ်မှ စပြီး တရားဓမ္မစာအုပ်အထိဖတ်ပါ။

#လူတစ်ယောက်၏ စာဖတ်ပြီး စွတ်အတင်း ကြည်ညိုမနေပါနှင့်။

#လူတစ်ယောက်၏ ကိုယ်ရေးကိုယ်တာနှင့် သူ၏ စာများသည် အမြဲတမ်းလိုလို ပတ်သက်မှု့မရှိပါ။

# ကိုယ့်ခံယူချက်နှင့်ကိုယ်နေပါ။ ယုံကြည်မှ လိုက်လုပ်ပါ။

# သူများယောင်တိုင်း လိုက်မယောင်ပါနှင့်။

# ကိုယ်ယုံကြည်ရာကိုယ်လုပ်ပါ။

ကိုယ့်ခံယူချက်နှင့် မတူသူ ကိုယ့်ဝါသနာနှင့် နည်းနည်းလေးမှ အပ်စပ်၍မရသူကို မပေါင်းပါနှင့်။ 
    ထိုသို့သော မိတ်ဆွေ/ သူငယ်ချင်းမျိုးမရှိသည့်အတွက် သင်ဝမ်းနည်းနေမည်ဆိုလျှင် 
    သင်သည် အချိန်ဖြုန်းသူပင်ဖြစ်လိမ့်မည်။

# ရိုးသားပါ။

# သစ္စာရှိပါ။

# ကတိတည်ပါ။

# ချစ်ပါ။



# ယဉ်ကျေးပါ။

# ဒေါသကိုချုပ်ထိန်းရခြင်းသည် ရောဂါကိုပိုတိုးစေသည်။ 
   ထို့ကြောင့် ဒေါသကို မချုပ်ထိန်းပါနှင့်။ ဒေါသမထွက်ချင်ဘူးဟုဆိုလျှင်  
   ဒေါသ မဖြစ်စေရန် ရှောင်ရှားပါ။ မရှောင်ရှားနိုင်ပါက ဒေါသကို မချုပ်ထိန်းပါနှင့်။

# သူများက သင့်အပေါ်ဘယ်လို ဆက်ဆံစေလိုသလဲ ။ ထိုအတိုင်းပင် သူများကိုဆက်ဆံပါ။

# သူများစကားကိုဆုံးအောင်နားထောင်ပါ။ ပြီးမှ ကိုယ်ပြောစရာရှိတာကို ပြောပါ။ 
   ကိုယ်ပြောခွင့်ရနေတုန်းတွင်လည်း သူများကို ပြောခွင့်မပေးပဲ မရပ်မနားပြောမနေပါနှင့်။

# ဝေါ်ကီတော်ကီ ပြောဖူးသူများ အများစုသည် Conversation ပြုလုပ်ရန် သင့်တော်သူများပင်ဖြစ်သည်။

# မယဉ်ကျေးသောသူကား ပေါင်းသင်း၍ရသေးသည်။ 
   ယဉ်ကျေးပြီး ယုတ်မာသောသူ နှင့် စီးပွားတွက်တွက်၍ ယဉ်ကျေးသောသူများ ကားကြာရှည်စွာပေါင်းသင်း၍မရ။

# အနုပညာကို မချစ်တတ်သူများနှင့် မပေါင်းပါနှင့်။ သင်သာစိတ်ဆင်းရဲရမည်။

# အနုပညာကို နားမလည်သည့်အပြင် ခံစားဖို့ကိုလည်း မစွမ်းနိုင်သော သူများကို 
   ဇနီး/ခင်ပွန်း အဖြစ် မပေါင်းသင်းယုံမျှမက မိတ်ဆွေ သူငယ်ချင်းအဖြစ်ဖြင့် ပေါင်းသင်းပါကလည်း 
   သင်စိတ်ဆင်းရဲနေရမည်။

# မချစ်တတ်ဘူးဟုပြောသူများသည် သတ္တိမရှိသောသူများပင် ဖြစ်သည်။

# လောကကြီးတွင် အဆိုးမြင်ခြင်းနှင့် အကောင်းမြင်ခြင်း ဟူ၍နှစ်မျိုးရှိသည်။ 
   ထိုနှစ်မျိုးသည် မိမိလုပ်ငန်းဆောင်တာကို ရှေ့ဆက်ဆောင်ရွက်ခြင်းတွင် အသုံးပြုရန်ဖြစ်သည်။ 
   သူတပါးအား တိုက်ခိုက်ရန်မဟုတ်။

# ဝေဖန်ခြင်းဆိုသည်မှာ အပြုသဘောဖြစ်သည်။ တိုက်ခိုက်ရေးကိရိယာ မဟုတ်။

# မိမိချစ်သူနှင့် နီးနီးကပ်ကပ် ပွင့်ပွင့်လင်းလင်းနေပါ။ သို့သော် မမိုက်မဲ မယုတ်မာပါနှင့်။

# လူတစ်ယောက်ကို ချစ်မိပြီဆိုလျှင် မိမိချစ်မိသည့် လူအတွက်ရော၊ မိမိဘ၀ အတွက်ရော 
   တိုးတက်ရန် ကြိုးစားချင်စိတ်များဖြစ်ပေါ်လာရသည်။ 
   ( သားသမီးများအပေါ်ချစ်စိတ်ကြောင့် မိဘများက တိုးတက်အောင်မြင်အောင် ကြိုးစားကြပုံနှင့်  
   အနည်းငယ်တူသည်။ သို့သော် မိဘများက ပို၍ပြင်းထန်သည်)။

# မိန်းမများက ယောက်ျားကောင်းကောင်း 
   (အနည်းဆုံးအနေဖြင့် အရည်အချင်းရှိသော၊ ကြင်နာတတ်သည့် စိတ်ထားကောင်းသည့်) 
   များကို လိုချင်သလို၊ ယောက်ျားများအနေဖြင့်လည်း မိကောင်းဖခင် သားသမီးဟု ခေါ်ဝေါ်ခံရမည့် 
   သားသမီးများကို မွေးထုတ်ပေးနိုင်သော မိန်းမများကို လိုချင်ကြသည်။
 

# လူတစ်ယောက်ကို ချစ်သလား မချစ်ဘူးလားဟူ၍ စဉ်းစားစရာမလို၊ 
    လက်ထပ်မည်လား လက်မထပ်မည်လား ကိုသာ စဉ်းစားဆုံးဖြတ်ရန်လိုသည်။

# ယောက်ျားများကို မိန်းမများက ခေါင်းခေါက်၍ ရွေးကြသလို 
   မိန်းမများကိုလည်း ယောက်ျားများက အိုးဝယ်သလို ရွေးတတ်ကြသည်။

# မည်သည့် ဘာသာတရားမဆို လူအများကို လိမ္မာယဉ်ကျေးပြီး၊ စိတ်ကောင်းနှလုံးကောင်းများကို
   ဖြစ်ပေါ်စေနိုင်သည့် အဆုံးအမများ ရှိကြသည်။ သို့သော် ဘာသာရေးအစွန်းရောက်သူများကို 
   မပေါင်းသင်းပါနှင့်။ သင်နှင့် သင့်ပတ်ဝန်းကျင် စိတ်ညစ်ညူးရလိမ့်မည်။

# ဘယ်တော့မှမဟုတ်တာမလုပ်ဟု ကြွေးကြော်ပြီး အမှန်လွန်နေသူများကိုလည်း မည်သူကမှ 

   အဖက်လုပ်ပြီးပေါင်းသင်းလိမ့်မည်မဟုတ်။ ချိန်ချိန်ဆဆ မျှမျှညီညီနေမှဖြစ်မည်။

# မိခင်ဘာသာစကားကို စွန့်ပစ်ပြီး တစ်ခြားဘာသာစကားကို အထင်ကြီးစွာတပ်မက်နေသူများအား 

   မပေါင်းပါနှင့် ။သင်နှင့်ဆက်ဆံရေးပြေလည်မည်မဟုတ်။

# သင်တစ်ခုခုပြောနေပြီဆိုလျှင် မေးခွန်းများစွာဖြင့် မေးတတ်ပြီး သင်ပြောဆိုလိုသည့်လိုရင်း မရောက်အောင် 

   မေးတတ်သူများကို ဝေးဝေးကရှောင်ပါ။

# သင့်အတွက် ၊ သင့်ရောဂါအတွက် ဆေးနည်းလေးတစ်ခုအား လက်ရေးမူဖြင့်ကူးလာတတ်သော 
    သူငယ်ချင်းသည် ရွှေ ဖြစ်သည်။

# စာရေးဆရာ တစ်ယောက်က ဆိုဖူးသည်။ “ သူငယ်ချင်းဆိုသည်မှာ ကျွန်ုပ်က ရိုးသားစွာ 
   ဆက်ဆံရမည့် သူသာဖြစ်သည် ” တဲ့ ။ 
   မှန်သည်။ သို့သော် သူငယ်ချင်းတွင်မက မိတ်ဆွေ ၊ ချစ်သူ၊ မိဘ၊ မောင်နှမ 
   အားလုံးအပေါ်တွင် ရိုးသားစွာဆက်ဆံခြင်းသည် သာ၍ကောင်းသည်။

# ဆိုရိုးစကားများ နှင့် အတွေ့အကြုံဆုံးမစာများသည် နှုတ်တိုက်ကျက်ရန် မဟုတ် 
   လက်တွေ့ကျင့်သုံးရန်ဖြစ်သည်။

# သမ္မတ ကနေဒီ၏ ဘ၀ဇတ်ကြောင်းကို ပုံပြင်သဖွယ်ပြောပြနိုင်သော်လည်း
   “ မနေ့ညက ငါစာရေးနေတုန်းမှာ MRTV-4 အစီအစဉ်ကနေ စည်သူလွင်သီချင်းလာတယ်” 
   ဆိုတာမျိုးလောက်ကို အင်္ဂလိပ်လို မပြောပြနိုင်သူမဖြစ်ပါစေနှင့်။

 

# ဖက်ရှင်ဆိုသည်မှာ ရေစီးတစ်ခုဖြစ်သည်။ တည်တံ့နေခြင်း အလျဉ်းမရှိ။

# ရုပ်ဆိုးအောင်လုပ်လို့မရ၊ ရုပ်ပျက်အောင်သာ လုပ်လို့ရသည်။ ရုပ်ဆိုးခြင်းနှင့် ရုပ်ချောချင်းသည်  
   သဘာဝ၏လက်ဆောင်များပင်ဖြစ်သည်။

# တစ်နေ့ကို ရေသန့်ဗူး ၁ လီတာ သုံးဗူးလောက်ရေသောက်ပါ။ (အနည်းဆုံး)

# အရက်ကို မူးအောင်သောက်ခြင်းသည် ပုံမှန်အရက်သောက်သူများဖြစ်ပြီး။ 
   အရက်ကို လူမှန်းမသိအောင် သောက်သူများသည်  မိမိ ဘာလိုချင်သည်ကို 
   မမှန်းဆနိုင်သော သူများဖြစ်ကြသည်။

# လူတစ်ယောက်ကို ထာဝစဉ်ချစ်နေရမည်ဆိုသည်မှာ သဘာဝမကျသော အယူအဆပင်ဖြစ်သည်။
   မိမိအား မနှစ်သက်၍  တစ်ခြားတစ်ယောက်ကို ရယူသွားသူ (သို့) မိမိမေတ္တာအား မလိုချင်သူကို 
   ဆက်လက်၍ချစ်နေ မျှော်လင့်နေ ရမည်ဆိုသည်မှာ အဓိပ္ပါယ်မဲ့သော အလုပ်ပင်ဖြစ်သည်။ 
   အကြိမ်ပေါင်းများစွာ အချစ်စစ်ဖြစ်နိုင်သည်။ အဓိက လိုအပ်ချက်ကြီးမှာ မိမိလက်ရှိချစ်မိသော ၊
   မိမိနှင့် လက်တွဲနေသော သူအားသစ္စာရှိရန်ဖြစ်သည်။

# သစ္စာဆိုသည်မှာ အမှန်တရားကိုဆိုလိုခြင်းဖြစ်သည်။ မည်သူ့ကိုချစ်သည်ဖြစ်စေ။ 
   မည်သည့်အလုပ်ကိုလုပ်သည်ဖြစ်စေ။ မှန်ကန်ဖြောင့်မတ်စွာ လုပ်ရမည်ကို ဆိုလိုခြင်းဖြစ်သည်။

# သစ္စာရှိသည်ဆိုသည်မှာ မှန်ကန်သော အလုပ်ကို လုပ်ခြင်းဖြစ်သည်။ ကျွန်ခံခြင်းမဟုတ်။ နွံနစ်ခြင်းမဟုတ်ပေ။

# ကိုယ့်ကုသိုလ်နဲ့ကိုယ်ဖြစ်တာ၊ ရှေးဘ၀က ကုသိုလ်ကြောင့် ဒီလိုဖြစ်နေတာဟု 
   ကိုယ့်ကိုယ်ကို ဂုဏ်ယူဝံ့ကြွားနေကြသူများသည်  ပေါ့ပေါနေ ပေါ့ပေါ့စားများ ဖြစ်ကြသည်။
  
# ဘ၀အကျိုးပေးကောင်းသူများသည် လောကဓံကို သိပ်နားမလည်တတ်။

# အင်္ကျီအကွက်ကြီးကြီး ၊ အစင်းကြီးကြီး နှစ်သက်သူများသည်။ ။ လောဘကြီးတတ်ကြသည်။ 
   သီးသန့်နေထိုင်ခြင်းကို  နှစ်သက်တတ်ကြသည်။

# လူငယ်များသည် လူကြီးများကို နားလည်ကြသည်။ လူကြီးများကား လူငယ်များကို နားမလည်တတ်ကြ။
   (ဥပမာ ။ တွံတေးသိန်းတန်သီချင်းများကို လူငယ်များ လက်ခံကြသည်။ 
   သို့သော် ဂျေးမီသီချင်းကို လူကြီးများ လက်မခံတတ်ကြ)။

# ယောက်ျားတွေက တီဗွီနဲ့တူပြီး မိန်းမတွေက ရီမုတ်ကွန်ထရိုး နဲ့တူတယ် တီဗွီ ဘယ်လောက်ကြီးကြီး 
   ကိုယ်လိုချင်တဲ့ လိုင်းကို အလွယ်တကူ ပြောင်းလဲ ကြည့်ရှု့နိုင်တယ်လို့…စာတစ်ပိုဒ်မှာ ဖတ်ဖူးတယ်။
   ဒါပေမယ့် ရီမုတ်ကွန်ထရိုးမှာလည်း functions စုံပြီးတော့  ဘတ္ထရီရှိဖို့လိုအပ်တယ်။ ဆိုလိုတာကတော့ 
   ယောက်ျားကို လိုရာပုံသွင်း ထိန်းကြောင်းမယ့် မိန်းမမှာ အရည်အချင်းနဲ့ ပါးရည်နပ်ရည်ရှိဖို့လိုအပ်တယ်။

# လူတိုင်းမှာ ကိုယ်ယုံကြည်ရာကို ကိုးကွယ် ယုံကြည်ခွင့်ရှိသလို၊ မကိုးကွယ် မယုံကြည်ခွင့်လည်းရှိတယ်။
   ဒါပေမယ့်  တစ်စုံတစ်ခုသော ဘာသာတရားကို မယုံကြည်သဖြင့် စော်ကားခွင့်တော့မရှိဘူး။

# ဘာသာတရားဆိုသည်မှာ လူများကို ရူးမသွားအောင် ထိန်းကြောင်း ပေးတဲ့အရာဖြစ်တယ်။ 
   ဘာသာတရားနဲ့ပတ်သက်ပြီး အငြင်းအခုံပြုလုပ်ခြင်းဟာ မိုက်မဲသော ရူးသွပ်မှု့ပင်ဖြစ်တယ်။ 
   ထိုသို့ငြင်းခုန်သူများသည် မိမိရှေ့တွင်ရှိသော  အကုန်မဖတ်ရသေးသော စာအုပ်များကို ကြည့်ပြီး 
   ငါ့ဘက်က စာအုပ်က ကောင်းတယ် သူ့ဘက်ကစာအုပ်ကဖြင့်ကောင်းတယ်ဟု 
   အငြင်းပွားနေသူများနှင့်တူတယ်။

# တိုးတက်တဲ့ ခေတ်မှာ သင်ကြာရတဲ့ ပညာရပ်တွေ ထဲက တစ်ချို့သော ဘာသာရပ် အများစုဟာ 
   အသက် ၊ သွေး ၊ ချွေးတွေနဲ့ ရှေးတုန်းက  ပညာရှင်တွေက ရင်းနှီးခဲ့ရတယ်။ ပေါ့ပေါ့တန်တန်မထားသင့်။
   (ဥပမာ ။           ။ ကျွန်တော့်မေဂျာက Psycho လေ အရူးမေဂျာပါဗျာ အမှတ်မမှီလို ရတာယူလိုက်တာ)

# လူဆိုသည်မှာ အသီးအရွက်စားသတ္တ၀ါများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် 
   အသားစား သတ္တ၀ါများလောက် သွားများ မကြီးကြသောကြောင့်ဖြစ်သည်။ 

# အသီးအရွက်မကြိုက်/မစား/ စားရကောင်းမှန်းမသိသူများသည် မှန်မှန်ကန်ကန်မတွေးခေါ်တတ်ကြချေ။

# ဗုဒ္ဓဟူးသားသမီး အများစုသည် သူတို့ကို အရူးအမူးစိတ်ဝင်စားသူများကို ပြန်လည်၍စိတ်မ၀င်စားကြချေ။ 
   သူတို့အားလစ်လျူရှု့ပစ်ပယ်ထားသူများကို စိတ်ဝင်တစားရှိတတ်ကြသည်။


            ကဲ..ဒါကတော့ ကျွန်တော် တွေးထားတာတွေ စာဖတ်လို့ ၊ သူများပြောလို့၊ သိထားတာ ၊ နားထောင်ထားတာတွေနဲ့ ရထားတဲ့ အတွေ့အကြုံ အသိလေးတွေကို ဒိုင်ယာရီရေးထားတာတွေပါ။ စာရေးဖြစ်အောင် တက်ဂ်လာတဲ့ Blogger MG Moe ကို အထူးပဲ ကျေးဇူးတင်ပါတယ်။



ကျော်ညိုသွေး

Comments

တဂ်တယ် တဂ်တယ်နဲ့ ဒါမျိုးတဂ်ကမှ ဖတ်လို့ကောင်းတာ။
*
လူတစ်ယောက်၏ စာဖတ်ပြီး စွတ်အတင်း ကြည်ညိုမနေပါနှင့်။
သူများက သင့်အပေါ်ဘယ်လို ဆက်ဆံစေလိုသလဲ ။ ထိုအတိုင်းပင် သူများကိုဆက်ဆံပါ။
ဝေါ်ကီတော်ကီ ပြောဖူးသူများ အများစုသည် Conversation ပြုလုပ်ရန် သင့်တော်သူများပင်ဖြစ်သည်။
ဘယ်တော့မှမဟုတ်တာမလုပ်ဟု ကြွေးကြော်ပြီး အမှန်လွန်နေသူများကိုလည်း မည်သူကမှ အဖက်လုပ်ပြီးပေါင်းသင်းလိမ့်မည်မဟုတ်။ ချိန်ချိန်ဆဆ မျှမျှညီညီနေမှဖြစ်မည်။
ဆိုရိုးစကားများ နှင့် အတွေ့အကြုံဆုံးမစာများသည် နှုတ်တိုက်ကျက်ရန် မဟုတ် လက်တွေ့ကျင့်သုံးရန်ဖြစ်သည်။
သမ္မတ ကနေဒီ၏ ဘ၀ဇတ်ကြောင်းကို ပုံပြင်သဖွယ်ပြောပြနိုင်သော်လည်း “ မနေ့ညက ငါစာရေးနေတုန်းမှာ MRTV-4 အစီအစဉ်ကနေ စည်သူလွင်သီချင်းလာတယ်” ဆိုတာမျိုးလောက်ကို အင်္ဂလိပ်လို မပြောပြနိုင်သူမဖြစ်ပါစေနှင့်။
*
ကျွန်တော်သဘောကျပြီးကြိုက်တဲ့ဟာလေးတွေပါ။ တစ်ချို့ဟာလေများတော့ ကျွန်တော်လက်မခံတာလေးတွေရှိတယ်။ လူတိုင်းလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိတယ်တဲ့။ ဟုတ်တယ်မို့လားကိုကျော်ညိုသွေး။ ဘာပဲပြောပြောအလွန်ကောင်းတဲ့တဂ်ပိုစ့်လေးပါ။ ဒါမျိုးလေဖတ်ရတဲ့အတွက် တဂ်တဲ့လူရော အတဂ်ခံရတဲ့လူရောကို ကျေးဇူးတင်တယ်။

p.s အပေါ်မှာ ဗုဒ္ဓဟူးသားသမီးအကြောင်းနှစ်ခါဖြစ်နေတယ်။ ကိုယ်တွေ့ဖြစ်လို့ထင်တယ်။ :)
Anonymous said…
ကြိုက်တယ်ဗျာ..ဒါမျိုးမှ။ အသိတရားတွေ ဖြန်းခနဲ ပွင့်သွားတယ်။ ကိုယ်မဖတ်ဖူးတဲ့စာတွေ တွေ့ရလို့ ၀မ်းသာသွားမိတယ်။ ဒီအတွက် ကျေးဇူးအထူးတင်ပါတယ်။ ဒီအချက်တွေကို စာအုပ်ထဲမှာပဲ သိမ်းမထားဘဲ..တကယ်လုပ်နိုင်ပါစေ။ တစ်ချို့အချက်တွေကတော့ မိတ်ဆွေဖွဲ့တဲ့အခါမှာ ဂွတီးဂွကျနိုင်မယ်ဆိုပေမဲ့...ဒါကို အနည်းငယ်ပြုပြင်လိုက်ရင် ကောင်းသွားမှာပါ။ ဘာပဲဖြစ်ဖြစ် အသိတရားချင်းဖလှယ်လို့ ရလိုက်တဲ့ အကျိုးအမြတ်တွေအတွက် အားရမိတယ်။ နောင်ကိုလည်း ဒါမျိုး တက်ဂ်တွေကို ရေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့်ယုံကြည်ချက်အတိုင်း ဖြစ်အောင်ကြိုးစားနိုင်ပါစေ။ တဂ်ပိုစ့်လေးဖတ်ရတာ လေးနက်တယ်နော်။
အကြောင်းအရာလေးတွေ လိုချင်လို့copy သွားတယ်။ ကျေးဇူး၊ အဆင်ပြေပျော်ရွှင်ပါစေ။
Anonymous said…
ဆင်ခြင်ရမဲ့အသိတရားတွေအများကြီးဆိုတာ
ဒီပိုစ့် လာဖတ်မှ ကောင်းကောင်းသဘောပေါက်တော့တယ်
ကျေးဇူးတင်ပါတယ်. ဆင်ခြင်စရာတွေ ချရေးထားတဲ့အတွက်
Flower said…
အပေါ်မှာ နံမည်ပါမသွားလို့ ပြန်ရေးလိုက်တာပါ..
noblemoe said…
ဟုတ် စာလာဖတ်ပါတယ်။ဖတ်လို့ ကောင်းတာထင်မဟုတ်ပဲ တချို့ စာတန်းလေးတွေတွက် ကျေးဇူးလည်းတင်တယ် မှတ်သားလည်းသွားပါတယ်။
ဒါပေမဲ့ မိုးမှာကတော့ ကိုယ့်ခံယူချက်နှင့် မတူသူ ကိုယ့်ဝါသနာနှင့် နည်းနည်းလေးမှမ အပ်စပ်တဲ့သူငယ်ချင်းတွေလည်းရှိတယ် ဒါပေမဲ့ သူတို့ ကိုလည်း ခင်တယ် လူတိုင်းမှာ သူ့ ခံယူချက်နဲ့ သူ မို့ သူတို့ လေ ဒါပေမဲ့ကိုယ်နဲ့စိတ်တူကိုယ်တူကိုတော့  ထာဝရမိတ်ဆွေပေါ့ 

သာယာချမ်းမြေ့ပါစေနော်
မိုး
noblemoe said…
ဗုဒ္ဓဟူးသားသမီး ကိုမှ ဘာလို့ ရွေးပြောလိမ့်  အကြောင်းတော့ရှိရမယ်းp
Anonymous said…
ဖတ်လို့သိပ်ကောင်းတယ် .. တို့ ကလည်း ဗုဒ်ဓဟူး ....

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး