စိတ်ဒဏ်ရာ

စိတ်ဒဏ်ရာ ဖြစ်တယ်။ စိတ်ဒဏ်ရာ ဖြစ်တဲ့ အခါ လွယ်လွယ်နဲ့ပျောက်တာ ရှိသလို ၊ ဘယ်တော့မှ မပျောက်နိုင်တာမျိုးတွေလည်းရှိတတ်တယ်။ စိတ်ဒဏ်ရာက ခန္ဓာကိုယ် ဒဏ်ရာနဲ့မတူဘူး။ ခန္ဓာကိုယ်ဒဏ်ရာက ကြီးမှ ဖြစ်ရင် မကောင်းဘူး။ စိတ်ဒဏ်ရာကတော့ ငယ်စဉ်မှာ ဖြစ်ရင် ဆိုးတတ်တာမျိုး။ ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာဖြစ်ရင် ဆေးမင်ကြောင်စွဲသလို တသက်လုံးစွဲသွားရော။ အသက်အရွယ်ကြီးလို့ ပျောက်သွားပြီလို့ ထင်ရတတ်ပေမယ့်လည်း စိတ်ရဲ့အတွင်းပိုင်းတနေရာမှာအငုံ့စိတ်ကလေးအဖြစ်နဲ့ ကျန်နေခဲ့တတ်တာမျိုး။
.
စိတ်ဒဏ်ရာဆိုတာ အသက်ကြီးလည်းဖြစ်တတ်တာမျိုးပဲလေ။ နေ့တိုင်းလည်း စိတ်ဒဏ်ရာ ရစရာတွေ ဖြစ်လာတတ်၊ ပေါ်လာတတ်တယ်။ အရွယ်ရောက်ခိုက်မှာ ရတတ်တဲ့ စိတ်ဒဏ်ရာတွေကတော့ ငယ်ငယ်တုန်းကလို စိတ်ဓာတ်ရာအနေနဲ့ ဖြစ်လာတာမျိုးမဟုတ်ဘဲ အများစုက စိတ်ဖိစီးမှုအနေနဲ့ ကျပ်ခဲလာတတ်တာမျိုး။ တချို့တလေကျတော့လည်း အမှတ်အတေးသဘောမျိုးဖြစ်သွားတတ်တော့တယ်။ အဲဒီအမှတ်အတေးတွေများပြီး ကြီးမားလာရင်တော့ လူ့ပတ်ဝန်းကျင်ကို ထိခိုက်အောင် လုပ်ချင်တဲ့ စိတ်ကြမ်းကြီးတွေဖြစ်ပေါ်လာပါလေရော။ ဒါကြောင့်လည်း Stress တွေကို လျှော့ချဖို့နည်းလမ်းတွေကိုရှာဖွေ ဆောင်ရွက်ရတော့တာပေါ့။ ဒါကြောင့်လည်း ဘဝထဲမှာ stress ကျစေတဲ့ဆေးဝါးတွေ၊ စိတ်ဖြေရာတေးသီချင်း ဂီတတွေ ၊ နေရာတွေ ဟာ ဝင်ရောက်လာခဲ့တာပဲ။ 
.
တချို့က ဂီတ ။ တချို့က ရုပ်ရှင်။ အစားအသောက် ၊ ခရီးသွား၊ စုဖွဲ့ပျော်ပါး၊ ငြိမ်ငြိမ်စိမ်စိမ် ငေးရီမျှော် ၊ လူတွေကိုကြည့်ငေး၊ ပွဲလမ်းသဘင် စသည်ဖြင့်ဘာညာ။ ဒါတွေဟာ စိတ်ဖိစီးမှုကို တနည်းနည်းနဲ့ ဖယ်ထုတ်ပစ်လိုက်ဖို့ကြံစည်ကြတာပဲ။ စိတ်နှလုံးထဲ အတိုင်းအတာတစ်ခုအထိရှိနေတဲ့ စိတ်ရဲ့ညစ်နွမ်းမှု အစွန်းအထင်းတွေ၊ နောက်ကျိလေးလံနေတာတွေကို ဗွက်ရေတွေနဲ့ပြည့်နေတဲ့ ကန်ငယ်ထဲ နောက်ထပ် ရေကြည်ရေသန့်တွေ အထပ်ထပ်လော်းထည့်ရင်း ကြည်နိုင်သလောက် ကြည်လင်သွားအောင် ဆောင်ရွက်တာပဲပေါ့။
.
စိတ်ဒဏ်ရာကို နေ့စဉ်နေ့တိုင်း ရတတ်ကြတယ်။ ပြင်ပခန္ဓာကိုယ်တောင်မှပဲ နေ့စဉ်နဲ့အမျှ သေးသေးမွှားမွှား ဒဏ်ရာသေးသေးလေးတွေ ရနေကြတာပဲ။ မတော်တဆထိမိရှမိ၊ ကုတ်ဖဲ့တာကြောင့် ပွန်းပဲ့၊ တွန်းတိုက်မိတာကြောင့် နာကျင် စတာတွေဟာ တခုမဟုတ်တစ်ခုနဲ့ ငြိတွယ်နေကြတာပဲ။ သက်သက်သာသာ ထိုင်နေရင်းတောင်မှပဲ ထိုင်တာကြာတဲ့အခါ ဖြစ်တတ်တဲ့ ညောင်းညာ ကိုက်ခဲထုံကျဉ်နေတာတွေနဲ့လေ။
.
မတတ်နိုင်ဘူး။ ဒဏ်ရာတွေရကြတယ်။ ဆောင်ရွက်သမျှ ကိစ္စတိုင်း၊ ပြုဖွယ်သော အရာရာတိုင်းနောက်က ကပ်ပါလာတဲ့ ရလာဒ်တွေထဲမှာ မဖြစ်မနေပါလာနိုင်တာက အဆင်မပြေတဲ့ ခံစားမှုနဲ့ အတူ ညစ်ညူးဖွယ်သော အကျိုးတရားတွေ။ မလွဲမသွေကြုံလာတဲ့အခါ နောက်ကျိနေတဲ့ ရေတံခွန်တွေက တဝေါဝေါနဲ့ နှလုံးသားထဲ 
ကို သွန်ချလို့ ။ တချို့က စမ်းချောင်းလိုအရှိန်နဲ့ ပုပ်သိုးနေတဲ့အနံ့အသက်ကိုဆောင်ယူပြီး စိတ်နှလုံးထဲကိုစီးဝင်လို့။ စိတ်ဒဏ်ရာ ဖြစ်ပေါ် စုဖွဲ့စေနိုင်တဲ့ အငွေ့အသက်တွေဟာ 
အိုင်ထွန်းလို့ လာတာပဲ။ 
.
စိတ်ဟာ တူရိယာ တစ်ခုလိုပဲဖြစ်တယ်။ နည်းစနစ်မှန်ကန်တဲ့ လက်ကြောင့် သာယာတဲ့ဂီတဖြစ်ပေါ်လာရသလို၊ မတော်မတည့် ရမ်းသမ်းတဲ့လက်တစ်စုံကြောင့်လည်း အသံပျက် ၊ အသံဆိုးတွေထွက်ပေါ်လာနိုင်တယ်။ နည်းစနစ်မမှန်တဲ့လက်တွေဟာ တူရိယာရဲ့ ကြိုးတွေလိုက်လျောညီထွေမှုကို ပျက်ပြားစေသလိုပဲ စိတ်ဆီကို ဝင်ရောက်လာတတ်တဲ့ အဆီအငေါ်မတည့်မှုတွေကြောင့် ပျက်ပြားသွားတဲ့ စိတ်သံစဉ်ထွက်ပေါ်ရာ တူညီလိုက်ဖက်ကြိုးတွေရဲ့ အလျော့အတင်းညီမျှဖို့ ပြန်လည်ချိန်ညှိဖို့လိုအပ်နေတာလည်း အသေအချာပေါ့။
.
သဘောတရား တွေကတော့ ပုံမှန်အတိုင်း။ ပြောင်းလဲတတ်တဲ့ သဘာဝကတော့ ရွေ့လျားစီးဆင်း။ ဒီသဘောတွေကြားထဲက စိတ်ရဲ့မြစ်ကမ်းပါးတွေဟာ တစတစတိုက်စားခံရခဲ့တယ်။ အဲဒီကြားထဲမှာ နေ့စဉ်နေ့တိုင်း ရနေတဲ့ ဖီစီးမှုဟာ နှလုံးသားထဲမှာ အပြည့်အမောက်ပေါ့။ နှလုံးသားထဲ ထပ်ထည့်မယ့် တစ်စုံတစ်ရာတွေက နဂိုရှိရင်းစွဲ ညစ်ထေးထေးအရာတွေထက် ပိုမိုသန့်စင်ဖို့လိုအပ်နေဆဲ။ အညစ်အထွေးတွေ ပွေ့ပိုက်ရင်း အရာရာကိုတခဏမေ့လျော့လို့ အိပ်စက်တ့ခဏ မက်တဲ့အိပ်မက်တွေနဲ့လား၊ အိပ်မက်တွေထဲအထိ ငြိတွယ်နေတဲ့ လက်တွေ့ဘဝရဲ့တိမ်တိုက်တွေနဲ့ လေပြင်းတွေကြား ရွာကျတဲ့မိုးတွေနဲ့ ရွှဲရွှဲစိုနေတုန်းလား။ ခဏနေ သန်းခေါင်ကျော်တော့မှာပဲ။ မကြာခင်မိုးလင်းတော့မယ်။ ယုံကြည်ရဲဝံ့စိတ်နဲ့အတူ တက်တက်ကြွကြွနိုးထလာလိုက်ပေါ့။ အရာအရာကို မေ့လျော့လို့ အပြုံးနဲ့ နှုတ်ဆက်လိုက်ပါ။ "မင်္ဂလာပါ လောကကြီး" ။
.
ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး