အဖျား ၂
အဖျား ၂
မောင်ပြောမယ်….
ဒါပေမယ့်
မောင်ချောနွယ်လည်း မဟုတ်လို့
စကားလုံးရွေးချယ်မှုလည်း
အားနည်းတယ်။
တောကြီး မျက်မည်းလို မြို့ပြထဲ
ဝံပုလွေတွေ နဲ့ အဆင်ပြေလည်း
ခဏပေါ့…။
ရှင်ဖို့ ကျန်နေတဲ့ အသက်အပိုင်းအခြားမှာ
ရှုပ်နေတဲ့ ကြိုးတွေ တွေ့တိုင်း
မျက်ဝန်း ၀ိုင်းဝိုင်းတွေနဲ့ ငေးကြည့်ရုံ။
ပုံပြင်ထဲက မင်းသမီးလေးဟာ
မင်းသားလေးကို အပျောက်မခံ
သိပ်ချစ်ရှာသတဲ့ ကွယ်..။
ဒါနဲ့ပဲ…
ကိုယ်ဟာ အလှမ်းဝေးတဲ့ မြို့ရဲ့နာမည်ကို
စာရွက်အလွတ်တွေပေါ်မှာ
ပြွတ်သိပ်နေအောင် ရေးချ
လျှို့ဝှက်သော သံစဉ်ကို လူမမြင်အောင် တီးခတ်နေမိတော့တယ်လေ။
လူတွေ ရှာဖွေမတွေ့ရှိခင်ကတည်းက
ကမာကောင်တွေရဲ့ ရင်ထဲမှာ
ပုလဲ ရတနာတွေ ရှိခဲ့တယ်…။
ဆောင်းဦး ရွက်ကြွေတွေနဲ့
ချစ်သက်သေ မပြနိုင်တဲ့အခါ…
အိပ်ရာထက်က လွမ်းဖျား ဖျားနေတဲ့ ကဗျာစာအုပ်ကလေးအတွက်
မင်းနဲ့ သိပ်တူတဲ့ သက်မွန်မြင့်လည်း မကယ်နိုင်။
ကိုယ်တို့ နှစ်ဦးကြားမှာ
အထင်လွဲခြင်း မိုးတိမ်တွေနဲ့ ရောယှက်နေတဲ့ အငွေ့အသက်
တစ်ယောက်စားတဲ့ ချော့ကလက်မှာ
တစ်ယောက်က လျှပ်ကူးချိုမြိန်နိုင်မှု အစွမ်းအစ
သာဓက ပြလို့ မရတဲ့ ခံစား ပျော်ဝင်နိုင်ခြင်းပါကွယ့်။
မင်းစိတ်မှာ သဘောမတွေ့တဲ့ အရောင်အသွေးနဲ့ ၀တ်ရုံတွေလည်း ဆွေးမြေ့ခဲ့တာ…
ငါ့ဂစ်တာလေးကို အဖြူရောင် သုတ်လိမ်း လိုက်ကတည်းက..။
အိပ်မက်ရဲ့ ဥယျာဉ်ထဲ
တောကစားထွက်မိတဲ့အခါ
တယ်လီဖုန်း လေးတွေလည်း ခွန်အားမဲ့လို့
တယ်လီပသီ နဲ့ ဆက်သွယ်ကြည့်တယ်…
“ဆက်သွယ်မှု ဧရိယာပြင်ပ” တဲ့။
အလိုတောအရ…
မမွှေးနိုင်တဲ့ ပန်းပွင့်တွေ အကြောင်း
စာလုံးပေါင်း မမှားချင်ဘူးကွယ်။
သိုးကလေး တစ်ကောင်လို ဖြူစင်ဖို့
ခွေးကလေးတစ်ကောင်လို သစ္စာရှိဖို့
ကြောင်ကလေး တစ်ကောင်လို မကုတ်ခြစ်ဖို့
သိင်္ဂါရ မောင်းကွင်းလေးကို ၀တ်ဆင်ထားပါရဲ့
ဘယ်ဘက်လက်သူကြွယ်မှာ။
ကမ္ဘာပေါ်မှာ…
ပုံပြင်တွေ အမြောက်အများရှိခဲ့လည်း
ရာဇ၀င်တွင်ဖို့က…
“နိုင်း” လောက်ရှိမှ ဖြစ်မယ်။
သစ်ပုတ်ပင်အောက်က
အချစ်ရုပ်ရှင်တွေလည်း
ဒဏ္ဍာရီတွေထဲ…
နစ်မြုပ်ဝင်ကြတယ်။
တောကြီး မျက်မည်းလို မြို့ပြထဲ…
သမင်လေးတွေနဲ့လည်း ယှဉ်မပြေးချင်
ခြင်္သေ့တွေနဲ့လည်း တမင်မတွေ့ချင်
ကျားရဲတွေနဲ့လည်း ကစားပွဲမလုပ်ချင်
ငှက်ကလေးတွေ ကိုလည်း ရမ္မက်တေးတို့နဲ့ မဖျားယောင်းချင်ဘူးကွယ်။
အကြင်နာမဲ့တဲ့
ဝင်္ကပါ လှည့်ကွက်တွေထဲ
ဝံပုလွေတွေနဲ့
အဆင်ပြေလည်း ခဏပေါ့။
ကိုယ့်အသက်ရှုသံတွေ တွန့်ခေါက်
အော်လ်တာနေးတစ်ဖ် တေးသီချင်းတွေရဲ့ ပြက်ရယ်အောက်မှာ
ကိုယ်ဒူးထောက် ကျတဲ့ အခါ
အသက်ကယ်ဆေး အဖြစ်
ဆက်သွယ်ပေးပါကွယ် … ။ ။
ကျော်ညိုသွေး

Comments