ချောကလက်အက်ဆေး

ချောကလက်အက်ဆေး
gravatar

ချော့ကလက် ချက်တင်


ချော့ကလက် ချက်တင်

“ချစ်တယ်ကွာ” ပြောစို့…
အဲဒီလို ခံစားမှု အပြည့်နဲ့ ကိုယ့်နှလုံးသား သံစဉ်ကို
သီဆိုလိုက်တော့…
ပန်းကလေးတွေ ပေါ်မှာ နားနေတဲ့ လိပ်ပြာကလေးတွေတောင်…
ကျောက်ရုပ် ဖြစ်သွားတယ်။

အနူးညံ့ဆုံးခံစားမှုက
ကိုယ့်နှလုံးသားကို အမြဲနုပျိုစေလျှက်ပေါ့
အချစ်ဆိုတာ..
နှလုံးသား စက်မှုဇုန်ထုတ် ရောင်စုံခဲတံကလေးတွေပါပဲ
တို့ရဲ့ အကြင်နာကို ဆေးရေးချယ်ဖို့။

မင်းလက်ဖျားကလေးကို ထိတွေ့မိကတည်းက
ကိုယ့်နှလုံးသားဟာ
မင်းအမောတွေ ခိုနားရာ အိမ်ကလေး
မင်း အပြုံးတွေ အပ်နှံရာ ဘဏ်တိုက်ကလေး
မင်းကိုယ်သင်းရနံ့ကို ရှုရှိုက်မိကတည်းက
ကိုယ့်စိတ်အလျှင်လည်း တိမ်လို ပေါ့ပါးသွားတော့တယ်။

ဝါဂွမ်းကလေး ၀င်စားတဲ့ မေရေ…
ဒီတစ်ညမှာတော့…
စတော်ဘယ်ရီခင်းနဲ့ တူတဲ့ မင်းနှုတ်ခမ်းပါးလေး
ကိုယ်မော့သောက်တဲ့ ကော်ဖီခွက် နှုတ်ခမ်းမှာ
လာရောက် ခိုနားပါကွယ်။

မင်းရဲ့ သွယ်ပျောင်းတဲ့ အလှကို
ကိုယ်ကဗျာဖွဲ့မိရင်…
အခုထိ ရင်နာနေရတုန်းပဲ
ဘာလို့ဆိုတော့…
ကိုယ့်နှလုံးသား တံဆိပ် ခတ်နှိပ်ထားတဲ့
ဓါးမော့လေး…
မင်းရဲ့ အဖိုးတန် ဓါးအိမ်လေးထဲ မှေးစက်ခွင့်မရသေးလို့လေ။
မင်းရဲ့ ဂန္ထ၀င်ဓါးအိမ်ကလေးကတော့
အမွှေးတဖွားဖွားနဲ့
လှလို့ ပလို့။

မှိုပွင့်နဲ့ တူတဲ့ ကိုယ့် အချစ်တွေကတော့
ရာသီလည် အလွမ်းမိုးရေတွေ စွတ်စိုတိုင်း
ရုန်းကန်လှုပ်ရှား…
အလုပ်များ ကုန်ကြတယ်ကွယ်…။

“ချစ်တယ်ကွာ” ပြောစို့
ကိုယ့်တို့ ရင်ခုန်သံတွေ လျှပ်ကူးချိန်
ကိုယ်တို့ အကြင်နာတွေ ပြောင်မြောက်ချိန်
ကိုယ်တို့ လက်တွေ မြဲမြံနေချိန်
 
“ချစ်တယ်ကွာ” ပြောစို့
ကိုယ်တို့ နှုတ်ခမ်းတွေ စွတ်စို လင်းလက်ချိန်
“ချစ်တယ်ကွာ”
မဟူရာ လွင်ပြင်ထဲ…
ကိုယ်တို့ရဲ့ ကြယ်တွေ လင်းလက်
ကိုယ်တို့  . . . . ကိုယ်တို့  . . .
. . . . . . . . . . . . . . . . . . . . .

. . . . . . . . . . . . . . . . . . . . . ။    

ကျော်ညိုသွေး