မင်းကဗျာက ငါ့ဆီကြေးနန်းရိုက်တဲ့အခါ ဒီညနေမှာ ငါဟာ တဖန်ပြန်လည် နိုးထလာခဲ့ ပေါ့
မင်းကဗျာက ငါ့ဆီကြေးနန်းရိုက်တဲ့အခါ ဒီညနေမှာ ငါဟာ တဖန်ပြန်လည် နိုးထလာခဲ့ ပေါ့
အဲဒီကဗျာကို မင်းရေးတုန်းက အခြေအနေကို ငါ ခန့်မှန်းမိတယ်။
မင်းရဲ့ကဗျာဟာ လွင့်နေမျောနေပေါ့ တိမ်တစ်စလို
တောင်ထိပ်ပေါ်မှာ တွေ့နေရတဲ့ တိမ်ခိုးဟာ လက်နဲ့ ဖမ်းဆုပ်ဖို့တော့ မလွယ်
ကမ္ဘာမကျော်တိုင်း စာမတော်ဘူးလို့ ပြောမရသလို စာတော်တိုင်းလည်း ကမ္ဘာမကျော်တာ
ငါသိပါတယ်လေ…။
ရည်းစားစာ ဆန်တဲ့ ကဗျာလို့ လူတွေက ပြောကြပေမယ့်
မင်းဖြစ်ခဲ့တဲ့ အကြောင်းတွေနဲ့ မင်းပျိုးခဲ့တဲ့ စိမ်းလန်းမှုတွေ
တွေ့တယ်… တွေ့မိတယ်။
အဲဒီကဗျာကို ရေးတုန်းက မင်းဟာ တစ်ယောက်တည်း ရှိနေခဲ့တယ်။
ဒါလည်း … ငါ့ဘာသာ ငါခန့်မှန်းတာပါလေ…
ဟုတ်မယ်ထင်တယ်။
လောကကြီးနဲ့ မင်းနဲ့ အဆက်အသွယ် ပြတ်နေသလိုပါပဲ။
ဟိုးဝေးဝေး ကို မျှော်ကြည့်တိုင်း
လှမ်းဖမ်းဆုပ်တိုင်း မမိအောင် လွတ်ထွက်သွားတတ်တဲ့ ဆောင်းပိုးကောင်တွေ လေထဲ ရပ်တန့်နေသလို
စကားလုံး ၊ စကားစုတွေဟာ မင်းရှေ့မှာတင် လှောင်ပြောင်သရော်နေကြပေါ့။
တခါတလေလည်း…
ရပေါက်ရလမ်းကနေ ကိုင်ဆောင်မိတဲ့ ပျော်ရွှင်မှု ငွေအကြွေတွေ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ပေါ့…
မင်းဟာ တနေရာရာကို ရောက်သွားတယ်…
လူတွေ ကြားထဲမှာပေမယ့် အစားအသောက်တွေနဲ့ သူစိမ်းဆန်နေခဲ့ပေါ့…
ဒါပေမယ့် မင်းဟာ “အိပ်မက်ထဲက မင်းကို မင်းက ပြန်ပြီး မြင်နေရသလို” ခံစားနေရပြီး
ဒါဟာလည်း ငါ့အထင်ရောက်မှုပါပဲ။
အလုပ်ထဲမှာလည်း အလုပ်ထဲမှာပဲပေါ့
သွားကြားက စားပြီးသား အသားစဟာ လျှာကို လှောင်ပြောင်နေသလိုမျိုး
ဒီနေ့အလုပ်ကို မနက်ဖြန် လုပ်ဖို့ စဉ်းစားတိုင်း
“ဒီနေ့အလုပ်ကို မနက်ဖြန် မရွှေ့နဲ့” စာသားကိုမြင်တိုင်း
ရင်ထဲက အဆုပ်လိုက်ပွင့်နေတဲ့ ငုဝါရောင် အဖျားတွေ လည်း ခေတ္တရွှေ့ဆိုင်းရဆဲ
ညကျရင် ဖျားမယ့် အဖျားဟာ နား အနား ကပ်လို့ ခြင်လို အော်နေတာပေါ့
တနည်းမဟုတ် တနည်းတော့ မင်းယုံကြည်ရာ တစ်ခုခု ရှိခဲ့မှာ သေချာပါတယ်။
တံခါးပေါက်တွေ ကြားထဲက မျက်လုံးတစ်စုံကများ မင်းကို စောင့်ကြည့် နေမလား
ရန်ကုန်မြို့ထဲမှာ မင်း လှမ်းကြည့်လိုက်တဲ့ တိုက်အမြင့်ဆီက မင်းကို မြင်နေတဲ့ မင်းမျက်နှာရုပ်ပုံကို
တွေ့တယ်။
မင်းအပြုံးဟာ မင်းနှလုံးနဲ့ ဟာမိုနီ ပျက်နေပေါ့။
မှတ်ပုံတင်ထဲက နာမည်နဲ့ မင်းစိတ်ကြိုက်ရွေးထားတဲ့ နာမည်ကို စာရွက်ပေါ်မှာ ချရေးတဲ့အခါ
အဲဒီနာမည် နှစ်ခုထဲက ဘယ်သူဟာ မင်းလဲ
မင်းကိုယ်တိုင် မသိတော့ဘူး။
အကသမားလေးတွေရဲ့ ပြောင်မြောက်တဲ့ ကကွက်ဆန်းတွေနဲ့
အော်ခတ်စထရာ တီးဝိုင်းတစ်ခုရဲ့ လေးနက်တဲ့ အချစ်သံစဉ်ဆန်းတွေ အကြောင်း
မင်း ဘယ်သူ့ကို သွားပြောပြရပါ့မလဲ တွေးတယ်။
ပန်းကျစေချင်ပေမယ့် ခေါင်းချည်းပဲ ကျနေတတ်တဲ့ ကိစ္စကိုလည်း တွေးတယ်။
အ၀တ်အစားတွေဟာ မင်းအတွက် ၀န်ထုပ်ဝန်ပိုးတွေပဲ
မင်းဟာ … မင်းသိပ်ကြိုက်တဲ့ ဂျင်းန်ပင် တွေကိုတောင် လစ်လျူရှုထားလိုက်တော့တယ်။
မင်းအကြိုက်ဆုံးသီချင်းစာသား အကြောင်းနဲ့
မင်းသဘောကျတဲ့ ကိုယ်ဟန်ပြမယ် လေးကိုလည်း
ဘယ်သူ့ကို ပြောပြရမလဲ။
မင်းကြိုက်တဲ့ သီချင်းဟာ မင်းမကြိုက်တဲ့ ဟင်းလို ခံတွင်းပျက်နေခဲ့
ဂျာနယ်ထဲက သေကြောင်းကြံစည်မှုသတင်းဟာ မင်းနှလုံးသားထဲ လှည့်ပတ်နေခဲ့
မင်းဟာ ရုပ်ရှင်ဆန်ဆန်တွေးကြည့်တယ်။
မင်းဟာ ၀ထ္ထုတစ်အုပ်စာ ရူးသွပ်သွားတယ်…
ဒါပေမယ့်…
မင်းဟာ မင်းရဲ့ မိသားစုမှာ သားကြီး သြရသ ဖြစ်တာကြောင့်
အရူးစိတ်ကို မီးရှို့ပစ်လိုက်တယ်။
စိတ်ထဲက အချမ်းဟာ အခုထိတုန်ရင်နေတုန်းပေါ့…
မင်း တက်ကြွလာခဲ့တဲ့ တလျှောက်လုံး အကြောင်းတွေ
တနေ့လုံး မင်းစဉ်းစားပြီး ရေးလိုက်တာ
အဲဒီ ကဗျာပဲ….
ဒီလို ဆောင်းနှောင်းရွက်တွေ နဲ့ ပြည့်နှက်နေတဲ့ အိမ်ကလေးထဲမှာတော့
ညနေခင်းဟာ မင်းကဗျာတပိုင်း တစ်စ ကို ရွတ်ဆွိုနေမိတော့တယ်။ ။
ကျော်ညိုသွေး
Comments