ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ကျူပင်စု က ဆရာလေး



ကျူပင်စု က ဆရာလေး




၁၉၈၀ ခုနှစ် လောက်ကပေါ့….

ကျူပင်စု ကျေးရွာက အရေးကြီးတဲ့လူတွေထဲမှာ ဆရာလေး ကိုကြည်နိုင် တစ်ယောက် အပါအ၀င်။ မြို့အခေါ်အရဆို ဗွီအိုင်ပီပေါ့။ နာမည်နဲ့ လူနဲ့ ကတော့ တစ်စက်မှမလိုက်။ သူ့ကြည့်လိုက်ရင် အမြဲမှုန်ကုပ်ကုပ် ၊ မှုန်တေတေ ကြည်ကြည်လင်လင် ဘယ်တော့မှမရှိ။

ဆရာလေး ကိုကြည်နိုင်က ဟောဒီ ကျူပင်စု ကျေးရွာလေးမှာ ကျောင်းအုပ်ကလေးပေါ့။ ကျောင်းအုပ်ဆရာပီပီ ကျောင်းခန်းထဲမှာ တော့ မျက်နှာကြောက သိပ်တင်းတာ။ ကျောင်းသားတွေဆို သူ့ကို ကြောက်မှ ကြောက်။ ကြောက်သလားမမေးနဲ့ ။ ကျောင်းသားတွေ မဟုတ်တာ တစ်ခုခုလုပ်ထားမိပြီဆို ဆရာလေးကိုကြည်နိုင်ရဲ့ ကြိမ်လုံးကိုပဲ ကြည့်ကြည့်နေရတာ။ ဆရာလေးကိုကြည်နိုင်ရဲ့ လက်သံပြောင်ပုံတွေကို ကျောင်းသားတိုင်း မခံစားဖူးသူမရှိ၊ စည်းကမ်း စနစ်ကြီးပြီး ကျောင်းသားတွေကို သေချာထိန်းကျောင်း ညွှန်ပြ ပေးတာကြောင့်။ ဆရာလေး ဟေ့ ဆိုတာနဲ့ ကျောင်းသားတွေက ပြားပြားဝပ် ငြိမ်ကျပြီးသား။ ဒါကြောင့်လည်း ရွာလူကြီး မိဘတွေက ကလေးတွေ လေလွင့်မှာ ၊ စာမကျက်မှာကို မပူရ၊ ကျောင်းမှန်မှန်တက် စာမှန်မှန် ကျက်ဖို့ကတော့ စိတ်ချရတာပေါ့…။ မျက်နှာက အမြဲတမ်း မှုန်တေနေပြီး မျက်နှာကြောတင်းတဲ့ ဆရာလေးကတော့ တစ်ရွာလုံးမှာရှိတဲ့ ကျောင်းနေအရွယ် ကလေးတွေရဲ့ ငယ်နိုင်။


ဆရာလေး ကိုကြည်နိုင် ကျူပင်စု ကျေးရွာကို ရောက်လာတုန်းက ကျောင်းဆရာဖြစ်ခါစလေးပေါ့။ မြို့ကနေ ဒီ..ကျူပင်စုကျေးရွာကို တာဝန်ကျတာနဲ့ ရောက်လာခဲ့တာ…။ အရင်က ကျောင်းအုပ်က ရာထူးတိုးတာနဲ့ တစ်ခြားနယ်ကို ပြောင်းတာနဲ့ ဆရာလေး ကိုကြည်နိုင် ဒီရွာကိုရောက်လာတာက ရှေ့ဆင့်နောက်ဆင့်ပဲ။ ပထမ ကျောင်းအုပ်ဆရာကြီး မရှိလို့ ကျောင်းကို ခဏ ပိတ်ထားလို့ ကျောင်းသားတွေ လွတ်လပ်နေတုန်း ဆရာလေး ကိုကြည်နိုင် ရောက်လာတော့ နားတောင်မနားပဲ ကျောင်းကို နေ့ချင်းစဖွင့်တာနဲ့ ကျောင်းသားတွေ စိတ်ပျက်လက်ပျက်နဲ့ အဲဒီနေ့ပဲ နေ့ဝက် ကျောင်းတက်ရတော့တာပေါ့။




*************************************

ကျောင်းစဖွင့်တာနဲ့ သင်လက်စ လေ့ကျင့်ခန်းတွေ စလှန်လှောပြီး သင်တော့တာပဲ။ ပထမနေ့မို့ မိတ်ဆက်တာတွေဘာတွေ ထွေထွေထူးထူး မလုပ်ဘူး။

“ ကဲ..ကျောင်းသားတွေ.. ဆရာ့နာမည် ဦးကြည်နိုင် လို့ခေါ်တယ်…ဒီကျောင်းမှာ စာသင်မယ့် ဆရာပဲ… မင်းတို့ သင်တဲ့စာတွေကို သေချာကျက်ရမယ်..သေချာလုပ်ရမယ်…အေး..နားမထောင်ရင်တော့ အကြောင်းသိမယ်…”


ဆိုပြီး ခပ်တည်တည်ပြောပြီး သင်စရာရှိတာတွေကို သင်တာပဲ။ ကျူပင်စုက မူလတန်းကျောင်း မှာ တခြားဆရာမရှိဘူး။ ကျောင်းအုပ်ပဲ ကျောင်းအလုပ်တွေလုပ်ပြီး။ ကျောင်းအုပ်ပဲ။ သူငယ်တန်းကနေ လေးတန်းထိ စာတွေကို တစ်ယောက်တည်းသင်တာပဲ။ အဲဒီအချိန်ကလည်း ကျောင်းဆရာတွေ သိပ်ရှားသေးတဲ့ အချိန်မဟုတ်လား။


ကျောင်းစဖွင့်တဲ့နေ့ မှာ စာတွေ သင်ပြီးချိန်မှာ အိမ်မှာ ကျက်ဖို့ အိမ်စာတွေကို ကျက်ခိုင်းလိုက်တယ်…။ ပြီးတော့.. အိမ်ပြန် ရောက်ရင် စာကျက်ဖို့ ၊ စာတတ်မှ အသက်ကြီးတဲ့အခါ ပညာတတ်ဖြစ်ပြီး အလုပ်ကောင်းကောင်း မပင်မပန်း ပဲလုပ်နိုင်မယ် ဆိုပြီး ပြောလိုက်တယ်…။


ဖြစ်ချင်တော့ ကျောင်းသားတွေကလည်း အရင်လို စာမရရင် အရင်ကျောင်းအုပ်ကြီး ဒါဏ်ပေးသလို ထိုင်ထ နားရွက်ဆွဲလောက်ပဲ လုပ်ခိုင်းမယ်ထင်ပြီး ပေါ့ပေါ့ပါးပါးပဲမှတ်ပြီးတော့…ပြန်သွားကြတယ်။ နောက်နေ့ ကျောင်းလည်း ရောက်ရော… စာသင်ခန်းထဲရောက်တာနဲ့ ဆရာလေး စာမေးတာနဲ့ တန်းတိုးတော့တာပဲ…။ အဲဒီမှာ ဘယ်သူမှ စာမရကြ။ ကျက်မလာကြတော့…ဆရာလေးလည်း တစ်တန်းလုံး ဖင်လှန်ပြီး ဆော်လိုက်တာ…ဆရာလေးလက်သံပြောင်ပုံများ ကျောင်းသားတွေ “တအိအိ” နဲ့ ငိုတာတောင် အသံမထွက်နိုင်ကြဘူး။


“ငါက ကောင်းစေချင်လို့ ၊ စာတတ်စေချင်လို့ မင်းတို့ ကျောင်းကို မြို့ကနေ လာသင်တာ”
မင်းတို့က ငါ့ကို မလေးမစားနဲ့ နောက်ဆို ဒီထက်နာမယ်”


ဆိုပြီး ဟောက်တော့ ကျောင်းသားတွေ တုတ်တုတ်တောင် မလှုပ်ရဲဘူး။ နောက်နေ့ကစပြီး ဆရာလေး ကိုကြည်နိုင့်သတင်းက ရွာကို ပျံ့သွားတော့တယ်…။


အရိုက်ကြမ်းတဲ့ ဆရာလေးကိုကြည်နိုင်။ 


*****************************


ကျောင်းသားတွေ ကျောင်းမှာ ရန်ဖြစ်တာ ၊ စကားများတာတွေကိုလည်း ဆရာလေးကိုကြည်နိုင် သိပ်မကြိုက်ဘူး။ ဒီလိုမျိုးတွေ ဖြစ်ပြီဆိုတာနဲ့ ရန်စတဲ့ ကောင်ရော ၊ ပြန်ချတဲ့ကောင်ရော ဖင်အရှိုးရာ ထပ်ပြီသာမှတ်။ အဲဒီလောက်ထိ ဆရာလေး ကိုကြည်နိုင် ကြမ်းတာ။

ကျောင်းသားမိဘတွေများဆို သူတို့ကလေးတွေ ပြောမရတာ၊ အဆော့သန်တာများ ရှိရင်ဖြင့်

“ဆရာလေး လက်ကိုအပ်လိုက်ရမလား”
ဆိုတာနဲ့ ကလေးတွေ သိပ်ကြောက်တာကလား။

ကျူပင်စုမှာ ရွာဦးကျောင်း ဆရာတော် ဦးဝိမလ နဲ့ သူကြီးကို ရွာသားတွေ ဖိန့်ဖိန့်တုန်အောင်ကြောက်ရသလို။ ကျောင်းသားအရွယ် ချာတိတ်တွေ အတွက်ကတော့ ဆရာလေး ကိုကြည်နိုင်က သြဇာညောင်းပြီးသား။

နောက်ပြီး ဆရာလေး ကိုကြည်နိုင်မှာ ဆိုးတဲ့ အကျင့်တစ်ခုရှိသေးတယ်။ အဲဒါကတော့ ဆရာဂိုက်မရှိတာပဲ။ အရင်ကျောင်းအုပ်ကြီးနဲ့ လာလားမှမဆိုင်။ အရင်ကျောင်းအုပ်ကြီးက ရှပ်အင်္ကျီ အဖြူသန့်သန့် လည်ကတုံးနဲ့ ချည်ချောပုဆိုးကိုလည်း ချပ်ချပ်ရပ်ရပ်ဝတ်ပြီး စာသင်တတ်တာ။ ဆရာလည်း ကိုကြည်နိုင်ကတော့ ဒီလိုမဟုတ်။ ရှပ်အင်္ကျီလက်တိုကို ဖိုသီဖတ်သီ ၀တ်ထားပြီး ပုဆိုးကိုလည်း ရင်ခေါင်း မရောက်တရောက်တက်ဝတ်ထားတတ်တယ်။ ဆံပင်ကလည်း ကုပ်ထောက်နဲ့ရယ်..။ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးကလည်း ကျို့တို့ကျဲတဲ ရိတ်ချင်မှရိတ်တာ။ အဲဒီလိုပုံစံနဲ့ ရွာကျောင်းက ကျောက်သင်ပုန်းကို တဗြန်းဗြန်း နဲ့ ကြိမ်လုံးနဲ့ ရိုက်ပြီး စာသင်တာ။ သူရွာကို လှည်းကလေးစီးပြီး အိတ်ကလေးတစ်လုံး ပိုက်ပြီး မြို့ကနေ ရောက်လာတုန်းကဆို.. ရွာသူကြီးက ဒီရွာကို ပြောင်းလာတဲ့ ကျောင်းဆရာလို့တောင်မထင်။ သူကြီးစိတ်ထဲမှာ ကျောင်းဆရာဆိုတာ အရင် ကျောင်းအုပ်ကြီး ပုံစံကိုပဲ မျက်လုံးထဲ စွဲနေတာမဟုတ်လား။ ဆရာလေးကိုကြည်နိုင်ကို တွေ့တော့ တော်တော်လေး စိတ်ပျက်သွားပုံရတယ်…။ ဆရာရုပ်မပေါက်တဲ့ ဆရာလေးကိုကြည်နိုင်ကို သူ့အိတ်နဲ့အတူ ရောကိုင်ထားတဲ့ ကြိမ်လုံးကို မြင်လို့သာ ကျောင်းဆရာလို့ ယုံလိုက်ရတာ…။ အဖြစ်က အဲဒီလို အဲဒီလို…။


******************************

ဆရာလေး ကိုကြည်နိုင့်အတွက် အဆိုးဆုံးကတော့ ယမကာ မှီဝဲတတ်တာပဲ။ စာသင်ပြီး ကျောင်းဆင်းချိန်ဆို သူနေတဲ့ အခန်း ထဲမှာ စာအုပ်တစ်အုပ်နဲ့ ဖန်ခွက်နဲ့ အရက်ပုလင်းထောင်ပြီး စာဖတ်နေတတ်တယ်။ တစ်ခါတစ်လေ တော့ ရွာထဲကို လမ်းလျှောက် ထွက်လေ့ရှိတယ်…အဲဒီအခါမျိုးဆို ဆရာလေး ကိုကြည်နိုင်ကို လာပြီး နှုတ်ဆက်တဲ့ ရွာသူ ၊ ရွာသားတွေများ ဆရာလေးဆီက အရက်နံ့ ရပြီသာမှတ်ပေတော့…။ ကြာတော့လည်း တစ်ရွာလုံး ဆရာလေး သောက်တတ်တာ သိသွားကြတာပဲ။


အဲ…ဒါပေမယ့် ဆရာလေး ကိုကြည်နိုင်က ရွာက ကျောင်းနေအရွယ် ကလေးတွေကသာ ကြောက်တာ။ လူပျိုကာလသားတွေ ကတော့ ဆရာလေးနဲ့ ပနံကို သင့်လို့။ အကြောင်းကဒီလို ဆရာလေး မြို့ကနေလာတော့ ပခုံးထောက် တယောပြား သေးသေးလေး တစ်လက် ပါလာတယ်။ ညဘက်ဆိုရင် အရက်ပုလင်းလေး ဘေးမှာချ တယောပြားလေးထောက်ပြီး မြန်မာသံ သီချင်းလေးတွေ ထိုးနေလေ့ရှိတယ်။ ရွာရဲ့မူလတန်းကျောင်းလေးဘေး မှာရှိတဲ့ ဆရာလေးနေတဲ့ အဆောင်လေး ရှေ့က ကွပ်ပျစ်ပေါ်က တယောသံ ချွဲချွဲနွဲ့နွဲ့ လွင့်ပျံလာပြီဆို မယ်ဒလင်ဒေါင်ဒင် လုပ်နေတဲ့ ကိုလှမိုးတို့ လူပျိုကာလသားတွေ လည်း မနေနိုင်မထိုင်နိုင် ဆရာလေး ရှိရာ ကျောင်းလေးဆီကို လာကြပြီး ဆရာလေးနား လာပြီး တယောသံနဲ့ အတူတူစီးမျောလေ့ရှိတယ်..။ တစ်ခါတစ်လေ တယောတီးရင်း စကားစမြည်ပြောရင်း ကိုလှမိုးတို့ မယ်ဒလင်သံနဲ့ ဆရာလေးကိုကြည်နိုင်ရဲ့ တယောပြား လက်သံနဲ့ မြန်မာသံတေးလေးတွေ ရွာရိုးတစ်လျှောက် လွင့်ပျံနေလေ့ရှိတယ်။


ကောလဟလ လား ဘာလားတော့ မသိဘူး။ လူပျိုကာလသားတွေဆီက သတင်းတစ်ခုတော့ သဲ့သဲ့ထွက်လာတာတော့ ရှိတယ်…။ အဲဒါကတော့ ဆရာလေး ကိုကြည်နိုင်တစ်ယောက် ဒီရွာကို မရောက်ခင်တုန်းက မြို့မှာ အသည်းကွဲခဲ့တယ်ဆိုပဲ…။ သူ့ချစ်သူ ကောင်မလေးကလည်း သူ့လိုပဲ ၀န်ထမ်းဆရာမလေး တစ်ယောက်လို့ ကာလသားတွေ ပြောစကားအရသိရတယ်။ သူ့ကောင်မလေးက တစ်ခြားလူနဲ့ လက်ထပ်သွားတာနဲ့ ဆရာလေးလည်း အခုလို အရက်ထဲ အသည်းကို ထည့်စိမ်ထားတယ်လို့ ပြောကြဆိုကြတာပဲ။ ဒီသတင်းက အမှန်လား ၊ ကောလဟလလား ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ ရေရေရာရာ မသိ ကြဘူး။ ရွာမှာဆိုတော့လည်း သိတဲ့ အတိုင်းပဲ။ သတင်းတစ်ခု ပျံ့သွားရင် တစ်ရွာလုံး သိသွားတတ်ကြတာ ဆိုတော့ ဒီသတင်းက တိုးတိုးတိတ်တိတ် ကျော်လို့။ ရွာသူတွေ ပါးစပ်ဖျားမှာ ဆရာလေး ဇာတ်လမ်းလေးက ထွင်, ကား , ချဲ့ ရင်းနဲ့ တော်တော်ကို ပြောင်ပြောင် မြောက်မြောက်ဖြစ်လာတယ်။


ဆရာလေးကတော့…အရင်အတိုင်း သောက်မြဲ ၊ တယောပြားလေးထိုးမြဲ ၊ စည်းကမ်းဖောက်တဲ့ ၊ စာမရတဲ့ ကောင်းသားတွေ ကို ကောင်းကောင်းတွယ်မြဲပဲ။


ဆရာလေးကိုကြည်နိုင် ရွာကိုရောက်တာ တော်တော်ကြာတော့ ကျောင်းသားတွေလည်း စည်းနဲ့ ကမ်းနဲ့ ဖြစ်လာတယ်…။ စာကိုလည်း မှန်မှန်ကျက်လာကြတယ်။ ပြီးတော့ ဆရာလေးကိုကြည်နိုင်က စာတော်တဲ့ ကျောင်းသားတွေကို သူ့ဘာသာ ဆုချီးမြင့်တာမျိုးလုပ်တော့.. ကျောင်းသားတွေလည်း ဆုရချင်စိတ်နဲ့ စာကို အပြိုင်အဆိုင်လုပ်တာနဲ့ပဲ ရွာကျောင်းက ကျောင်းသားတွေရဲ့ စာအံသံတွေက ပိုမို ပြီး အသက်ဝင်လာတယ်လေ။ 




*************************************

ဒီတစ်နှစ်ကျောင်းတွေ ဖွင့်တော့ ကျောင်းသားမိဘတွေ က သူတို့သားသမီးတွေကို ကိုယ်စီဆွဲလို့ ဆရာလေး ဆီ ကျောင်းလာအပ်ကြတယ်။ ဒီနှစ်မှတက်မယ့် သူငယ်တန်းတွေရောပေါ့။ ဆရာလေးရဲ့ အသင်အပြ ကောင်းမှု့ ၊ စည်းကမ်းကြီးမှု့တို့ကြောင့် ကျောင်းလုံးကျွတ် စာမေးပွဲအောင်ကြတယ်။ စာသိပ်ညံ့တဲ့ ကျောင်းသားတောင် စာကို ကောင်းကောင်းလုပ်လို့ စာမေးပွဲအောင်တယ်လေ။



“ဆရာ မင်းတို့ နာမည်တွေကို တစ်ယောက်ချင်းစီ ခေါ်မယ်၊ ကိုယ့်နာမည် ကြားတာနဲ့ ရှိပါတယ်ခင်ဗျာ လို့ ထူးရမယ်…နော်..”


“ဟုတ်ကဲ့ပါ ဆရာကြီး”


ကျောင်းအပ်တဲ့ ကိစ္စတွေလည်း ပြီးရော ဆရာလေး က ကျောင်းသားစာရင်း ကို သူငယ်တန်းကနေ စပြီးနာမည်ခေါ်တယ်…။ ပြီးတော့.. တစ်တန်း ၊ နှစ်တန်း စသည်ဖြင့်ပေါ့…။ အဲဒီလို နာမည်စာရင်းတွေခေါ်နေတုန်းရှိသေး။ ကျောင်းခန်းပေါက်ဝမှာ ဧည့်သည်ရောက်လို့ ကြည့်လိုက်တော့ ရွာထဲက မခင်စန်းမြင့် နဲ့ သူသားလေး မောင်တိုးဝေ ကိုတွေ့လိုက်ရတယ်…မောင်တိုးဝေက ဒီနှစ်ဆိုရင် နှစ်တန်းကို တက်ရမှာပဲ။ မနက်က ကျောင်းအပ်ကြတော့ လူများနေတာနဲ့ သတိမပြုမိ အခုမှသာ ရောက်လာတာနဲ့…ဆရာလေးလည်း..


“သြော..မခင်စန်းမြင့် ပါလား မောင်တိုးဝေလည်း ပါတာပဲ။ ကျောင်းလာအပ်တာမလား။ အလုပ်ရှုပ်နေကြတယ်ထင်တယ်…နောက်ကျနေတာ…”


ဆိုပြီး လှမ်းခေါ်တော့… မခင်စန်းမြင့်က မောင်တိုးဝေ လေးကို လက်ဆွဲပြီး ဆရာကြီးစားပွဲနားမှာ ရပ်ပြီးတော့…


“ဆရာ..ဒီတစ်နှစ်တော့ မောင်တိုးဝေကို ကျောင်းခဏ ထုတ်ထားချင်လို့ပါ။”


အဲဒီလို လည်းပြောရော ဆရာလေး အနီးအနားမှာ ရှိတဲ့ တခြားကျောင်းသား လေးငါးယောက် ငြိမ်ပြီး ပြူးကြောင်ကြောင်လေးတွေ နဲ့ ကြည့်နေကြတယ်။ ဆရာလေး ကိုကြည်နိုင်လည်း အံအားသင့်ပြီး မခင်စန်းမြင့်ကို တလှည့် မောင်တိုးဝေကို တလှည့်ကြည့်တယ်…ပြီးတော့မှ..


“ကလေးကို ဘာလို့ကျောင်းထုတ်မှာလည်းဗျာ၊ ကလေးက အခုမှ အတန်းက ငယ်ငယ်ပဲ ရှိသေးတာ ပြီးတော့ စာသင်တာ အဲ့လိုအရှိန်ပြတ်သွားရင် မကောင်းဘူးဗျ။ ”


လို့ ဆရာလေးက ပြောတော့…မခင်စန်းမြင့်လည်း…


“ဆရာရယ်.. ဒီနှစ်က အရင်နှစ်လိုမဟုတ်ဘူး အလုပ်အကိုင်တွေက သိပ်မကောင်းတော့… နည်းနည်း အကျပ်အတည်းဖြစ်နေတယ်.. ဒါကြောင့်….သူ့ကိုကျောင်းဆက်ထားချင်ပေမယ့် ဒီနှစ်တော့ ခဏနားထားပြီး နောက်နှစ် ကျမှ ကျောင်းပြန်အပ်မလားလို့….” ဆိုပြီး မခင်စန်းမြင့်ပြောလို့မှ ဆုံးမယ်ကြံခါ ရှိသေး…


“တော်တော့… မခင်စန်းမြင့်…”


ဆရာလေး ကိုကြည်နိုင် ဟန့်လိုက်တဲ့ အသံက နည်းနည်း မာသွားတယ်။ ကျောင်းသားတွေတောင် ငြိမ်ကျသွားတာကိုး။ မခင်စန်းမြင့် ကိုယ်တိုင်တောင် နည်းနည်းလေး ရွံ့သွားသလို ခေါင်းလေး ပုဝင်သွားတယ်…။ အမှန်တော့… မခင်စန်းမြင့်တို့က တစ်ကယ်လည်း သိပ်ပြေလည်ကြသူတွေမဟုတ် ရွာမှာ တော်တော်လေး ချို့တဲ့ရှာသည်။ သူ့ယောက်ျားက နေ့စားအလုပ်သမား ၊ မခင်စန်းမြင့်ကတော့..အိမ်မှာ မုန့်လေးဘာလေး ရောင်းသည်။ ဒီလောက်ပဲ။ ဆိုတော့က…ကလေးကျောင်းထားဖို့က သိပ်မပြေလည်တာလည်း အဆန်းတော့ မဟုတ်ချေ။
 

ပြီးမှ ဆရာလေးလည်း လေသံကိုပြန်လျှော့ပြီး…
“ကဲ… မခင်စန်းမြင့် … ကျွန်တော်ပြောသလိုလုပ် ခင်ဗျား အလုပ်လုပ်စရာရှိတာ သွားလုပ်တော့ မောင်တိုးဝေ ကျောင်းမှာထားခဲ့ ၊ မောင်တိုးဝေရဲ့ ကျောင်းကိစ္စ ကျွန်တော် အားလုံး တာဝန်ယူတယ်…”
လို့လည်း ပြောလိုက်ရော…

“ဟင်…ဆရာလေး..တစ်ကယ်လားဟင်…အားနာပေမယ့် တစ်ကယ်ကြီးကို ကျေးဇူးကြီး တင်ပါတယ် ရှင်”

ဆိုပြီး ထိုင်ကန်တော့ မလို့လုပ်လို့ ဆရာလေးလည်း အမြန်ကို မခင်စန်းမြင့်လက်မောင်းကနေ ဆွဲမပြီး အိမ်ကိုပြန်ခိုင်းရတယ်…။

မခင်စန်းမြင့် ကျောင်းဝင်းထဲကနေ ရွာလမ်းပေါ်ရောက်သွားတော့မှ ကျောင်းခန်းထဲကို လှည့်ကြည့်ပြီး ဆရာလေး ကိုကြည်နိုင် သက်ပြင်း နုနု တစ်ချက်ကို အရှည်ကြီးချလိုက်တယ်…။

ပြီးတော့…မှ မောင်တိုးဝေ ခေါင်းကို တစ်ချက်ပွတ်လိုက်ပြီး။

“ကဲ.. တိုးဝေ.. မင်း ကျောင်းမှန်မှန်တက်ရမယ်..နော်..စာလည်းသေချာလုပ်ရမယ်..မင်းစာသင်ဖို့ အတွက် ဆရာကြီး တာဝန်ယူတယ်”

လို့ ဆရာလေးက ပြောတော့ မောင်တိုးဝေလည်း မျက်နှာလေး ကြည်ကြည်လင်လင် ရှိလာပြီး သူထိုင်ရမယ့်နေရာမှာသွားထိုင်တယ်။ ဆရာလေးလည်း မောင်တိုးဝေကို စာကြိုးစားဖို့ ပြောမယ့်သာ ပြောရတာ မောင်တိုးဝေက အရင်ကတည်းက စာကြိုးစားတဲ့ ကလေးပဲ။ ချစ်စရာကောင်းပြီး လိမ္မာသိတတ်မှု့ရှိသည်။

အဲဒီနောက်တော့ ဆရာလေး လည်း နာမည်ခေါ်လက်စကို ဆက်ခေါ်ပြီး။ စာသင်စရာရှိတာတွေကို တစ်တန်းချင်းစီ လိုက်သင်တယ်…။

နှစ်စမှာ စာသင်နေကြတဲ့ ကျောင်းသားတွေရဲ့ အသံကတော့ ဒီနှစ်မှာ ကြည်လွင်စွာ ထပ်မံ ပျံ့လွင့်လို့ပေါ့။ 



***********************************

ကျူပင်စုရွာကလေးရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်ကြီးရွယ်အို ပူဇော်ကန်တော့ပွဲ နီးလာချေပြီ။ ဒီနှစ်မှာလည်း ရွာထဲရှိ အသက် ၇၅ နှစ် အထက် ဘိုးဘွားများကို စာရင်းကောက် ပြီး ကန်တော့ပွဲတွင် ထည့်သွင်း ကန်တော့ခံနိုင်စေရန် ရွာသူကြီး ဦးရွှေမိုး မှ ဦးဆောင်ကာ ပွဲမစတင်ခင် တစ်လလောက်အလို ကနေ စပြီး စီစဉ်ခဲ့သည်။ ရွာရှိ ကာလသားများကလည်း လုပ်စရာရှိတာတွေကို ၀ိုင်းဝန်းကူညီပေးခဲ့ကြသည်။ ကန်တော့တာအပြင် ခေါင်းဆေး မင်္ဂလာတွေ ဘာတွေလည်း လုပ်ကြဦးမှာ။ ပြီးတော့ သူကြီးကလည်း ရွာမှာရှိတဲ့ အရွယ်ရောက်တဲ့ လူငယ်တွေကိုလည်း ပစဉ်းခံပေးဦးမယ့် အလှူပွဲကြီးကလည်း ရှိသေးတယ်။
နောက်တစ်ရက် နှစ်ရက်နေရင် သက်ကြီးရွယ်အို ပူဇော်ကန်တော့ပွဲ နဲ့ 

ပဉ္ဇင်းခံ အလှူပွဲရှိတယ်ဆိုတော့ ဆိုတော့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ၊ မဏ္ဍပ်ဆောက်တဲ့ လူတွေကကလည်းဆောက်၊ မြို့ကို ကန်တော့ ပစ္စည်းသွားဝယ်ဖို့ကြတော့ ကာလသားတွေ နဲ့ ဘဏ္ဍာရေးမှူး ကိုဝင်း တို့အဖွဲ့ပေါ့။ ဒီလိုနဲ့ ကိုယ့်တာဝန်ကျရာကို ပြီးစီးအောင် လုပ်နေကြတယ်။ သူကြီးတို့ လူကြီးပိုင်းတွေကတော့ လိုအပ်တာတွေကို ၀ိုင်းဝန်းစဉ်းစား ပြီးလိုအပ်တာ ရှိတာတွေကို ညွှန်ကြားနေကြတာပေါ့။

ညနေပိုင်း သူကြီးအိမ်မှာ ရွာခံလူကြီးတွေ စုပြီး စကားဝိုင်းဖွဲ့ကြတော့…သူကြီးကတော် ဒေါ်မေခင် က

“တော်တို့ ဘိုးဘွားပူဇော်ပွဲမှာ ရှေ့ကနေ

ကန်တော့ချိုး ရွတ်ပြီး တိုင်ပေးမယ့် သူရော ဘယ်သူများ စီစဉ်ထားတုန်း ။ သေချာ ချောချော မွှတ်မွှတ်လေး နဲ့ ဖြောင့်ဖြောင့်တန်းတန်း ရွတ်တတ် ဆိုတတ်တဲ့ လူမှ ဖြစ်မှာနော်”

လို့ ပြောတော့မှ သူကြီးနဲ့ ရွာလူကြီးတွေလည်း သတိရသွားကြတယ်။ ဒါနဲ့ပဲ သူကြီးက

“အင်း… ရွာမှာ ဆိုရင်တော့ ကျုပ်စဉ်းစားမိတာ ဆရာလေး ကိုကြည်နိုင် တော့ ရှိတယ်ဗျ ဘယ်လိုသဘောရကြလဲ..” ဆိုတော့.. ရွာခံလူကြီးတွေကလည်း

“ကောင်းပါတယ် သူကြီး ဆရာလေးကိုကြည်နိုင်ကလည်း ပညာတတ်လည်းဖြစ်တယ်။ အပြောအဆိုကလည်း ကျောင်းဆရာဆိုတော့ ပြောစရာမလိုဘူးလေ” ဆိုပြီး ထောက်ခံကြတယ်..။

ဒါနဲ့ပဲ သူကြီးက ဆက်ပြီးတော့….

“ကျုပ်ဆီမှာ နှစ်စဉ် နှစ်တိုင်း သုံးနေကြ

ကန်တော့ချိုး အဟောင်းတော့ ရှိပါရဲ့ အဟောင်းတော့ ကူးထားတာ ရှိပါရဲ့ ဒါပေသည့် ဒီတစ်နှစ်တော့
ကန်တော့ချိုး အသစ်ကလေး ပြင်ရေးပြီး ပူဇော်ကြရင် ကောင်းမယ်ထင်ရဲ့ဗျာ။
ကန်တော့ချိုးအသစ်ထပ်ရေးဖို့အတွက်ကတော့ ကျုပ်တို့ ရွာဦးကျောင်း ဆရာတော်နဲ့ တိုင်ပင်မှပဲ…”

လို့ပြောတော့ ရွာခံလူကြီးတွေကလည်း ကောင်းတယ် ပေါ့။

“ကဲ ဒါဆိုလည်း ကျုပ်တို့ မနက်ဖြန် ကြရင် ဆရာတော်ကြီးဆီသွားပြီး အကျိုးအကြောင်း လျှောက်ကြတာပေါ့..”

ဒီတစ်နှစ်လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့သလို စည်ကား သိုက်မြိုက်စွာနဲ့ သက်ကြီးရွယ်အို အဘိုးအဘွားများ ပူဇော်ကန်တော့ပွဲက ဖြစ်မြောက်လာတော့မည် မို့ ရွာခံလူကြီးတွေလည်း ကြည်နူးပီတိဖြစ်နေမိ ကြသည်။ လူငယ်တွေကလည်း လုပ်စရာရှိတာတွေကို တက်ကြွစွာလုပ်ဆောင်နေကြသည်။ သူကြီးကလည်း သက်ကြီးပူဇော်ပွဲ နှင့်အတူ ပဉ္ဇင်းခံအလှူပွဲရှိတယ်ဆိုတော့ ရွာက ကွမ်းတောင်ကိုင် ပန်းတောင် ကိုင်တွေကလည်း တပြင်ပြင် ဒီလိုမျိုးအလှပြင်ပြီး လူလုံးသေချာ ပြရတာ ရွာမှာက ကြုံခဲတယ် မဟုတ်လား။ ကာလသားတွေကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် အဆို အတီးတွေ နဲ့ ပျော်ကြမယ့်ပွဲကိုး ..။ 




********************************

သူကြီး နဲ့ ရွာလူကြီးတွေ ဘုန်းကြီးကျောင်းဝင်းထဲ ရောက်တော့ ဆရာတော်ကြီးက ကျောင်းရှေ့မြေကွက်လပ်မှာ ခေါက်တုံ့ခေါက်ပြန် စင်္ကြန်လျှောက်နေတယ်။ သူကြီးတို့ကို တွေ့တော့ ဆရာတော်က ကျောင်းရှေ့က ခုံတန်းလျှားမှာ သီတင်းသုံးလိုက်တယ်။ သူကြီးတို့လည်း ဆရာတော်ကြီးကို ဦးချပြီး လာရင်း ကိစ္စကို လျှောက်ထားကြတယ်။

“ဘုန်းကြီး အနေနဲ့ ပြောရရင်တော့ လူ ဘိုးဘွားတွေကို ကန်တော့မယ့် ကိစ္စမှာ လူဝတ်ကြောင်ဖြစ်တဲ့ တပည့်သားမြေးတွေ ရေးထားတဲ့ ကန်တော့ချိုး ကိုပဲ ဖြစ်စေချင်တယ်။ ဘုန်းကြီး ရေးပေးလို့ မရဘူးလား ဆိုတော့ ရပါတယ်။ ဒါပေမယ့်လည်း ကိုယ်ထူ ကိုယ်ထ နဲ့ ကိုယ့် ချွေးနည်းစာ တွေနဲ့ ပူဇော် ကန်တော့ တဲ့ ပွဲမှာ ဒီ ကန်တော့ချိုးလေးကလည်း ကိုယ်ကိုယ်တိုင် ရေးကြတာပဲ သင့်တော်မယ်လို့ ထင်တယ်။”



ဆရာတော်က အဲဒီလို မိန့် တော့ ရွာသူကြီးနဲ့ လူကြီးတွေလည်း အခက်တွေ့သွားကြတယ်။

ဆရာတော်က ဆက်ပြီး.

“ဒါနဲ့ ဒကာကြီးတို့က ဘယ်သူ့ကို ကန်တော့ချိုး တိုင်ခိုင်းဖို့ စီစဉ်ထားတုန်း” ဆိုတော့…


သူကြီးကပဲ..

“ ရွာက မူလတန်းကျောင်း ဆရာလေး ကိုကြည်နိုင်ကိုပဲ တာဝန်ယူခိုင်းဖို့ စီစဉ်ထားပါတယ် ဘုရား”

ဆိုတော့… ဆရာတော်က

“ အင်း သင့်တော်သားပဲ… ဒါဖြင့်ရင်လည်း သူ့ပဲ ကန်တော့ချိုး ရေးခိုင်းပေါ့လေ ဒါမှ သူရေးတာ သူတိုင်ပြီး ချောချောမွေ့မွေ့ ရှိတော့မပေါ့ ”

လို့ ထပ်မိန့်လိုက်တော့…သူကြီးတို့လည်း ဟုတ်သားပဲလို့ တွေးမိတယ်။

ဒါနဲ့ပဲဆရာတော်က ဆရာလေးကိုကြည်နိုင်ကို ဒီကိစ္စကို တာဝန်ယူဖို့ မိန့်ဖို့အတွက် ကျောင်းသား တစ်ယောက်ကို အခေါ်ခိုင်းလိုက်တယ်။ သူကြီးနဲ့ လူကြီးတွေကတော့ ဘုန်းကြီးကျောင်းမှာ ဆရာလေးကိုကြည်နိုင် လာမှာကို စောင့်နေကြတယ်။

ကျောင်းသား သွားတာ ကွမ်းတရာညက်လောက် မကတော့ ဘုန်းကြီးကျောင်းနဲ့ ရွာကျောင်းနဲ့ ကလည်း သိပ်ဝေးလှတာမဟုတ်။ ဆရာတော် ကတောင် ကျောင်းသား ဘာလို့ ကြာပါလိမ့်လို့ မိန့်နေပြီ။ သူကြီးတို့ လူကြီးတွေလည်း လည် တဆန့်ဆန့်နဲ့မျှော်လို့ပေါ့။ ဒါနဲ့ ကွမ်းနှစ်ရာ ညက်လောက် လည်း ကျော်ရော… ဆရာလေး ကိုကြည်နိုင် နဲ့ အမောင် ကျောင်းသားတို့ ခြေလှမ်းကျဲကြီးတွေနဲ့ လှမ်းလာတာကို တွေ့လိုက်ရတယ်။


ကျောင်းသား နဲ့ ဆရာလေးကို ကြည်နိုင်တို့ ဘုန်းကြီး နဲ့ သူကြီးတို့ လူကြီးတွေ နားကိုရောက်ရော ကျောင်းသားက ဘုန်းကြီးဘေးမှာ မတ်တပ်ရပ်နေတော့…ဆရာတော်

“ ဖိုးလုံး မင်းကို ဆရာလေးကို ခေါ်ခိုင်းလိုက်တာ ဘာလို့ ကြာနေတာလဲ မင်းလျှောက်ဆော့နေတယ်မလား”

လို့ မာန် တော့ ကျောင်းသားက ဘာမှမပြော ရို့ရို့လေးသာရပ်နေတယ်။ ဒါနဲ့ ဆရာလေးက ..

“မဟုတ်ပါဘူး ဘုရား တပည့်တော် အိပ်ပျော်နေလို့ ဖိုးလုံးက နှိုးနေတာနဲ့ တပည့်တော် သန့်ရှင်းရေး နည်းနည်းလုပ်နေတာနဲ့ ကြာသွားတာပါဘုရား”


လို့ ပြောလိုက်မှ ကျောင်းသား ဖိုးလုံးလည်း သက်သာရာရသွားတယ်။ ဒါပေမယ့် သက်သာရာမရတာက ဆရာလေး ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ဆရာတော် နဲ့ ဘေးနားမှာ ထိုင်နေတဲ့ သူကြီးတို့ လူစုပဲ။ ဘယ်သက်သာရာရမလဲ ဆရာလေး အိပ်ပျော်နေတာက ယမကာ ကို မိုင်ကုန်လွှတ်ပြီးမှ အိပ်ပျော်တာဆိုတော့ ဘုန်းကြီးကျောင်းသား ဖိုးလုံးတောင် မနည်းနှိုးယူရတယ်လေ။

အခုလည်း မအိပ်ခင်က မှီဝဲထားတဲ့ ယမကာ နံ့ ပြင်းပြင်း ကြောင့် ဆရာတော်နဲ့ လူကြီးတွေ နှာခေါင်းတွန့်သွားကြတယ်။ သူကြီးတို့ လူစုကတော့ နှာခေါင်းလေးပွတ်ကာ ပွတ်ကာနဲ့ပေါ့။ ဆရာတော်ကတော့ သူကြီးတို့ လျှောက်ထားတဲ့ သက်ကြီးပူဇော်ပွဲ ကိစ္စတွေကို ဆရာလေးကို မိန့်ကြားပြီး ကန်တော့ချိုး ရေးဖို့ နဲ့ သက်ကြီးပူဇော်ပွဲ မှာ ကန်တော့ချိုး တိုင်ဖို့ ကို ဆရာလေး ကို တာဝန်ယူခိုင်းလိုက်တယ်။ ကိစ္စပြီးကြတော့ သူကြီးနဲ့ ရွာလူကြီးတွေ နဲ့ အတူ ဆရာလေး ကိုကြည်နိုင်လည်း ပြန်မယ် အလုပ် ဆရာတော်က …

“ဆရာလေး ကိုကြည်နိုင် တခြား အလုပ်ကိစ္စရှိသေးလား”

ဆိုတော့…

ဆရာလေးက

“မရှိ ပါဘူး ဘုရား ”

“အိမ်း ဒါဆိုလည်း ဆရာလေး ကိုကြည်နိုင် ခဏလောက် ကျန်နေခဲ့ပါဦး သူကြီး တို့ တော့ ကိစ္စရှိတာ လုပ်ကြပါ” ဆိုတော့… သူကြီးတို့လည်း ပြန်သွားကြတယ်…။ ဆရာလေး ကိုကြည်နိုင်ကတော့ ကျောင်းရှေ့က ခုံတန်းလျားမှာ ငုတ်တုတ်လေး ကျန်ခဲ့တာပေါ့။ 





**************************************************

“ဒကာလေး ကိုကြည်နိုင်ကို ဘုန်းကြီး တစ်ခုလောက် မေးချင်တယ်”

ဆိုပြီးဘုန်းကြီး ကမိန့်တော့ ဆရာလေးလည်း ရုတ်တရက် တောင်စဉ်ရေမရ တွေးနေရာကနေ ရုတ်တရက် တွန့်သွားတယ်။ ပြီးမှ


“တင်ပါ့ ဘုရား မေးပါဘုရား”


“ဒကာလေး ကိုကြည်နိုင် အနေနဲ့ ကျောင်းဆရာ လုပ်သက် ဘယ်လောက်ရှိပြီလဲ”


“သုံးနှစ်ပါဘုရား မြို့မှာက နှစ်နှစ် တာဝန်ထမ်းဆောင် ခဲ့ပါသေးတယ်ဘုရား”

“ သြော်..ဒီလိုဆိုတော့ ဒီရွာမှာက တစ်နှစ် ရှိပြီပေါ့…။ ဒါနဲ့ ဆရာလေး အနေနဲ့ ယမကာ မှီဝဲ တာတွေ ရှိလား”

ဘုန်းကြီးက ရုတ်တရက် ထမေးတော့ ဆရာလေး ကိုကြည်နိုင် ရှိန်သွားတယ်…မဖြေလို့လည်း မဖြစ်ပြန် ဘုန်းကြီးကိုလည်း မလိမ်ချင်တာကြောင့်..


“တင်ပါ့ ဘုရား မှီဝဲဖြစ်ပါတယ်။” ဆိုပြီး ဆရာတော်ကို မော့ဖူးတော့ ဆရာတော်က သူ့ကို တည်တည် ကြည့်နေတာ တွေ့တော့ မျက်လွှာပြန်ချသွားတယ်။


ဆရာတော် က ဆက်ပြီး…

“ဘုန်းကြီးအနေနဲ့ ကတော့ ဆရာလေး ကိုကြည်နိုင်လို့ ကျောင်းဆရာမျိုးကို ဒီလို သေရည်အရက်နဲ့ တပူးတွဲတွဲ ဖြစ်နေတာကို မဖြစ်စေချင်ဘူး။ ဒါက ဘုန်းကြီးရဲ့ ဆန္ဒပါ။ ဆရာလေး အနေနဲ့ ဒီရွာကလေးက ကလေးတွေကို လာရောက် ပညာသင်ကြားပေးတာကိုက ဘုန်းကြီးတို့ တစ်ရွာလုံးအပေါ်မှာ ကျေးဇူးတွေ များလှပါပြီ။ ဆရာလေး ရောက်လာမှ ကျောင်းသားတွေ စာတွေ လုပ်ကြတယ်။ လိမ္မာသိတတ်လာကြတယ် ဆိုတာလည်း ဘုန်းကြီး နားကိုရောက်ပါတယ် ကြားရပါတယ်။ ဒါပေမယ့် ကလေးတို့ကို စာသင်ပြပေးနေတဲ့ ဆရာလေး အနေနဲ့ သေရည်အရက်နဲ့ ပေါင်းဖက်နေတာကတော့ ဘုန်းကြီး စိတ်မှာ ဘ၀င်မကျလှဘူး။ ဆရာလေး အနေနဲ့လည်း ရှေ့ဆက်ပြီး အောင်မြင်တိုးတက်ဖို့ အခွင့်အရေးတွေ ရှိလိမ့်ဦးမှာပါ။”


လို့ ဘုန်းကြီးက ဆက်တိုက် လည်း မိန့်ရော ဆရာလေး က နဂိုမျက်လွှာချရာကနေ ခုံပေါ်ကို လက်တဖက်ထောက်ရင်း ခေါင်းကိုတွင်တွင်ကြီးငုံ့ထားတယ်။ ရှည်လျှားနေတဲ့ နဖူးကဆံပင်တွေကြောင့် ဆရာတော်တောင် ဆရာလေးမျက်နှာကို သေချာမမြင်ရဘူး။


ဒါနဲ့ပဲ ဘုန်းကြီးက ဆက်ပြီး…..

“ဆရာလေးလည်း ဗုဒ္ဓ ဘာသာပဲ မဟုတ်လား ” ဆိုတော့ ဆရာလေးက ခေါင်းငုံ့ထားတဲ့ အတိုင်း ခေါင်းငြိမ့်ပြတယ်။

“ဗုဒ္ဓ ဘာသာ ဆိုရင် ဆရာလေးလည်း သိမှာပါ ဘုန်းကြီးတို့ ဘာသာမှာက ငါးပါးသီလ ကိုလုံခြုံအောင် စောင့်ထိန်းဖို့ အဆုံးအမ ရှိကြတယ်။ ငါးပါးသီလမှာ သေရည်အရက်ကို မသောက်သုံးဖို့ တားမြစ်ထားတာလည်း ရှိပါတယ်၊ သေရည်အရက် ကိုသောက်သုံးပြီး သူရာမေရယ ကံ ကျိုးပေါက်တာနဲ့ ကျန်တဲ့ ကံလေးပါးလည်း ကျိုးပေါက်နိုင်တာ မို့ ဆရာလေး ကို သေရည်အရက်ကို ရှောင်ကျဉ်စေချင်တယ်။ အခုလို ဘုန်းကြီးပြောရတာလည်း ဘုန်းကြီးတို့ ရွာရဲ့ကလေးတွေ ပညာရေးကို ကောင်းမွန်စွာ သင်ကြားပေးနေတဲ့ ဆရာလေးရဲ့ ကျေးဇူးကို ဆပ်တဲ့ သဘောပါပဲ။ ” ဆိုပြီး ဆရာတော် မိန့်လိုက်တော့ ဆရာလေးလည်း လက်အုပ်ချီပြီး…

“တင်ပါ့ဘုရား”

ဆရာလေး ကိုကြည်နိုင် ပြောလိုက်တဲ့ စကားသံက တိမ်ဝင်သွားတယ်။ ပြီးတော့ ဆံပင်တွေ ကိုသပ်တင်လိုက်တယ်..။ ဆံပင်တွေ အောက်က ဖုံးနေတဲ့ မျက်နှာက မျက်ရည်ဝိုင်းနေတဲ မျက်လုံးအစုံနဲ့။ လက်ဖမိုးနဲ့ မျက်ရည်ဝိုင်းနေတာတွေကို သုတ်လိုက်တယ်။ ပြီးတော့မှ…

ဆရာတော် ရဲ့ ဆုံးမစကားတွေကို ငြိမ်သက်စွာ နာယူတယ်။ ဆရာတော်က ဆရာလေးကို ပြန်ခွင့်ပြုတော့မှ ဆရာလေးကိုကြည်နိုင် ဘုန်းကြီးကျောင်းဝင်းထဲကနေ ထွက်ပြီး ရွာလမ်းမတစ်လျှောက် ဖြည်းညှင်းစွာ လမ်းလျှောက်ရင်း ပြန်ခဲ့တယ်။ ညနေ တော်တော် မှောင်သွားချေပြီ။ လသာရက်မို့ သိပ်ပြီးမမှောင်။ 





***************************************************************


ဒီနေ့ကတော့ ကျူပင်စု ကျေးရွာလေးရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်ကြီးရွယ်အို ဘိုးဘွား ပူဇော်ပွဲ ကျင်းပတဲ့ နေ့ပေါ့။ မြို့မှာ ကန်တော့ ခံ ပစ္စည်းသွားဝယ်ကြတဲ့ ဘဏ္ဍာရေးမှူး ကိုဝင်း တို့ အုပ်စုလည်း ပြန်လာပြီး ကန်တော့ ပစ္စည်းတွေကို သေချာ ထုပ်ပိုးပြင်ဆင်ထားကြပြီ ၊ လူပျိုကာလသားတွေကလည်း ကန်တော့ပွဲပြီးတဲ့အခါ အတီးအမှုတ်အတွက် ပြင်ဆင်ထားကြ ၊ ရွာသူ တွေကလည်း လိုအပ်တဲ့ ကိစ္စတွေကို ကိုယ်စီ ပြင်ဆင် နေကြ ၊ သူကြီးတို့ လူကြီးတွေကလည်း ကောက်ထားတဲ့ သက်ကြီးရွယ်အို စာရင်းအရ အပူဇော်ခံမယ့် သက်ကြီး ဘိုးဘွားတွေ လာရောက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးနေကြနဲ့ အလုပ်ရှုပ်နေကြတာပေါ့။ ဒီလိုနဲ့ သက်ကြီးဘိုးဘွားပူဇော်ပွဲ အချိန်က နီးကပ်လာတော့ ဘိုးဘွားတွေလည်း စုံလင်ပြီ ကန်တော့ကြမယ့် တပည့် သားမြေး တွေနဲ့ ရွာခံလူငယ် လူရွယ်တွေလည်း မဏ္ဍပ်ထဲမှာ စုံလင်သလောက်ရှိပြီ။ ကန်တော့ကျိုးရွတ်မယ့် ဆရာလေးကိုကြည်နိုင်မရောက်သေးတာ သိပြီးတော့ သူကြီးက ကာလသားခေါင်း လှမိုးကို ခေါ်ပြီးတော့ မေးတယ်..

“ဟေ့ကောင် လှမိုး ဆရာလေးကိုကြည်နိုင်ရောက်တာ မတွေ့ဘူးလားကွ” ဆိုတော့..


“ဟုတ် သူကြီး ဒီကို ရောက်လာတာတော့ မတွေ့သေးဘူး။ သူကြီးအိမ်မှာ များရောက်နေလား မသိဘူး” ဆိုပြီး ပြန်ပြောနေတုန်း


“ကိုလှမိုး ကန်တော့ငွေထည့်မယ့်စာ အိတ်တွေ ကော်နဲ့ ပိတ်ဦးမှာလား”

ဆိုပြီး တစ်ယောက်ယောက်က လှမ်းအော် ပြောတာနဲ့ လှမိုးလည်း သူကြီးရှေ့ကနေ အပြေးအလွှား အသံကြားတဲ့ ဘက်ကို ထွက်သွားတယ်။ သူကြီးလည် လည်တဆန့်ဆန့်နဲ့ ဆရာလေးကို မျှော်လို့ပေါ့။ အိမ်ကို လိုက်ပြီး ကြည့်ဖို့အတွက် ကလေးတစ်ယောက်ကို လွှတ်လိုက်တယ်။ ဆရာလေးကိုကြည်နိုင် ရောက်နေရင် မဏ္ဍပ်ကိုပဲ လာခဲ့ခိုင်းဖို့ပေါ့။ ဒါပေမယ့် လွှတ်လိုက်တဲ့ ကလေး ပြန်ရောက်လာတယ် ဆရာလေးကိုကြည်နိုင် သူကြီးအိမ်မှာမရှိဘူးပေါ့။ ဒီလို နဲ့ ကန်တော့ ခံမယ့်  ဘိုးဘွားတွေလည်း စုံလာတယ်။ လူတွေလည်း မဏ္ဍပ်ထဲ စုံလို့ ကန်တော့ချိုး ရွတ်ပြီး ကန်တော့ ကြဖို့ အချိန်ရောက်လာတော့ သူကြီးလည်း စိတ်မရှည်တော့ပဲ။ ကိုလှမိုးတို့ ကာလသား အဖွဲ့ထဲက ကာလသား တစ်ယောက်ကို ဆရာလေးရဲ့ ကျောင်းကို အခေါ်လွှတ်ဖို့လုပ်မှ သက်ကြီးပူဇော်ပွဲ လုပ်မယ့် မဏ္ဍပ်ရှေ့မှာ လူတစ်ယောက်ရောက်လာ တာကို အားလုံးတွေ့လိုက်ကြရတယ်။

မဏ္ဍပ်ထဲက လူတွေ အကုန်လုံး “ဟာ” ခနဲ “ဟင်” ခနဲ ဖြစ်သွားတယ်။ ဆရာလေး ကိုကြည်နိုင် ရောက်လာပြီ။ အချိန်က ကပ်နေပြီမို့ ဆရာလေးလည်း နေရာယူကာ ပါလာတဲ့ ကန်တော့ကျိုး စာရွက်လေးကို ထုတ်ပြီး အသင့်ပြင်လိုက်တယ်။

အခုတော့ ကျူပင်စု ရွာကလေးရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲက စတင် ကျင်းပနေပြီ ဖြစ်တယ်။ မဏ္ဍပ်ထဲမှာတော့ ရွာခံလူတွေ ၊ လူပျို ၊ အပျို ကာလသားသမီးတွေ ကို ဦးဆောင်ပြီး လည်ကတုံး အဖြူ စတစ်ကော်လာ ၊ ကချင် ပုဆိုး နဲ့ ဆံပင်ကို တိုတိုပါးပါး ဆင်ယင်ထားတဲ့ သန့်ရှင်းသပ်ရပ်တဲ့ ပုံစံနဲ့ လူငယ် ကျောင်းဆရာ လေး ကိုကြည်နိုင်က ကန်တော့ချိုး ကို ရှေ့က တိုင်ပေးနေပါပြီ။ 



***********************************

နောက်နေ့မနက်ကစလို့ ရွာထဲမှာ ဆရာလေး ကိုကြည်နိုင် သတင်းက ပြောမဆုံးဘူး။ ဆရာလေးရဲ့ ပုံစံတွေ ပြောင်းသွားတဲ့ အကြောင်းကိုပေါ့။ သက်ကြီးပူဇော်ပွဲနေ့က ဆရာလေး ဆင်မြန်းလာတဲ့ ပုံစံကို လူပျိုကာလသားတွေကလည်း သဘောကျလို့မဆုံး။ လူကြီးတွေကလည်း ဒီလိုမျိုး ဖြစ်သင့်နေတာ ကြာပြီဆိုပြီး ပြောကြပေါ့။ 



အထူးခြားဆုံးကိစ္စတစ်ခုလည်း ရှိသေးတယ်။ ဒါကတော့ ကာလသားခေါင်း ကိုလှမိုးတို့ အတွက်ကတော့ ကသိကအောက် နိုင်စရာပဲ။ ဒါပေမယ့် ကိုလှမိုးတို့လည်း ဆရာလေးအတွက် ၀မ်းသာကြည်နူးမိကြတယ်။ သက်ကြီးပူဇော်ပွဲ ပြီးလို့ နောက်တနေ့ ညနေပိုင်း ဆရာလေး တယောထိုးသံ ပြတ်တောင်း ပြတ်တောင်းလေးကြားရတော့ ကိုလှမိုးတို့ ကာလသား အုပ်စုလည်း ဆရာလေး ရှိရာသွားတော့ ကိုလှမိုးတို့ တအံတသြ ဖြစ်ခဲ့ကြရတယ်။ အခါတိုင်းဆို ဆရာလေး နဲ့ အတူတူ ယမကာလေး မော့လိုက် သီချင်းလေး ဆိုလိုက် ။ အဲဒီနေ့က ဆရာလေး အရက်ဖြတ်လိုက်ပြီး ကြားတော့ ယူလာတဲ့ပုလင်းတွေတောင် မသောက်ဖြစ်ကြတော့ဘူး။ သီချင်းလေး တစ်ပုဒ် နှစ်ပုဒ် ဆိုပြီး နေလို့ အဆင်မပြေတာနဲ့ ကာလသားတွေလည်း စောစော ပြန်ခဲ့ကြတယ်။



****************************

အခုတော့ ကျူပင်စုရွာကလေးက ဆရာလေးကိုကြည်နိုင် ကျောင်းဆရာပီသစွာ
သိမ်သိမ်မွေ့မွေ့လေး နေတတ်ပြီ။ ကျောင်း စာသင်ချိန်တွေမှာလည်း သပ်သပ်ရပ်ရပ်ဝတ်လို့ ဆံပင်တွေ မုတ်ဆိတ်တွေ ၊ နှုတ်ခမ်းမွေးတွေလည်း ရိတ်သင်လို့ အရင်ကထက် ပိုပြီး ကြည့်ကောင်းလာတယ်။ ကျောင်းသားတွေကလည်း ဆရာလေးကို အရင်ကလို အရက်ခိုးတွေကြောင့် မျက်ထောက်နီနဲ့ ကြည့်တတ်တဲ့ လူဆိုးကြီးလို့ မထင်တော့ပဲ ပိုပိုပြီး သံယောဇဉ်ဖြစ်ပြီး တွယ်တာလာကြတယ်။ ကျောင်းသားတွေ ပိုပြီး သက်သာရာရတာကတော့ ဆရာလေး ကိုကြည်နိုင် စွန့်လွှတ်တဲ့ အထဲမှာ ကြိမ်လုံးလည်းပါတယ်။ ကျောင်းသားတွေကို ရိုက်နှက်ခြင်းထက် သဘောပေါက်နားလည်အောင် လမ်းညွှန်ပြောပြခြင်းက ပိုကောင်းတယ် ဆိုတာ ကို ဆရာတော်ကြီး ကြောင့် သူသိခဲ့ပြီလေ။ 



ကျောင်းသားတွေကို လာကြို လာပို့ လုပ်ကြတဲ့ ရွာခံ လူတွေ များ ကျောင်းခန်းထဲက ဆရာလေး ကိုကြည်နိုင်ကို တွေ့တာနဲ့ စိတ်အေးချမ်းသွားကြတယ်လို့ တောင် ပြောစမှတ်ဖြစ်ခဲ့ကြပြီ။ 




****************************************



ဆရာလေး ကိုကြည်နိုင် တခြားရွာက အထက်တန်း ကျောင်း ကို ပြောင်းရတော့မယ်….

ဆိုတော့…ဘယ်သူမှ စိတ်မကောင်း။ နေလာတာလည်း ကြာပြီ။ တစ်ချို့ သူ့တပည့်တွေဆို လူပျိုပေါက်တွေတောင် ဖြစ်လုပြီ။ သူလည်း ကလေးတွေကို ဘယ်ခွဲချင်ပါ့မလဲ။ ပရိုမိုးရှင်းန် ရတော့ တခြားကျောင်းကိုပြောင်းရတာ။ အဲဒီနေ့က သူရွာကနေ နွားလှည်းလေးနဲ့ ထွက်သွားတော့။ နောက်ကနေ သူ့တပည့်ဟောင်း ကလေးတွေ ငိုသူကငို နဲ့ ဆရာလေး လှည်းပေါ်ပါသွားတဲ့ လမ်းပေါ်မှာ အုပ်စုလိုက်ကြီး။ ဆရာလေး လည်း ကျောင်းသားတွေကို လက်လည်း လှမ်းပြရော အားလုံးပဲ…



“ဆရာလေး…” ဆိုပြီး ပြိုင်တူ အော်ပြီး နောက်ကနေ ပြေးလိုက်သွားကြတယ်….။


ဆရာလေးကိုကြည်နိုင်လည်း၊ မျက်ရည်တွေဝိုင်းလို့ ၊ ရွာပြင်ကို ရေသွားထမ်းတဲ့ လှမိုး တစ်ယောက် အဲဒီအဖြစ်ကို မြင်တော့… လမ်းလယ်မှာ ရေပုံးကြီးထမ်းလို့ ဆရာလေးနဲ့ တပည့် ကျောင်းသားတွေနဲ့ ဖြစ်နေပုံတွေကို ငူငူကြီး ရပ်ကြည့်နေတယ်။


အဲ..ဒီမှာ...ရွာပြင် လှည်းလမ်းပေါ်ကို ကလေးတစ်ယောက် ပြေးထွက်လာပြီး ကျောင်းသားအုပ် နောက်ကနေ ပြေးလာတယ်…အဲဒီကလေးက ကျောင်းတက်ဖို့ အဆင်မပြေလို့ဆိုပြီး ဆရာလေးကိုယ်တိုင် ထောက်ပံ့နေတဲ့ မောင်တိုးဝေ ။ ဖြစ်ချင်တော့…ကလေးအုပ်မှာ နောက်ဆုံးကနေ တုတ်တချောင်း ကိုင်ပြီး ပြေးလာတဲ့ က မောင်တိုးဝေ တစ်ယောက် ချော်လဲပါလေရော...။ ကလေးက အရှိန်နဲ့ ပြေးနေရာကနေ ဟန်ချက်ပျက်ပြီး လဲတာဆိုတော့ ပြင်းပြင်းထန်ထန်ကို လဲသွားတာ..။ လက်ထဲမှာ ကိုင်ထားတဲ့ တုတ်ချောင်းတောင်မှ လွတ် ထွက်သွားတယ်။ အိပဲ့ အိပဲနဲ့ သွားနေတဲ့ လှည်းအပေါ်စီး ကနေ အဲဒါကိုလည်း မြင်ရော နွားလှည်းပေါ်ကနေ ဆရာလေး ကိုကြည်နိုင် ဘာမပြော ၊ ညာမပြောနဲ့ ခုန်ဆင်းတာ မှောက်ရားထိုး လဲကျပါလေရော အဲဒီမှာ ဆရာလေးလည်း ဒူးတွေ လက်တွေ ပွန်းပဲ့ကုန်တာပေါ့ ။ အဲ့ဒါကို ကမန်းကတန်းပြန်ထပြီး ခုနက လဲနေတဲ့ မောင်တိုးဝေ ကလေးရှိတဲ့နေရာကို သွားပြီး ….


"သား ဘာဖြစ်သွားလဲ..."

ဆိုပြီးမေးတော့ မောင်တိုးဝေက ပြန်မေးတယ်။

“ဆရာကြီးရော...ဘာဖြစ်သွားသေးလဲ” တဲ့...။


ခုနက နောက်ကနေ ပြေးလိုက်လာတဲ့ ကလေးအုပ်ကတော့ ဘေးနားကနေ ၀ိုင်းအုံလို့…။

ဆရာလေးလည်း ပြာပြာသလဲပဲ …

“ဆရာကြီး ဘာမှ မဖြစ်ပါဘူး သားရယ်…နောက်ကနေ ဘာလို့ အတင်းပြေးလိုက်လာရတာလဲ…သားမောနေမှာပေါ့….”

အမှန်တော့ ဆရာလေး ကိုကြည်နိုင်လည်း တော်တော်လေးကို အီစိမ့်သွားတယ်…လှည်းက ဖြည်းဖြည်းမောင်းနေပေမယ့် ရုတ်တရက် ခုန်ချလိုက်တာဆိုတော့ ၀တ်ထားတဲ့ အင်္ကျီလည်ကတုံးရဲ့ တံတောင်ဆစ်နေရာမှာလည်း မြေကြီးတွေ ပေလို့။ မှောက်ရားထိုး လဲကျတယ်ဆိုတော့ အဲဒီမြေကြီးပေနေတဲ့ နေရာမှာလည်း ပွန်းပဲဒဏ်ကြောင့် သွေးစို့လို့ရယ်…

“ဆရာကြီး အင်္ကျီမှာ သွေးတွေနဲ့” ဆိုပြီး ကလေးအုပ်ထဲက တစ်ယောက်က ဆိုပြီးပြောတော့…

“ရတယ်..ဘာမှမဖြစ်ဘူး ဆရာကြီး နည်းနည်းလေးဖြစ်တာ…သားနောက်ကနေ မလိုက်ခဲ့နဲ့တော့နော် အဝေးကြီး ဆက်သွားရဦးမှာ…”

လို့ ပြောတော့…

လဲကျတဲ့ မောင်တိုးဝေ လေးက …

“သား ဆရာကြီး မေ့ကျန်ခဲ့တာ ကိုလိုက်ပေးမလို့ နောက်ကနေ ပြေးလာတာ…”

လို့လည်း ပြောရော ဆရာလေး ကိုကြည်နိုင်လည်း အံ့အားသင့်သွားတယ်။ ပြီးတော့ နောက်လှည့်ပြီး လှည်းပေါ်က သူ့ အိတ်ကို တလှည့် ၊ ဘေးနားက ၀ိုင်းအုံကြည့်နေတဲ့ ကျောင်းသားတွေကို တလှည့် ၊ သူ့ရှေ့မှာ ပေရေပွနေပြီး ထိုင်နေတဲ့ မောင်တိုးဝေ ကို တလှည့် ကြည့်တယ်…ပြီးတော့မှ…

“ဆရာ ဘာကျန်ခဲ့လို့တုန်း…” ဆိုပြီး မေးတော့…

မောင်တိုးဝေ လေးက သူထိုင်နေတဲ့နားက မြေပြင်ကို လိုက်ကြည့်တယ်…၊ ဘယ်ဘက်ကို ကြည့်တယ်…ပြီးတော့…ညာဘက်ကို ကြည့်တယ်….အဲ့လိုလည်း ကြည့်ရော…ဘေးနားက ၀ိုင်းအုံနေတဲ့ ကျောင်းသားတွေ နည်းနည်းရှဲ သွားကြတယ်…။

ထိုင်နေတဲ့ ကလေးက ဘယ်ကြည့်ညာကြည့်လုပ်ပြီး သူ့အနောက်ဘက် မရောက်တရောက်မှာ ရှိတဲ့ တုတ်ကိုယူပြီး သူ့ရဲ့ လက်သေးသေးလေးနဲ့ တစ်ချက် ခါပြီး ဆရာကြီးကို လက်နှစ်ဖက်နဲ့ပေးတယ်…

ပါးစပ်ကလည်း…


“အမေက ပြောတယ်…ဆရာကြီးသွားခါနီး သွားကန်တော့လိုက်ဦးလို့ပြောလို့ ကျောင်းကိုသွားတော့ ဆရာကြီးက မရှိတော့ဘူး။ အဲ့ဒါနဲ့ ကျောင်းခန်းထဲမှာ တွေ့လို့ ဆရာကြီးကို လိုက်ပေးတာ…” လို့ပြောလိုက်တယ်….

ဆရာလေး လက်ထဲမှာကတော့….ကလေး လေးလိုက်ပေးတဲ့…မျှင်မျှင်သေးသေး ကြိမ်လုံးနှစ်လုံးပူးပြီး သားရေပင်တွေနဲ့ ချည်ထားတဲ့ ရွာကကျောင်းသားတွေ ကြောက်တဲ့ နှစ်လုံးပြူးကြိမ်…။ 



ကျော်ညိုသွေး

gravatar

ကျွန်မတို့နိုင်ငံမှာ ပထမကိုကြည်နိုင်ထက် ပြောင်းသွားတဲ့ ဒုတိယကိုကြည်နိုင် လိုလူမျိုးတွေ အများကြီးရှိရင် သိပ်ကောင်းမှာပဲ။


ခင်မင်လေးစားလျက်

gravatar

ဒီလိုမျိုးလေးရေးတော့လည်း ဖတ်လို့ကောင်းတာပါဘဲ။ ကဗျာဆရာ ဝထ္တုတိုနဲ့ ကဗျာရောရောပြီးရေးရင်ပိုကောင်းမယ်ထင်တယ်။

gravatar

လာတယ် ဆရာလေး ကိုကြည်နိုင်း)