အရှောင်အတိမ်းကောင်းကောင်းနဲ့ ဝေဖန်မယ်


အရှောင်အတိမ်းကောင်းကောင်းနဲ့ ဝေဖန်မယ်
=========================

လူတွေအမြဲတမ်းပြောတတ်ကြတယ်။ ဝေဖန်တာမခံနိုင်ရင် မတိုးတက်ဘူးဆိုတာမျိုးပေါ့။ 
တကယ်တမ်း သူတို့ကို စိတ်ရင်းအတိုင်းဝေဖန်လိုက်လို့ မခေါ်နိုင်၊ မပြောနိုင် ဖြစ်သွားကြတာလည်း အများကြီးပါပဲ။
.
တကယ်တမ်းတော့ လူဆိုတာ အဝေဖန်မခံနိုင်ဆုံး၊ ထောက်ပြတာ မခံနိုင်ဆုံး သတ္တဝါပဲ။ 
ဒါကြောင့် ဝေဖန်တာတွေ ၊ ထောက်ပြတာတွေ လုပ်တဲ့အခါ လူတွေရဲ့စိတ်မှာ ဝေဖန်လို့ ဝေဖန်မှန်းမသိအောင် တစေ့တစောင်းနဲ့ ဝေဖန်တာမျိုးကို လုပ်ကြတာပေါ့။
.
အဲဒီတော့..
ဘဝမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ အဆင်မပြေဘူးဆိုခဲ့ရင် ကိုယ်ကိုယ့်ကို ပြင်ဆင်လိုက်ဖို့က လူတွေကို မဝေဖန်ပါနဲ့။ လူတွေဟာ ဝေဖန်တာမကြိုက်ပါဘူး ဆိုတာကို အမြဲတမ်း သတိရှိရှိနဲ့ ပြုမူဖို့ပါပဲ။
.
ဝေဖန်တာနဲ့ ပတ်သက်ပြီး တခါတလေမှာ အကျဉ်းအကျပ်ဖြစ်ရတဲ့ ကိစ္စတွေလည်းရှိတတ်တယ်။ 
ဒါကတော့ သူတို့ လုပ်သမျှကို အမြင်သုံးသပ်ဝေဖန်တာမျိုး လုပ်စေချင်တဲ့သူတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာပေါ့။
.
အဲဒီလို မဝေဖန်ရင်လည်း လူတွေက မကြိုက်ကြပြန်ဘူး။ 
လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာဟာ သိပ်ကို ခက်ခဲပါတယ်။ 
စိတ်ရင်းအတိုင်းဝေဖန်လည်း မကြိုက်တဲ့သူရှိသလို၊ မဝေဖန်ချင်ဘူးပြောရင်/မဝေဖန်ရင်လည်း 
စိတ်ဆိုး၊ စိတ်ခုတတ်တဲ့ လူအမျိုးအစားတွေရှိတဲ့အခါ မယုတ်မလွန်ဝေဖန်တာမျိုးကို ပြုလုပ်ဖို့ပါပဲ။
.
တချို့က သူတို့ တစ်ခုခုလုပ်ထားတာရှိရင်၊ ဥပမာ အဝတ်အစားတစ်ခုခု ဝတ်လာတာရှိရင် ကြည့်ပြီး အသိအမှတ်ပြုတာခံချင်တယ်။ တချို့က ထုတ်ကို ထုတ်ပြောလာတယ်။ 
ဘယ်လိုလဲ လှလားပေါ့။ မလိုက်ဘူးပြောလို့မဖြစ်ဘူးလေ။ ချွတ်ပစ်လိုက်လို့မှမရတာ။ 
အဲဒီတော့ သွယ်ဝိုက်ပြီး ပြောဖို့လိုအပ်တယ်။
.
"ဒီအဝတ်အစားလေးနဲ့ လိုက်လား" လို့မေးရင်..
လိုက်တယ်၊ မလိုက်ဘူး၊ လှတယ် မလှဘူး ဆိုတာထက်..
.
"ဒီလိုဝတ်ရတာ ကြိုက်လား၊ အမြင်တော့ဆန်းတယ်၊ ဘယ်ကဝယ်တာလဲ၊ ကိုယ်တိုင်ချုပ်တာလား ၊ လက်ရာသပ်ရပ်တယ်နော်" စသည်ဖြင့် အဝေ့အဝိုက်ကလေးတွေနဲ့ မယုတ်မလွန်လေးတွေ ပြောပေးတဲ့အခါ ဝေဖန်တာခံချင်တဲ့သူ အနေနဲ့ စိတ်မှာဝေဖန်တာခံရသလိုလို ၊ ကောင်းတယ်လို့ ပြောတာခံရသလိုလို ဖြစ်ပြီး ကိုယ့်အတွက်လည်း အငြိုငြင်မခံရတော့ဘူးပေါ့။
.
စိတ်ထဲသတိပြုရမှာက စိတ်ရင်းအတိုင်းဝေဖန်ရင် စိတ်ဆိုးတတ်တဲ့သူတွေရှိသလို၊ 
မဝေဖန်ပြန်ရင်လည်း စိတ်ဆိုးတတ်တဲ့သူတွေကြားမှာ ကိုယ့်ရဲ့ ပါးနပ်မှုတစ်ခုနဲ့
ဝေ့ဝေ့ဝဲဝဲနေတတ်ဖို့လည်း လိုအပ်တယ်ဆိုတာကိုပါ။
.
ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး