မနက်က အလုပ်သွားခါနီး အလျင်စလို အပြေးအလွှားစားထားလိုက်သည့် မုန့်ဟင်းခါးတစ်ပွဲက ဆယ့်နှစ်နာရီကျော်တော့ ဘယ်ချောင်ကို ကပ်သွားသည်မသိ အစာအိမ်က ဆန္ဒပြနေပေပြီ။ အလုပ်လုပ်တဲ့နေရာကနေ အောက်ထပ်ကိုဆင်း ပြီး မုန့်ဆိုင်တန်းများ ရှိရာဆီ လှမ်းသွားမိသည်။ သူများတွေကတော့ ထမင်းချိုင့်ကိုယ်စီနှင့် ထမင်းစားခန်းမှာပဲ စားသောက်ကြသော်လည်း ကျွန်တော်ကတော့ ထမင်းချိုင့် မယူဖြစ်တာကြာပြီ။ အလုပ်ကို လွတ်လွတ်လပ်လပ် လာချင်သောကြောင့် အပြင်မှာပဲဝယ်စားဖြစ်သည်။ အခုလည်း ထုံးစံအတိုင်း ဟာနေသော အစာအိမ်ကို ဖြည့်တင်းရန် မုန့်ဆိုင်တန်းဘက်ရောက်တော့ ရှမ်းစာ ရောင်းသည့် ဆိုင်ထဲမှာ လူက အပြည့် ဘေးနားလေးက နေရာလွတ်လေးတစ်ခု မှာနေရာဝင်ယူလိုက်ပြီး မြေအိုးမြီးရှည်တစ်ပွဲမှာလိုက်သည်။ နေရာက ပေါင်နှစ်ခုကို ကား၍ ထိုင်နေရသဖြင့် သိပ်အဆင်မပြေ။ ခဏနေတော့ ဟိုဘက်စားပွဲက တစ်ယောက်ထသွားတော့ အဲဒီ့စားပွဲက တစ်ဖက်နေရာက လွတ်သွားတာနဲ့ နေရာဝင်ယူလိုက်တယ်။ ကိုယ့်ရှေ့မှာတော့ အတွဲတစ်တွဲ စားသောက်နေကြတယ်။ မြေအိုးက ကြာဦးမှာမို့လို့ ကော်ပြန့်တစ်ပွဲမှာပြီးစားနေလိုက်တယ်။ အဆာပြေပေါ့။ ကော်ပြန့်စားလို့လည်းပြီးရော ရှေ့ကအတွဲလည်း စားသောက်ပြီးလို့ ငွေရှင်းပြီး ထပြန်သွားတယ်။ အဲဒီ့ အချ...