ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ကိုယ့်ဘ၀နှင့်ကိုယ်

မနက်က အလုပ်သွားခါနီး အလျင်စလို အပြေးအလွှားစားထားလိုက်သည့် မုန့်ဟင်းခါးတစ်ပွဲက ဆယ့်နှစ်နာရီကျော်တော့ ဘယ်ချောင်ကို ကပ်သွားသည်မသိ အစာအိမ်က ဆန္ဒပြနေပေပြီ။ အလုပ်လုပ်တဲ့နေရာကနေ အောက်ထပ်ကိုဆင်း ပြီး မုန့်ဆိုင်တန်းများ ရှိရာဆီ လှမ်းသွားမိသည်။ သူများတွေကတော့ ထမင်းချိုင့်ကိုယ်စီနှင့် ထမင်းစားခန်းမှာပဲ စားသောက်ကြသော်လည်း ကျွန်တော်ကတော့ ထမင်းချိုင့် မယူဖြစ်တာကြာပြီ။ အလုပ်ကို လွတ်လွတ်လပ်လပ် လာချင်သောကြောင့် အပြင်မှာပဲဝယ်စားဖြစ်သည်။ အခုလည်း ထုံးစံအတိုင်း ဟာနေသော အစာအိမ်ကို ဖြည့်တင်းရန် မုန့်ဆိုင်တန်းဘက်ရောက်တော့ ရှမ်းစာ ရောင်းသည့် ဆိုင်ထဲမှာ လူက အပြည့် ဘေးနားလေးက နေရာလွတ်လေးတစ်ခု မှာနေရာဝင်ယူလိုက်ပြီး မြေအိုးမြီးရှည်တစ်ပွဲမှာလိုက်သည်။ နေရာက ပေါင်နှစ်ခုကို ကား၍ ထိုင်နေရသဖြင့် သိပ်အဆင်မပြေ။ ခဏနေတော့ ဟိုဘက်စားပွဲက တစ်ယောက်ထသွားတော့ အဲဒီ့စားပွဲက တစ်ဖက်နေရာက လွတ်သွားတာနဲ့ နေရာဝင်ယူလိုက်တယ်။ ကိုယ့်ရှေ့မှာတော့ အတွဲတစ်တွဲ စားသောက်နေကြတယ်။ မြေအိုးက ကြာဦးမှာမို့လို့ ကော်ပြန့်တစ်ပွဲမှာပြီးစားနေလိုက်တယ်။ အဆာပြေပေါ့။ ကော်ပြန့်စားလို့လည်းပြီးရော ရှေ့ကအတွဲလည်း စားသောက်ပြီးလို့ ငွေရှင်းပြီး ထပြန်သွားတယ်။

အဲဒီ့ အချိန်မှာ လူနှစ်ယောက်ရောက်လာတယ်။ ကျွန်တော့်ရှေ့မှာထိုင်ပြီးတော့ menu card ကို ကြည့်နေကြတယ်။ ခဏနေတော့ အဲဒီ့လူနှစ်ယောက်ထဲက တစ်ယောက်က လက်နှစ်ချောင်းထောင်ပြီးတစ်ခုခု မှာလိုက်သည်ကို ရေနွေးကြမ်းသောက်နေရင်း မျက်လုံးထောင့်စွန်းက မြင်လိုက်သည်။ စားပွဲထိုးလေးက ကြာဆံဆီချက်နှစ်ပွဲဟု အော်လိုက်မှ သူတို့မှာသည်ဟာကို သိလိုက်သည်။ သူတို့မှာပြီးသိပ်မကြာ…မြေအိုးမြီးရှည်ပွဲလည်း ကျွန်တော့်ရှေ့ရောက်လာသဖြင့် အသီးအရွက်များ နှံအောင် မွှေရင်း အရှေ့က လူနှစ်ယောက်ကို အမှတ်တမဲ့ ကြည့်မိတော့ လက်ဟန်ခြေဟန်တွေဖြင့် စကားပြောနေသည်ကိုတွေ့လိုက်ရသည်။ ထိုအခိုက် စားပွဲထိုးလေးက “ ကြာဆံဆီချက် တစ်ပွဲပဲ ရတော့မယ် အစ်ကို” ဟု ပြေလိုက်သဖြင့် ကျွန်တော်နဲ့အနီးမှာထိုင်နေသော တစ်ယောက်က လက်ဟန်ခြေဟန်ဖြင့်ပင် လက်နှစ်ချောင်းထောင်လိုက် တစ်ချောင်းထောင်လိုက်ဖြင့် ကောင်လေးကိုပြန်ပြောနေပြီး။ ကောင်လေးကလည်း “တစ်ပွဲပဲရတော့မယ်”ဟု ပြောသဖြင့် Menu Card ကိုပြန်ကြည့်ပြီး ကြာဇံဆီချက် ရှိသည့်နေရာကို ထောက်ပြီး လက်ညိုးတစ်ချောင်းထောင်က ကောင်လေးကိုပြောလိုက်သောကြောင့် စားပွဲထိုးကောင်လေးလည်း ကြာဇံဆီချက်ကို လှမ်း၍မှာလေသည်။

ကျွန်တော်လည်း စားရင်းသောက်ရင်း နှင့် ထိုသူများကို မသိမသာ အကဲခတ်ကြည့်တော့ လက်ချောင်းများဖြင့် ဟန်လုပ်ကာ စကားပြောနေကြသည့် ထိုနှစ်ယောက်ကို တွေ့ရလေသည်။ ထိုလူနှစ်ယောက်ကို ကြည့်ရသည်မှာ ညီအစ်ကို ဖြစ်ဟန်တူလေသည်။ ရုပ်ကခပ်ဆင်ဆင်ပင် နှစ်ယောက်စလုံးက အသားညိုညိုနှင့် ပိန်ကြသော်လေည်း ကျွန်တော့်ရှေ့တည့်တည့်တွင် ထိုင်နေသော တစ်ယောက်မှာကား ပို၍အရပ်ရှည်လေသည်။ ထိုတစ်ယောက်က သူ့အဖေါ်တစ်ယောက်ကို လက်ဟန်ခြေဟန်ဖြင့် စကားပြောနေချိန်တွင် ကျွန်တော်အကဲခတ်မိနေသည်။ ထိုအချိန်တွင် ထိုတစ်ယောက်က စကားပြောနေရင်းဖြင့် ကျွန်တော့်ဘက်ကို လှမ်း၍ ကြည့်တတ်သည်။ ကျွန်တော်လည်း ခပ်တည်တည်ပင် ပြန်ကြည့်ကာ စားလက်စကို ဆက်၍စားနေမိသည်။ ထိုနောက် အရပ်ပုပုနှင့် တစ်ယောက်က ချပေးထားသော ဂေါ်ဖီချဉ်မကြိုက်သဖြင့် ကျွန်တော်ရှေ့တွင်ရှိသော ရှမ်းချဉ်ကို လက်ညိုးထိုးပြပြီး စားပွဲထိုးကောင်လေးကို ထပ်မှာလေသည်။ ထို့နောက် ရေနွေးကြမ်းကို မှာလေသည်။ သူတို့နှင့် ကျွန်တော်ထိုင်နေသော ၀ိုင်းတွင် တိတ်ဆိတ်လျှက်။

သူတို့ကတော့ သူ့တို့ လက်ဟန်ခြေဟန် ဘာသာစကားများဖြင့် ပြောဆိုလိုက် စားသောက်လိုက်ဖြင့်….။ ကျွန်တော့်အတွေးထဲတွင် တော့ သူတို့ဘာတွေ ပြောနေကြသနည်း။ မိုးရွာခါနီးမို့ ရာသီဥတုအကြောင်းပြောနေသလား၊ ဒါမှမဟုတ် အလုပ်ကိစ္စအကြောင်း ပြောနေသလား။ အလုပ်ကိစ္စဆိုရင် သူတို့ ဘာအလုပ်တွေများ လုပ်နေကြသနည်း။ အလုပ်ကိစ္စဆိုလျှင်လည်း မည်သည့် အသက်မွေးဝမ်းကြောင်းမှု့မျိုးဖြင့် သူတို့ ဘ၀တွင် ရှင်သန်နေကြသနည်း။ အလုပ်ကြမ်းလား။ သက်တောင့်သက်သာရှိသော အလုပ်လား။ ဒီကနေစားသောက်ပြီသွားလျှင်ဖြင့် သူတို့ ဘယ်ကိုသွားကြမှာလဲ။ ဒီနေရာကိုရော သူတို့ ဘာအတွက်နှင့်ရောက်လာတာလဲ။ အလုပ်ကိစ္စအတွက်လား၊ ဈေးဝယ်ရန်အတွက်လား၊ အလည်အပတ်အတွက်လား။ ဒီနေရာတစ်ဝိုက်မှာတော့ သူတို့ကို တစ်ခါမှ မမြင်ဖူးခဲ့။ မျက်နှာစိမ်းတွေ။ သူတို့မှာ လက်ဟန်ခြေဟန်ဖြင့်သာ စကားပြောနိုင်သည့်အတွက် တစ်ချို့နေရာများတွင် အခက်အခဲရှိလိမ့်မလား။ နောက်ဆုံး အနီးစပ်ဆုံးတွေးမိသည်မှာ ဘတ်စ်ကားစီး ရာတွင် စပါယ်ယာနှင့် ဘယ်လို စခန်းသွားကြမည်လဲ။ ဥပမာ ။ စပါယ်ယာက “သမိုင်းလမ်းဆုံပါလား” ဟု မေးလျှင် သူတို့အတွက် ဘယ်လိုဖြေမည်လဲ။ လက်မထောင်ပြလေမည်လား။ လက်ညှိုးထောင်ပြလေမည်လား။ ထိုသို့ဆိုလျှင်လည်း ကားချောင်သည့် အချိန်မျိုးဆိုတော်သေးသည်။ လက်ထောင်ပြခြင်းဖြင့် လည်းကောင်း၊ ခေါင်းငြိမ့်ပြခြင်းဖြင့်လည်းကောင်း မှတ်တိုင်ပါသည်ကို အချက်ပြနိုင် သော်လည်း ကားကျပ်သည့်အချိန်များဆိုလျှင် မည်သို့လုပ်မည်နည်း။ ကား စပါယ်ယာက မှတ်တိုင်ပါလား မပါလား မေးသည့်အချိန် အတွင်းထဲမှ လက်ဟန်ခြေဟန်ဖြင့် ပြော၍မရပဲ။ ကျပ်ညပ်နေသည့် လူများကြားမှ အတင်းတိုး၍ထွက်ရပေမည်။သို့မဟုတ်မူ စူပါမားကတ်တစ်ခုတွင် ပစ္စည်းတစ်ခုခုဝယ်ရာတွင်လည်းကောင်း၊ အ၀တ်အစား ၀ယ်ရာတွင်လည်းကောင်း စသည်ဖြင့် စသည်ဖြင့် သူတို့အတွက်ရှိနိုင်သော အခက်အခဲများကို ကျွန်တော်တွေးနေမိသည်။ သူတို့ကား စကားလုံးမဲ့သော ဘာသာစကားဖြင့် သူတို့နေစဉ်ဘ၀တွင် ရုန်းကန်လှုပ်ရှား နေကြသောသူများပင်။

အတွေးပေါင်းများစွာက ကျွန်တော့် ခေါင်းထဲတွင် နေရာယူနေကြသည်။ အတွေးတို့ဖြင့် မြီးရှည်ကို စားနေသောကြောင့် တွေးကောင်းကောင်းနှင့် မြီးရှည်ကိုအရည်တွေသာ ခပ်သောက်နေသဖြင့် မြေအိုးထဲတွင် အသီးအရွက်များပင် အများအပြားကျန်နေသေးသည်။ အသီးအရွက်ဖတ်များကို တူဖြင့်ညှပ်စားရင်း ရေဆာသဖြင့် စားပွဲထိုးကောင်လေးကို ရေလှမ်းတောင်းရန် အတွက် ကျနော့် ပါးစပ်မှ အသံထွက်ပြီး ရေတောင်းရန်အတွက် ၀န်လေးနေမိသည်။ ဘေးနားမှာက စကားမပြောနိုင်သည့် လူနှစ်ယောက်မဟုတ်လား။ အဲ့ဒါဆိုလျှင် လက်ဟန်ဖြင့် ပြောရင်ကောင်းမလား ဒါလည်း မဖြစ်သေး။ ရှေ့က လူနှစ်ယောက်ကို သရော်သည့်သဘော ပါသွားနိုင်သည်။ နောက်ဆုံးတော့ ရေအေး သောက်ချင်သည့်စိတ်ကို ဖျောက်ပြီး ရှေ့က ရေနွေးဓါတ်ဗူးထဲမှ ရေနွေးကြမ်းကိုပဲ ငှဲ့ကာ မှုတ်ကာဖြင့် သောက်နေမိသည်။

ကျွန်တော့်ရှေ့မှ ထိုလူနှစ်ယောက်ကတော့ စားလိုက်သာက်လိုက် လက်ဟန်ခြေဟန်များဖြင့် စကားပြောလိုက်ဖြင့် ရှိနေပြီး။ ခဏနေတော့ အရပ်ပုပုနှင့်လူက လက်ဟန်ဖြင့် တစ်ခုခုကိုပြောပြီး သူ့လူကို လက်ကာပြကာ အပြင်ဘက်သို့ ခဏထွက်သွားလေသည်။ သူ့ပုံက ဆိုင်တစ်ခုခုကိုလိုက်ရှာသည့်ပုံမျိုးပင်။ ခဏနေတော့ ထိုလူပြန်ရောက်လာပြီး အရပ်ရှည်ရှည်နှင့် တစ်ယောက်နှင့် လက်ဟန်ဖြင့် စကားဆက်ပြောနေသည်။ ကျွန်တော်ကလည်း အတွေးနှင့် သူတို့နှစ်ယောက်ကလည်း အမူအယာ လက်ဟန် စကားများဖြင့်။ခဏနေတော့ စားသောက်ထားသမျှတွေ အတွက် ငွေရှင်းပြီး ထွက်သွားကြလေသည်။

ကျွန်တော့် အတွေးထဲတွင်တော့ သူတို့၏ နေ့စဉ်ဘ၀လှုပ်ရှားမှု့အကြောင်းများက အဆက်မပြတ်။ ဘာပဲဖြစ်ဖြစ် သူဟာနှင့်သူတော့ အဆင်ပြေပေလိမ့်မည်။ ထိုသူနှစ်ယောက်၏ သွင်ပြင်အရ အသက်အရွယ်က ကျွန်တော်နှင့်မတိမ်းမယိမ်း ကျွန်တော့်ထက်ပင် ကြီးလျှင်ကြီးလိမ့်ဦးမည်။ ဒီလောက်အသက်အရွယ်အထိ ရှင်သန်လာခဲ့ပြီးမှတော့ သူတို့ဘ၀ သူတို့အထာနှင့် လောကကြီးမှာ အံဝင်ခွင်ကျ၊ နေသားတစ်ကျဖြစ်နေပြီ။ သူတို့အခက်အခဲများကိုတွေးနေပြီး ကျွန်တော်က ဆွံအနေသလိုလို ၊ အသက်ရှုမ၀သလိုလို သက်ပြင်းမောကြီး တစ်ခုကို ရှုထုတ်လိုက်မိသည်။ ကျွန်တော်ကိုယ်တိုင်ကရော? ရှင်သန်နေသော်လည်း နေ့စဉ်ဘ၀မှာ အံဝင်ခွင်ကျ ၊ နေသားတကျဖြစ်သေး ဖြစ်သေးရဲ့လား? ။ သတိတရ ပြန်ကြည့်လိုက်တော့ ဟိုးဝေးဝေးသို့ရောက်နေသည့် ဆွံအနားမကြား လူနှစ်ယောက်မှာ ထီးကိုယ်စီဖွင့်ဆောင်းလိုက်သည်ကို ခပ်ရေးရေးမြင်လိုက်ရသည် ကောင်းကင်ကို မော့ကြည့်တော့ မိုးစက်ပေါက်တို့က ဖွေးခနဲ။ ။

ကျော်ညိုသွေး

gravatar

မဆီမဆိုင် မြေအိုးမြီးရှည်နဲ့ ကြာဇံဆီချက်ကို သွားရည်ကျမိသေးတယ်ဗျာ။ ခုချိန်များ ကြေးအိုးဆီချက်တစ်ပွဲလောက် ကစ်လိုက်ရ..ကျွတ်!

gravatar

တလောက တီလဲ အဲ့လို လက်နဲ့စကားပြောကြတဲ့လူတွေ တွေ့တယ်
တအုပ်ကြီးပဲ
မြန်မာတွေ အလွန်ကြိုက်သော အမ်ဘီကေ ရှော့ပင်းမောမှာ

သူတို့ အုပ်စုကတော့ မြန်မာတွေမဟုတ် ဖအုပ်ထုတ်တွေ ဖြစ်ပုံရတယ်
အချေတွေ
ဘလက်ဘယ်ရီ လိုဟာကို ဗီဒီယို အွန်ပြီးတော့ လက်ဟန်နဲ့ ဖုန်းပြောတာ
မိုက်တယ်နော်

word verification ဖြုတ်ပါ
မန့်ရတာ ရှုပ်တယ်

gravatar

ဘာပြောရမှန်းကိုမသိ။ သို့သော် သူတို့လိုကား ခြေဟန်လက်ဟန် မလုပ်တတ်။

gravatar

အက်ဆေးလေးတစ်ပုဒ်လိုပါပဲ၊