ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

အချိန်က ညနေစောင်း၊ ၁၂၄ ကားကိုစီးရင်း ကျွန်တော်မျက်ရည်ဝဲနေမိသည်။ ဖြစ်ရလေဟု ကိုယ့်ကိုယ်ကို ယူကြုံးမရ ။ ကြိုစားထားတာတွေ၊ ချွေးပြန်ခဲ့တာတွေ၊ လေထဲလွင့်မျောတော့မှာလား။ စိုးရိမ်စိတ်တွေနဲ့အတူ ချစ်သော၊ ခင်သော မောင်နှမရင်းချာများကဲ့သို့ ကျွန်တော့်အပေါ် နွေးထွေးခဲ့သော သူငယ်ချင်းများနှင့် ဝေးရမည်ကို တွေးမိပြီး မျက်ဝန်းအိမ်မှ မျက်ရည်များ လျှံတက် နေမိသည်။

…………………………………………………………………………………………………………………………………….



လွန်ခဲ့သောတစ်လလောက်က စ၍ သူငယ်ချင်းခုနှစ်ယောက် တိုင်ပင်၍ အားနည်းသော ဘာသာရပ်အတွက် ကျူရှင်တက်နေလျှက် စာအသင်အပြကောင်းသော ဆရာမ အရင်းတစ်ယောက်ကိုဂျီကျကာ ထိုဘာသာရပ်အတွက် သူငယ်ချင်းတစ်ယောက်အိမ်တွင် ၀ိုင်းသင်ပေးဖို့ပြောခဲ့သည်။အရင်နှစ်တွေက တစ်ပည့်ဟောင်းများဖြစ်သည်က တစ်ကြောင်း၊ ကျွန်တော်တို့ဧ။် အခက်အခဲများကိုသိမြင်ကာ ကိုယ်ချင်းစာနာ၍ ဆရာမက စေတနာထားသည်က တစ်ကြောင်းကြောင့် သူငယ်ချင်းဧ။် အိမ်တွင် ကျွန်တော်တို့ဝိုင်းသင်ဖြစ်ခဲ့သည်။ အထူးပြုဘာသာရပ်တွင် ကျွမ်းကျင်သော ဆရာမဧ။် သင်ကြားပြသပေးမှု့များသည် စာသင်ကြားမှု့ကိုရသမြောက်စေခဲ့သည်သာမက ကျွန်တော်တို့ကို ထိုဘာသာရပ်အတွက် ယုံကြည်မှု့များရလာအောင် ဖြစ်စေခဲ့ရသည်။



စာမေးပွဲကြီးစလေပြီ။ ဖယ်ရီကွင်းအပြည့် ဆိုက်ရောက်လာသော ကားများထဲမှ အရောင်စုံသော အဝေးသင်တက္ကသိုလ်ကျောင်းသားများ ကိုယ်စီကိုယ်စီ ဆင်းသက်လာသောအခါ ဖယ်ရီကွင်းကြီးသည်။ အရောင်စုံပန်းများ ဖူးပွင့်နေသော ပန်းခင်းကြီးပမာ။ ထိုကျောင်းသားများစွာကြားမှ ကျွန်တော်တို့သူငယ်ချင်းများသည် အရင်က ချိန်းဆိုထားကြသည့်အတိုင်း အချင်းချင်းစုမိကြသောအခါ …

“ဘယ်လိုလဲ အခြေအနေ”ဟု တစ်ယောက်နှင့် တစ်ယောက်မေးရသည်က အမော။

“အိုကေပါတယ် အဆင်သင့်ပဲ” “ငါတော့ ဟိုဟာလေး မရသေးဘူး နည်းနည်းလုပ်ပါဦး” စသည်ဖြင့် ကိုယ်စီကိုယ်စီ အားပေးရင်း၊ ဆွေးနွေးရင်းမှ အချိန်တန်သောအခါ သက်ဆိုင်ရာ အဆောင်အခန်းအသီးသီးသို့ ကိုယ်စီဝင်ရောက်ကာ ရင်ထဲရှိသမျှ၊ ခေါင်းထဲရှိသမျှ ကြံဆကာ သွန်ထုတ်ရင်း ပထမနေ့မှစ၍ Economics သီအိုရီ ဖြေဆိုသည့်နေ့အထိ မည်သူမျှ သိပ်ပြီး အခက်အခဲမရှိပဲ ကျော်ဖြတ်လာနိုင်ခဲ့ကြသည်။ နောက်တစ်နေ့တွင် statistic ဖြေရမည်။ ထိုဘာသာက နှစ်စတုန်းက ကျွန်တော်တို့အတွက် အခက်အခဲရှိပြီး စိတ်ညစ်နေရသော ဘာသာဖြစ်ခဲ့သော်လည်း ဆရာမဧ။် စာမေးပွဲမတိုင်ခင် အကောင်းဆုံးသင်ကြားမှု့များနှင့် သင်ကြားခဲ့ခြင်းကြောင့် လည်းကောင်း၊ အီကို ဖြေအပြီး သူငယ်ချင်းအိမ်တွင် အနီးကပ်မွမ်းမံသင်ကြားမှု့များကြောင့် ယုံကြည့်ချက်အပြည့်ဖြင့် ကျောင်းစာမေးပွဲခန်းသို့ ၀င်ရောက်နိုင်ခဲ့သည်။ ကျွန်တော်တို့ သူငယ်ချင်းများအားလုံး ထိုဘာသာရပ်အတွက် အဆင်ပြေပြေ ဖြေနိုင်ကြလိမ့်မည်ဟု ကိုယ်စီယုံကြည်ခဲ့ကြသည်။ ပို၍အဆင်ပြေသည်မှာ အနီးကပ်တွင် ဆရာမ ထပ်ဆောင်းသင်ကြားပေးလိုက်သော unseen များပုံစံတူ ပါလာသောအခါ ပို၍ပျော်ရသည်မှာ ကိုယ့်ရင်ခုန်သံတွေပင် ပြန်ကြားခဲ့ရသည်။

သို့သော် ထိုရင်ခုန်သံများမှာ နောက်နှစ်နာရီ အကြာတွင် မျက်ရည်စက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့လိမ့်မည်ကို ကျွန်တော် ကြိုတင်မသိခဲ့ပေ။ မေးခွန်းကိုကြည့်လိုက်သောအခါ ကိုယ်ရပြီးသား ပိုင်ပြီးသား ပုစ္ဆာတွေ၊ definition တွေချည်း ။ ကျွန်တော်တွေဝေသွားခဲ့ပြီ။ ဟိုတစ်ခုကြည့်လိုက်၊ ဒီတစ်ခုကြည့်လိုက်ဖြင့် ဘာလုပ်ရမှန်းမသိခဲ့။ သို့သော်လည်း ကိုယ်ကိုယ်ကို တည်ငြိမ်ချင်ယောင်ဟန်ဆောင်၍ အဆင်ပြေမည်ထင်သော ပုစ္ဆာမှ စတွက်သည်။ ပထမတစ်ဆင့်၊ ဒုတိယ တစ်ဆင့်၊ တတိယအဆင့်၊ တွက်လာခဲ့ပြီး တစ်ကယ့်ပုံသေနည်း ထည့်ရမည့်အခါ အကြေအလည် အလွတ်ရနေသော ပုံသေနည်းမှာ သတိရသလိုလို၊ မရသလိုလို မရေရာ၊ ကိုယ့်ကိုယ်ကို မသေချာသဖြင့် ရှေ့ဆင့်နောက်ဆင့် ဖြစ်သော သူငယ်ချင်းကို အလျှင်စလို အခန်းစောင့် ဆရာမသိအောင် ခပ်တိုးတိုး လှမ်းမေးမိသည်။



“ဟေ့ကောင် ငါ့ကို ပုံသေနည်းလေး နည်းနည်းလောက်”

“ဘယ်ဟာလဲ”

“xxxxx လေကွာ”

“အေးဒီမှာကြည့်”

“ဟာ…ဟုတ်ရဲ့လားကွာ”

“ဟုတ်ပါတယ်ကွ မင်းကလည်း အရေးထဲ”

“အေး အေး”



သူပြသော ပုံသေနည်းကို စိတ်ထဲမှာ မယုံ။ ကိုယ်ချရေးထားတာကို အမှန်ဟုယူဆပြီး ပုံသေနည်း ထဲအစားသွင်းကာ တွက်သည်။ နောက်ဆုံးအဖြေထွက်၊ ပြီးပြီ။ မျဉ်းပိတ်၊ နောက်တစ်ပုဒ်၊ နောက်တစ်ပုဒ်နှင့် အဲ့ဒီ့လိုအပုဒ်တွေ သုံးလေးပုဒ်။ Definition များကလည်း ဟောတစ်ပုဒ်၊ဟောတစ်ပုဒ်။ မှားချင်မှား၊ မှန်ချင်မှန်။ မသိ။ အားရအောင်ဖြေပြီးချိန်တွင် အချိန်စေ့ပြီ။ ကျောင်းခန်း ထဲကထွက်လာပြီး စာအုပ်လှန်ကာ ပုံသေနည်းပြန်ကြည့်မိတော့မှ တွက်သမျှပုစ္ဆာတွေမှာ ပုံသေနည်းများ အမှားတွေချည်း။ သွားပြီ..။ သူငယ်ချင်းများကတော့ ဆူညံလို့။



အပြန်။ သူငယ်ချင်းအိမ်မှလာကြိုသော ကားပေါ်တွင် ဖြေခဲ့သော ဘာသာရပ်အကြောင်း ကိုယ်စီ စာမြုံ့ပြန်လို့ ပြောစဉ် သူငယ်ချင်းမ နွယ်နီက နင့်အခြေအနေဘယ်လိုလဲ ဟု ကာခေါင်းခန်းမှ လှမ်းမေးသည်။ ကျွန်တော် အသံမထွက်နိုင်။ ခဏကြာမှ..

မနွယ်..ကျွန်တော့်ကို အားပေးပါဦးဗျာကျွန်တော့်အသံတိမ်ဝင်သွားသည်။ ရှိုက်သံများပါလာသည်။ နှာရည်များ ရွဲကျလာသည်။ “ဘယ်လိုဖြစ်တာလဲ ”ဟု တစ်ယောက်တစ်ပေါက်ထမေးတော့ ဖြစ်သမျှပြောချရင်း ငိုချမိသည်။ အရင်က စာမေးပွဲများ ကျခဲ့ဖူးသော်လည်း ။ အခုလိုစာမဖြေနိုင်၍ စာမေးပွဲအတွက် တစ်ခါမှ မငိုစဖူး။ အမှန်တော့ မဖြေနိုင်၍မဟုတ် ကိုယ့်ကိုယ်ကိုယ် မခံမရပ်နိုင်လွန်းသောကြောင့်။

မနွယ်က အားပေးရင်း “ ဘာမှမဖြစ်နိုင်ပါဘူးဟာ နင်လည်းသေချာလုပ်ထားတာပဲ တစ်ခြားဟာတွေလည်း ဖြေလိုက်နိုင်သေးတာပဲ မငိုနဲ့တော့ တိတ်တော့” ဟုနှစ်သိမ့်မှ ပိုရှိုက်မိသည်။ “တိတ်တော့ ဟာ နင်ကလည်း ငါ့ရည်းစား တောင် နင့်လို မချော့ ဖူးဘူး”ဟု ဟာသစွက်ကာ ပြောသည်။ သူငယ်ချင်းများဝိုင်းဝန်းကာ အားပေးမှု့ကြောင့် မျက်ရည်များခြောက်ခဲ့ရသည်။ ကားပေါ်က ဆင်းခါနီး တွင် “ဟဲ့ ညနေမလာပဲမနေနဲ့ ဦးနော် တစ်ဘာသာပဲ ကျန်တော့တာ” ဟု စာအတူစုကျက်သည့် အိမ်သို့ လာရန် မနွယ်က သေချာ မှာလိုက်သေးသည်။

……………………………………………………………………………………………………………………………………



လာသာလာရသော်လည်း စိတ်မပါတော့ပေ။ နောက်ဆုံးတစ်ဘာသာ သာ ကျန်တော့သည်မို့ စိတ်လေစွာဖြင့် လိုင်ကားစီး၍ သူငယ်ချင်းများဆီသို့ လည်ပင်းထဲ တစ်ဆို့ဆို့ဖြင့် လာခဲ့သည်။ ထိုသို့လာရင်း ကိုယ့်ကိုယ်ကို ပြန်အားပေးကာ စိတ်ကိုတင်း၊ အံကြိတ်ရင်းဖြင့် တစ်ခါက အရင်းနှီးဆုံး သူငယ်ချင်း ရွတ်ပြခဲ့ဖူးသော ကဗျာတစ်ပုဒ်ကို ပြန်လည်ရွတ်ဆိုနေမိသည်။

ကဗျာလေး ရွတ်အပြီးတွင် ကျွန်တော် အားရှိလာသလိုခံစားလာရသလို ကဗျာလေးဧ။် အမှု့မဲ့အမှတ်မဲ့ ဖြစ်နေခဲ့သော ကဗျာလေးဧ။် အဓိပ္ပါယ်မှာလည်း ပိုမိုအသက်ဝင်လာခဲ့ရပြီး ကျန်ရှိနေသော ဘာသာရပ်အတွက် သူငယ်ချင်းများနှင့်အတူ တိုင်ပင်ဆွေးနွေးရင်း အပြီးသတ်သော ပြင်ဆင်မှု့များကို ပြုလုပ်နိုင်ခဲ့သည်။ ထိုနှစ်က ကျွန်တော်အောင်ခဲ့ပါသည်။ အကယ်၍ ကျွန်တော်သာ စိတ်လျှော့ကာ ကျန်သော တစ်ဘာသာအတွက် ပေါ့ပေါ့တန်တန်ဖြစ်ခဲ့မည်ဆိုလျှင် ကျွန်တော်ပို၍ ကြေကွဲရမည်မှာ ဆိုဖွယ်ရာမရှိ။

ထိုနှစ်က ကျွန်တော့်စိုးရိမ်မှု့များ အတွက် သက်သာရာရခဲ့ပြီး စာမေးပွဲအောင်မြင်ခဲ့ခြင်းသည် စိတ်မလျှော့ပဲ အပင်ပန်းခံခဲ့မှု့များ၊ သူငယ်ချင်းများဧ။်အားပေးမှု့များ နှင့် အားဆေး တစ်ခွက်ဖြစ်စေခဲ့သော တစ်ခါကသူငယ်ချင်းရွတ်ပြခဲ့သည့် ကဗျာလေးကြောင့်ပင်။ ထိုအချိန်မှစ၍ ကျွန်တော့်ဘ၀တွင် ထိုကဗျာလေးက အရေးပါခဲ့လေပြီ။



“ထိပ်ဆုံးသို့”



တစ်တောင်ပေါ်တစ်တောင်ဆင့်

တော်အမြင့် ပတ်ခြံရံ

တစ်တောင် ဆုံးပြန်တော့

တစ်လုံး ကျန်ပေသမို့

ဖန်ဖန်လေ အားအင်နှိုးလို့ရယ်

ကြိုး လျှောက်ရပြန်



ခါတစ်လေ တစ်ကယ်ပမ်းတာကြောင့်

တော်ပါပြီ ဆက်မလှမ်းချင်ဘု

ရပ်တန်းက ရပ်မယ်ကြံ

အမှန်တော့ ဖြစ်နိုင်ပါ့မလား

အားလျှော့က ဆုတ်ချင်စမ်းပါနဲ့

စိတ်နွမ်း အသာဖြေဦး



မာလာငွေ ကန်ရေအေးရယ်နှင့်

ငှက်ကျေးကို အာရုံဆင်လို့

မူတသွင် အားအင်သစ်လိုက်ပါ့

ချစ်ဖွယ်လူသား။ ။



(ကဗျာရေးသူ မှာ ရှင်မဟာရဌသာရ လား ဆရာမ ငွေတာရီလား ခုချိန်ထိ ကျွန်တော် မသဲကွဲပါ။ တစ်ချို့က ငွေတာရီဖြစ်သည်ဟု ဆိုသော်လည်း တစ်ချို့က ရှင်မဟာရဌသာရ ဟုပြောကြသည်။ အမှန်သိသူများ ပြောပြစေလိုပါသည်။)





သူငယ်ချင်း မေသူပိုင် Tag ထာားတာလေးကို ကျောင်းသား ဘ၀ အမှတ်တရများနှင့် ပေါင်းစပ်ပြီး ရေးဖွဲ့ထားပါသည်။ ဤပိုစ့်လေး ဖြစ်မြောက်လာစေဖို့ သတိတရနဲ့ Tag လာတဲ့ သူငယ်ချင်း မေသူပိုင်ကို ကျေးဇူးအထူး တင်ရှိပါသည်။



အားလုံးကိုလေးစားလျှက်…



ကိုဂစ်တာ

gravatar

နှာရည်ကလဲထွက် မျက်ရည်ကလဲရွှဲ.......
အင်းးးးးးးမြင်ရတာစိတ်မချမ်းသာလိုက်တာနော်
မီးလေးတို့နဲ့များကွာပ..ဟိဟိ

gravatar

အဲဒီကဗျာက ငွေတာရီ ရေးတာပါ။
နည်းနည်း လွဲနေတာလေးတွေ တွေ့လို့ ပြန်ရေးပေးလိုက်ပါတယ်။

ထိပ်ဆုံးသို့

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား။

စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေလို့
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ်လူသား။

(ငွေတာရီ)