ကျနော်တို့ မြင်ဖူး/မမြင်ဖူးတဲ့ သိုးများ

ကျနော်တို့ မြင်ဖူး/မမြင်ဖူးတဲ့ သိုးများ



တစ်ခါက ဟော်တယ်တစ်ခုက ပြင်ထိန်းစတို တစ်ခုမှာ အလုပ်လုပ်တယ်။ ညဆိုင်းကျတဲ့ အခါ ကိုယ့်ထက်ငယ်တဲ့ ကောင်လေး တစ်ယောက်နဲ့ တစ်ဆိုင်းတည်း ကျတယ်။ အဲဒါနဲ့ အိပ်မပျော်ရင် သူနဲ့ စကားတွေ ပြောပေါ့။ တစ်နေ့တော့ သူပြောတဲ့ အကြောင်းအရာ တစ်ခု ကို ကိုယ်က ပြန်ရှင်းပြနေတာ သူက အဲဒါကို နားကို မလည်နိုင်ဘူး။ ကိုယ်လည်း နည်းလမ်းပေါင်းစုံ သုံးပြီး ရှင်းပြလည်း သူ့မှာ လည်နေတယ်။ ကြာလာတော့ စိတ်က “ဖု” လာတယ်။ အဲဒါနဲ့ ပဲ သူ့ကိုပြောလိုက်တယ်။

"လူတစ်ယောက်ကို အကြောင်းအရာတစ်ခုကို ရှင်းပြလို့ သူက နားမလည်ဘူး ဆိုရင် အခါခါရှင်းပြလို့ရတယ်။ ဒါပေမယ့် ရှင်းပြရင် နားလည်ရမယ့် အချိန်ကာလ တစ်ခု နဲ့ အတိုင်းအတာတစ်ခုလည်း ရှိတယ်။ နားလည် သဘောပေါက်ရမယ့် အခြေအနေတစ်ခုမှာ နားကို နားလည်ရမယ်။ ဘယ်လို ရှင်းပြပြ နားမလည် ဘူးဆိုရင် နားမလည်တဲ့ သူက တစ်ခုခု မှားနေလို့ပဲ" လို့ သူလည်း ဒါကို နားလည်မယ်ထင်ပါတယ်။

ကျွန်တော် ကိုကြီး ရှင်းပြတာကို နားလည်ပါတယ်။ တစ်ခါတစ်လေကျရင် ကျွန်တော်က နားလည်ရဲ့သားနဲ့ နားမလည်ချင်ယောင်ဆောင်နေတာလို့လည်းပြောပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ တချို့ လူတွေမှာ ဘယ်လောက် ရှင်းပြပြ နားကို မလည်နိုင်တာမျိုး သူတို့ စိတ်က အခြေအနေ တစ်ခုထဲမှာပဲ ပိတ်နေတာမျိုးတွေ့ရတယ်။

ကျွန်တော် စာသင်တာကို ဝါသနာပါပါတယ်။ ဒါပေမယ့် စိတ်က လိုအပ်တာထက် ပိုမရှည်ဘူးဗျ။ အဲဒါကြောင့်လည်း စာသင်တဲ့ အလုပ်ကို လုပ်ချင်လျက် နဲ့ စွန့်လွှတ်ပစ်ခဲ့တာ။

အခု ပြောချင်တာက ဒီ အကြောင်းနဲ့တော့ သက်ဆိုင်သလိုလိုတော့ ရှိပါတယ်။ ဒါပေမယ့် မသက်ဆိုင်ဘူးလည်း ဖြစ်ချင် ဖြစ်နေမှာပါ။ လူဆိုတာက ကိုယ့်နေထိုင်ရှင်သန်ရာ  ပတ်ဝန်းကျင် ကိုသာ ထင်ဟပ်ပြီး အတွေးအခေါ်တွေ ကို ဖြစ်ပေါ်လာတာပါ။ ကိုယ်မနေထိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ လောက အကြောင်း ကိုတော့ စိတ်မှာ ထင်ဟပ်လာမှာမဟုတ်ပါဘူး။ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင် ၊ ကိုယ် ကျက်စား တဲ့ အသိုက်အဝန်း ၊ ကိုယ် ရင်းနှီးတဲ့ သက်ရှိတွေ အပေါ်ကိုသာ ကိုယ့် သက်ရောက်မှုတွေ ၊ ကိုယ့် အမူအကျင့်တွေ က တည်ရှိနေတာပါ။ ဒါပေမယ့် မတူတဲ့ ဖြစ်တည်မှုတွေ ၊ မတူတဲ့ နေရာဒေသတွေ ၊ မတူတဲ့ အမူအကျင့်တွေကို တကယ်တမ်းမှတ်တမ်းတင် ရတဲ့ အခါ ၊ ထင်ဟပ်စေရတဲ့ အခါ ၊ ခြုံငုံမှု လုပ်ရတဲ့ အခါ ကျန်ခဲ့တာတွေ ၊ ဟာနေတာတွေ ၊ တကယ့် ဖြစ်ရပ် နဲ့ မတူပဲ စိတ်အထင် နဲ့ တင် ရမ်းသမ်း မှန်းချတာမျိုးတွေ ဖြစ်ကုန်ကြပါရော။

ဒါကြောင့်လည်း အရင်က စာရေးသူတွေက တကယ်တမ်း ကိုယ့် စာတွေ ထဲမှာ ထည့်ရေးမယ့် အကြောင်းအရာ ကို တကယ်တတ်သိ နားလည်တဲ့ သူတွေ ဆီမှာ မေးမြန်းစုံစမ်းတာမျိုး ဖြစ်စေ ၊ သွားရောက် လေ့လာ တာမျိုး ဖြစ်စေ လုပ်ကြပါတယ်။ သွားရောက်လေ့လာတာလည်း စောင်းပါး ရိပ်ခြည်လေ့လာမှပါ။ ဆင်းရဲသား အိမ် တစ်အိမ်ကို ဧည့်သည်အဖြစ်နဲ့ သွားရောက် လေ့လာတာမျိုးကတော့ ဘာမှ အသုံးမဝင်ပါဘူး။ ဧည့်သည် ရှိနေတယ် ဆိုတဲ့ အသိနဲ့ တင် သူတို့ရဲ့ တကယ့် သဘာ၀ စရိုက်ကို မသိနိုင်ပါဘူး။

ပြည်ပ ရုပ်ရှင်တွေ မှာပါတဲ့ အဆဲစကားတွေ ဖြစ်တဲ့ Shit တွေ Fuck တွေ ရိုင်းတယ် ဆိုတဲ့ ကိစ္စက တစ်ကဏ္ဍပါ။ နောက်တစ်ခုက သူတို့ဟာ အနုပညာမှာ Realism ကို Realism ဖြစ်အောင် ပုံဖော်ကြတယ်။ သူတို့ဆီမှာလည်း အနုပညာကို ပုံဖော်တဲ့ နေရာမှာ Level အမျိုးမျိုးရှိပါတယ်။ ဆဲနေတာတွေက Action ကားတွေမှာပဲ ဖြစ်ပါတယ်။ Jenniferlopez နဲ့ Jane Fonder တို့ ရဲ့ Drama ဇာတ်မျိုးမှာ အဲဒီလို အဆဲတွေ မပါတဲ့ အပြင် ချစ်စရာကောင်းတဲ့ အမူအယာ ၊ ယဉ်ကျေးသိမ်မွေ့တဲ့ ချစ်ခြင်းတရား တွေကို ရိုက်ကူးတင်ဆက်ပြသပါတယ်။ ကျွန်တော်တို့ မှာ ဒီလိုမဟုတ်ဘူး။ စပါယ်ရာက မိုက်ရိုင်းတာကိုပြချင်ရင် ကွမ်းလေးထုတ်ဝါး ၊ စကားလေး မာမာ ပြော ဒီလောက်ပဲ ရှိတယ်။ အလွန်ဆုံးလုပ်ရင် ပုဆိုးလေး ခပ်မြောက်မြောက်လေး လှန်လိုက်တာလောက်ပဲ။ ရန်ကုန်က ကားစပါယ်ရာတွေရဲ့ မိုက်ရိုင်းထွားကြိုင်းတာတွေ ကို မြင်ဖူးပါလိမ့်မယ်။ ဒီကောင်တွေ ဘယ်လောက် မိုက်ရိုင်းသလဲ။ တစ်ခါတစ်လ သတ်ပစ်ချင်စိတ်တောင်ပေါက်တယ်။ ခုနက ကိစ္စကို ပြန်ပြောရရင် Realism ကို ကျွန်တော်တို့ ဆီမှာ တကယ် လုပ်မပြနိုင်သေးဘူး။ အခု စာရေးဆရာ တစ်ယောက်စ နှစ်ယောက်စ တို့ ရေးတဲ့ စာအုပ်တွေထဲမှာ Realism ကို တကယ်ကို ချပြကြတယ်။ ဒါကို တချို့မသိတဲ့ သူတွေက ဒီကောင် စာပေကို အရုပ်ဆိုးအကျည်းတန်အောင် လုပ်တယ် လို့မြင်တယ်။ Realism ဆိုတာဘာလဲ။ တကယ့်အရှိတရားလား၊ လောကကြီးထဲမှာ ၊ လူ့အသိုက်အဝန်းမှာ တကယ်တမ်းဖြစ်ပျက်နေတာတွေကို ကိုယ်စားပြုချင်တာလား။ နှလုံးသား ခံစားမှုကို အသားပေးတာလား ၊ ဇာတိဂုဏ်ကို ပြချင်တာလား။

အဲဒီလိုပေမယ့် Realism ဖြစ်အောင်လို့ဆိုပြီး လင်မယား အတူနေတာကို တဆက်တည်း ကိစ္စြ့ပီးတဲ့ အထိ ပြစရာမလိုပါဘူး။ ဇာတ်ထဲမှာ စကားပြောတော့ ယဉ်ယဉ်ကျေးကျေး ပြောပြီး ၊ လင်မယား အတူနေတဲ့ အခန်းကို ပြစရာမလိုတော့ပါဘူး။ အနုပညာဆိုတာ ချိန်သား ကိုက်ခြင်းပါပဲ။ အဲဒီချိန်သား ကိုက်မှုကို အနုပညာ ဖန်တီး ထုတ်လုပ်သူတွေ နားလည်ဖို့ လိုပါတယ်။ အနုပညာရှင် ဆိုတာ နယ်ပယ်တစ်ခုခုမှာ Professional ဖြစ်နေရုံနဲ့ မရပါဘူး။ လိုအပ်တဲ့ ဉာဏ်အလင်း တစ်ခုလည်း လိုအပ်ပါသေးတယ်။ အဲဒါမှ အနုပညာရှင်ပါ။

လူဆိုတာ ဆင်းရဲရင် ဆင်းရဲတဲ့ အလျောက် ၊ ပညာမတတ်ရင် မတတ်တဲ့ အလျောက် မိုက်ရိုင်းသွားတတ်ကြတာ သဘာဝပါ။ ဒါကြောင့်လည်း လူ့အဆင့်အတန်းဆိုတဲ့ စကားလုံးက ပေါ်လာတာ။ အလကားပေါ်လာတာတော့ မဟုတ်လောက်ဘူး။ ဆင်းရဲသား ၊ လူလတ်တန်းစား နဲ့ အီလိုက် တွေမှာ သူ့အဆင့်အတန်း နဲ့ သူ့ယဉ်ကျေးမှု နဲ့ ရှိကြသလို၊ အဲဒီ အတန်းအစာ သုံးခုလုံးကလည်း မိုက်ရိုင်းတဲ့ အခါ သူတို့ ရဲ့ မိုက်ရိုင်းတဲ့ ပုံစံတွေဟာမတူကွဲပြားတဲ့ အခြေအနေတွေ ရှိကြတယ်။ ဆင်းရဲသားက ဒဲ့(တည့်)မိုက်ရိုင်းတယ်။ လူလတ်တန်းစားက မသိမသာလေး မိုက်ရိုင်းတယ်။ အီလိုက်တွေ ကျတော့ မိုက်ရိုင်းတဲ့ အပြင် ကောက်ကျစ်တတ်ကြတယ်။ ဒါဟာ အဲဒီ အတန်းအစား သုံးမျိုးရဲ့ မိုက်ရိုင်းတာကိုပဲ ပြောထားတာရှိသေးတယ်။ သူတို့ အတန်းအစား သုံးမျိုးရဲ့ ယဉ်ကျေးပုံတွေလည်း အမျိုးမျိုးကွဲပြားကြမယ်။

မြန်မာ ဗီဒီယို ဇတ်ကားတွေမှာ အမြဲတမ်း ကြားရတဲ့ စကားတစ်ခွန်းရှိတယ်။ အဲဒါက ဘာလဲဆိုတော့ "သားလေးကြိုက်တတ်တဲ့ ငါးရံ့အူ ဟင်းလေးချက်ထားတယ်။" ဆိုတာမျိုး။ အလားတူ ဒိုင်ယာလော့ဂ်တွေလည်း ရှိတတ်ပါတယ်။ လူတန်းစားသုံးမျိုးလုံးရဲ့ မိခင်နဲ့ သား ၊ သမီး ၊ အဖေနဲ့ သားသမီး ဆက်ဆံရေးမှာ အလွန်တရာ ပြေပြစ်တာမျိုးရှိမှာပါ။ ဒါပေမယ့် ပြင်ပလောက က ကျွန်တော်နဲ့ ခင်မင်ရင်းနှီးတဲ့ မိသားစုတွေမှာ အဲဒီလို အပြုအမူအပြောအဆိုမျိုးတွေ မတွေ့ရဘူး။ အလွန်တရာယဉ်ကျေးလွန်းနေတယ်။ တကယ်တော့ နှစ်ပေါင်းများစွာ ရင်းနှီးလာတဲ့ မိသားစုဝင်တွေဟာ ဒီလောက် ယဉ်ကျေးမနေတော့ဘူး။ အဖေနဲ့သား ၊ အမေနဲ့သား ၊ စသည်ဖြင့် သူငယ်ချင်းပေါင်း ပေါင်းနေတာတွေ အများကြီးရှိတယ်။

"ဘာဟင်းချက်လဲအမေ" "ငါးရံ့အူဟင်း" "အား..မိုက်တယ်" ဆိုပြီး မီးဖိုချောင်ထဲ ဒိုးပြီး ဆွဲတော့တာပဲ။

သူငယ်ချင်း အချင်းချင်း စကားပြောရင်လည်း ဝထ္ထုတွေထဲ ၊ ဗီဒီယိုတွေထဲမှာ အချင်းချင်း သိပ်ယဉ်ကျေးနေတယ်။ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စပဲ။ ကျွန်တော်ပြောတာ ယဉ်ကျေးမှု မရှိပဲ အဆဲတွေ ထပ်ပြီး ပြောနေရမယ် မဆိုလိုဘူးနော်။ တောင့်တောင့်တင်းတင်း ဖြစ်ရမှာကိုပြောတာ။

ဝထ္ထုဇတ်လမ်းဟာ အထက်လူကြီးကို တင်ပြရမယ့် အစီရင် ခံစာ လည်းမဟုတ်သလို ၊ ရုပ်ရှင်ဟာလည်း Ceremony မဟုတ်ပါဘူး။ အဲဒါကို ကွဲပြားဖို့လိုပါတယ်။

ဘဝမှာ ရိုးရိုးသားသားလေးပဲ ဖြတ်သန်းစီးဆင်းခဲ့တယ်။ အချိန်တန်အရွယ်ရောက်တော့ ချစ်သူ နဲ့ တွေ့တယ်။ ဒါမှမဟုတ် မိဘက သဘောတူသူနဲ့ စေ့စပ်တယ်။ အချိန်ကျတော့ လက်ထပ်တယ်။ အိမ်ထောင်မှု တာဝန်ထမ်းဆောင်တယ်။ သူ့ဘဝမှာ မကောင်းတဲ့ နေရာတွေ မသွားဘူး။ ဘာသာတရား ကိုင်းရှိုင်းတယ်။ မကောင်းတဲ့ စာမဖတ်ဘူး။ စသည်ဖြင့် ပုံမှန်နေထိုင်မှု နဲ့ နေထိုင်ခဲ့တဲ့ မိန်းကလေး တစ်ယောက် ၊ ယောက်ျားလေး တစ်ယောက်ဟာ လောကကြီး ရဲ့ တခြားသော နေရာများက အရောင်စုံတွေ ကို သိမှာမဟုတ်ပါဘူး။ စာတွေ့ဟာ လက်တွေ့မဆန်ပါဘူး။(စာမဖတ်ရဘူးလို့ မဆိုလိုဘူးနော်) စာများများ ဖတ်ခြင်းကြောင့် ကိုယ်တိုင် လုပ်စရာမလိုပဲ သိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့် နေရာ ဒေသမှာလို ၊ ကိုယ့် ရင်းနှီးတဲ့ အသိုက်အဝန်း လို မျိုး မဟုတ်ဘူး ဆိုတာကိုလည်း သိနားလည်ဖို့ လိုပါတယ်။ စတီယာရင်ကိုင်တာခြင်း တူတာတောင် တက္ကစီသမား ရဲ့ ဘဝအတွေ့အကြုံ နဲ့  နံပါတ်အနက် ကိုယ်ပိုင် ကား နဲ့ လျောက်သွားတဲ့ သူနဲ့ အသိခြင်း ၊ အတွေ့အကြုံခြင်း မတူပါဘူး။ရန်ကုန်မြို့မှာ ကားကျပ်တာကို လူတိုင်းသိပါတယ်။  အဲဒီကားကျပ်တာကို တကယ်ရော ကြုံတွေ့ဖူးရဲ့လား ၊ စပါယ်ရာက အတင်းထိုးထည့်လို့ ကိုယ့်တင်ပါး ကို ယောက်ျားသားတွေ ရဲ့ ပေါင်အရင်း နဲ့ ပွတ်တိုက်ရော  ခံရဖူးပါသလား။ ဘ၀ ဆိုတာ ကိုယ်တစ်ယောက်တည်း ရှိတယ်ဆိုတာ ဘယ်လို နေရာမှာမှ မရှိပါဘူး။

ကျော်ညိုသွေး


Comments

Realism အကြောင်း ... မြန်မာ ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ကားတွေ အပေါ် အမြင်တွေ အကြောင်း သဘောကျမိပါကြောင်း ... ၊ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် ရှိလာတယ် ဆိုတာ နဲ့ ကမောက်ကမ တင်ပြဖို့ ၊ လုပ်ကြဖို့ ကြံနေတဲ့ ၊ လုပ်နေကြတဲ့ အပေါ် သဘောမကျမိပါကြောင်း ...

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး