Slow Rock

Slow Rock


နင့်ကို ငါမုန်းတယ်။
ဘယ်လောက်ထိ မုန်းသလဲသိလား
တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ
ရင်ထဲက တဆစ်ဆစ်ဖြစ်ပြီး
ဓါတ်အားမျှင်းမျှင်းလေးတွေ ဖြတ်စီးနေသလို။

သွေးသားထဲက
ကျင်နေတဲ့ ခံစားမှုနဲ့
အရမ်းလေးနက်စူးရှတဲ့ ဂီတသံကို တီးခတ်ရတဲ့အခါ
ခံစားမှု မြင့်လာတဲ့ ဂစ်တာသမားတစ်ယောက်ရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာထားက
ဂီတ ရဲ့ သွေးသားထဲ ပြုစားထားခံထားရတဲ့ ခံစားမှု လို။

အဲဒီလို တစ်ကိုယ်လုံး ကို ဂီတ တစ်ခုက
လှည့်ပတ်မွှေနှောက်နေတဲ့ ခံစားမှုအရှိန်နဲ့
စီးဝင်ပူးကပ်ပြီး သွေးတွေထဲ စီးဆင်းနေသလို
နင့်ကိုငါမုန်းတယ်။

အဓိက က မုန်းတယ်
မုန်းတယ်။
ရိုးရိုးသားသားတောင် မဟုတ်ဘူး
ဆန်းဆန်းပြားပြားကို မုန်းတယ်။
အဲဒီလောက်တောင် ဖွဲ့ နွဲ့  ပြီး မုန်းတယ်။

အချစ်တွေကို ကျူးရင့် သီဆိုနေသလို
ငါကလည်း နင့်ကို အနုပညာမှော်ဆန်စွာနဲ့ မုန်းတယ်။
အမုန်းကိုစာဖွဲ့ပြီးတော့တောင် မုန်းတယ်။

ငါ က ဂီတ ကို ဆာလောင်လာတဲ့အခါ
နင့်ကို မုန်းတဲ့ အမုန်းတွေကို
ဖလက်တံရဲ့  တက်ပ် တွေထဲ မြုပ် လို့
တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ခုန်သံနဲ့
ရစ်သမ် ကိုက်ပြီး
စိုက်လိုက် မတ်တပ် မုန်းတယ်။



သိလား

ချစ်တတ်တဲ့ သူက

ကိုယ်ချစ်တဲ့ သူဆီက အချစ်တွေ တမ်းတ

အလွမ်းတသသ နဲ့

အချစ် အကြင်နာတွေ
မျှော်လင့်သလို
ငါကလည်း နင့်ကို သိပ်မုန်းတော့

နင့် အမုန်းတွေ မျှော်လင့်တယ်။

အချစ်ဆုံးကို ဘယ်တော့မှ မေ့မရတော့မယ့်

အဖွဲ့။



အဲဒီလို

ငါ့သိပ်မုန်းရတဲ့ နင့်အတွက်ရေးတဲ့ ကဗျာ၊သီချင်း

အဲဒီမနက်ခင်းတွေ အမုန်းမြူတွေ နဲ့ ရစ်ဝဲနေတယ်။

အိမ်နံရံထဲ အချစ်ဆုံးရဲ့ လက်ရေးလေး တစ်ပိုင်းတစ်စ

ဘောင်ကွပ်ထားတဲ့ အမှတ်တရ

ငါ့ဘ၀မှာ

နင့်ကိုငါ ရာဇ၀င်မှာ စာတင်အောင်

ဂန္ထ၀င်မြောက် အမုန်းတွေ နဲ့

အဆုံးမရှိ လွမ်းရတယ်။



အေး အချစ်စစ်လို မုန်းတယ် နင့်ကိုတော့လေ...

ပြောတယ်...

တချို့ ကဗျာဆရာလေးတွေ သက်သေပြချက်များ

အချစ်မှာ ပေးစရာ အကြောင်းပြချက်လည်း

မဲ့သတဲ့။

ငါ့ရင်ထဲ က နင့်ဆီ တည့်တည့်ပျံထွက်သွား တဲ့

အမုန်းစာတမ်း

လွမ်းတသသ နဲ့ လွမ်းရ လွမ်းရ

အဝေးကသီချင်းက အတိတ်ကို တူးဖော်သလို

နင့်ကိုငါ ပြောင်မြောက်စွာ

မုန်းခဲ့ ပုံများ။



ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး