ကြယ်ငေးသူ


ကြယ်ငေးသူ


လက်ရှိမှာ ပြန်တွေးကြည့်တော့
ဘ၀မှာ ဘယ်လို နေထိုင်လာခဲ့သလဲဆိုတာ မမှတ်မိတော့ပါဘူး။
ထို့အတူပါပဲ…
ဘယ်လို အိပ်မက်မျိုးတွေ မက်ခဲ့သလဲဆိုတာလည်း
မမှတ်မိတော့ပါဘူး။
ဘ၀ဟာ အိပ်မက်မဟုတ်ဘူးလို့
ဟန်ဆောင်ပြီး အကြိမ်ကြိမ်အော်ခဲ့ဖူးတာလည်း
အိပ်မက်ဟာ ဘ၀ကို ကြံ့ခိုင်စေဖို့ လေ့ကျင့်ခန်းပေးနေရဆဲပါပဲ။

တချို့အိပ်မက်တွေဟာ ကော်ဖီတစ်ခွက်နဲ့ တူတယ်။
ပူနွေးနေတုန်းမှာ အရသာ ပေါ်လွင်တာ
တချို့အိပ်မက်တွေ ကျတော့ အိုက်စ်ခရင်မ် နဲ့တူတယ်
အေးခဲထားလိုက်မှ အရသာထူးတာမျိုး
ဘ၀ထဲ လျှောက်သွားကြည့်တော့…
မနက်ဖန်တိုင်းဟာ စက်ဝိုင်းရဲ့ ကွေးနေတဲ့ အနားတွေလိုပါပဲ။
အနီးကပ်ဖြောင့်တန်းသလိုထင်ရပေမယ့်
ကွေးကောက်တဲ့ သတ္တိတွေ တရေးရေးနဲ့
မမှတ်မိချင်စရာ ကောင်းလောက်အောင် အဲဒီနေ့ရက်တွေဟာ
အမှတ်တရ ပျော်ရွှင်စရာ ပျင်းရိဖွယ် သစ်ရွက်များ။

အိပ်မက်တွေဟာ…
အိပ်စက်နေတုန်းမှာ ဖြစ်ပေါ်ပြီး
အိပ်စက်နေတုန်းမှာပဲ ပျော်ဝင်သွားကြတာပဲ။
တစ်ကယ့် လက်တွေ့မှာတော့…
မက်ခဲ့တဲ့ အိပ်မက်တွေအကြောင်းကို တခြားသူတွေဆီ
ပြန်ပြောပြတတ်တဲ့ သူတွေနဲ့
မက်ခဲ့တဲ့ အိပ်မက်အကြောင်းကို တစ်ကိုယ်ရည် ပုံဖော်ပြီး
ဘယ်သူ့ကိုမှ ပြန်မပြောပြတတ်တဲ့ သူတွေလည်း ရှိကြပေါ့။

အဲဒီထဲမှာမှ…
မိမိမက်ခဲ့တဲ့ အိပ်မက်ကို တခြားသူတွေကို ပြောပြချင်တဲ့
ပြောပြတတ်တဲ့ သူ ဖြစ်ခဲ့ပေါ့။

အိုသွားတဲ့သစ်ရွက်တွေရဲ့ မျှော်လင့်ခြင်းနဲ့
ကြီးရင့်သွားတဲ့ ပန်းပွင့်တွေရဲ့ ကြည်လင်တဲ့ အတွေးအခေါ်ဟာ
ဘာများပါလိမ့်။

ဘ၀ကို ၀တ်ရုံသစ် ထွင်ဝတ်တဲ့ သူများနဲ့
ဘ၀လမ်းဟောင်းမှာ သေသပ်စွာ လျှောက်လှမ်းနေကြသူတချို့လည်း
မနက်ဖြန် ဦးထုပ်ကို ဆောင်းနေကြဆဲပေါ့။

ခွန်အားလေး တစ်စုံတရာအတွက်
လူတချို့ရဲ့ အိပ်ကပ်များထဲမှာ
ငွေအကြွေများ ၊ လိပ်စာကဒ်များ ၊ တန်ဖိုးကြီး အဝေရာများ
စက္ကူဖြူများ ၊ လက်ဖက်ရည် ဖန်ချိုများ ၊ ၀ိုင်နီနီများ
နှင်းဆီဖြူပန်းများ ၊ စတော်ဘယ်ရီနှုတ်ခမ်းများ
ဆင်စွယ်ရောင် ဖောရင်းရှပ်များ ၊ ကြည်လင်သော ရနံ့နဲ့ ပန်းသီးနီနီများ
အိမ်ဖွဲ့ခဲ့ရာ…

မျှော်လင့်ခြင်း (      ?        ) များ …. ဆိုခဲ့ရင်
ကွင်းထဲမှာ…
သစ်ပင် ၊ တိမ်တိုက် ၊ လမ်းမ ၊ အိပ်မက်
ရေခိုးရေငွေ့ ၊ သစ်သီး ၊ ရောင်ခြည်တန်း
မွှေးရနံ့ ၊ တေးသံ ၊ အရိပ်အငွေ့ ၊ ပန်းချီကား
စက်ဝန်း ၊ ကြယ်စင် ၊ စက္ကန့် စသည်တို့
အဆင်ပြေသလို ထည့်သွင်း လိုက်ကြပေါ့။         


ကျော်ညိုသွေး

Comments

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး