Journey To Design My Heart By Samsung Galaxy Note 3 , Driving My Feeling By Galaxy Gear

Journey To Design My Heart By Samsung Galaxy Note 3 , Driving My Feeling By Galaxy Gear









































Journey To Design My Heart By Samsung Galaxy Note 3 , Driving My Feeling By Galaxy Gear



ချက်ချင်းဆိုသလို အိပ်ရာက ထလိုက်တယ်။ ဒီမနက် ပဲခူးကို သွားရမယ် ဆိုတာ စိတ်ထဲကနေ မှတ်ပြီး အိပ်ရာဝင် ခဲ့တာကြောင့် နိုးလာတဲ့ အခါမှာလည်း စိတ်က ဒါကိုပဲ တန်းသတိရတယ် တော်သေးတာက ညကလည်း စောစော အိပ်ရာဝင်မိတယ်။ ဒါကြောင့် အခုမနက်လင်းတော့ သိပ်ပြီး အိပ်ချင်မူးတူး ဖြစ်မနေပဲ လန်းဆန်းလို့နေသည်။ ညတုန်းက ဝတ်မယ့် အဝတ်အစားကို ရွေးထားပေမယ့် အဆင်မပြေတာနဲ့ ချောင်ချောင် ချိချိဖြစ်မယ့် အဝတ်အစားကို ပြန်ပြီး ရွေးရသေးတယ်။ သန့်ရှင်းရေးလုပ် အဝတ်လဲပြီး အိမ်က ထွက်တော့ မနက် ခုနှစ်နာရီ ထိုးခါနီးပြီ။ ကားဂိတ်ရောက်တော့လည်း ၁၂၄ ကားက အသင့်မို့ စုရပ်ရှိရာကို သွားဖို့ ဘတ်စ်ကားစီးပြီး လာခဲ့တယ်။ မိုးတွေကလည်း မနက်စောစော စီးစီး ရွာလိုက်တာ။

၁၂၄ ကားကြီးက မိုးရေစိုစို လမ်းမတလျှောက်မှာ ပြေးလွှားလို့။ ကျွန်တော်ကလည်း စိတ်ထဲက နေ ပဲခူးတိုင်းရဲ့ မြင်ကွင်းတွေကို စိတ်ကူးနဲ့ ပုံဖော်ကြည့်နေမိတယ်။ ပဲခူးကို ကျောင်းတက်တုန်းက တစ်ခါ။ ကျောင်းပြီးတော့ သုံးလေးငါးခါ အလုပ်ကိစ္စ နဲ့ ရောက်ဖူးပေမယ့် ဒီဘက်နှစ်ပိုင်းမှာတော့ မရောက်ဖြစ်ခဲ့တော့။ အခုတော့ ပဲခူးကို သွားရမယ်ဆိုတော့ စိတ်ထဲမှာ ကျေနပ်နေမိတယ်။ တကယ်တော့ ပဲခူးကို အလုပ်ကိစ္စ နဲ့ သွားရမှာပါ။ Samsung ကနေ အသစ်ထုတ်တဲ့ Samsung Galaxy Note 3 + Samsung Galaxy Gear ကို မိတ်ဆက်ဖို့ အတွက် စာနယ်ဇင်းသမားတွေကို ဖိတ်ကြားထားတဲ့ ကိစ္စပါ။အခါတိုင်း ပစ္စည်းသစ်တွေကို ရန်ကုန်မှာ ပဲ စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပေမယ့် အခုလို ပဲခူးတိုင်းထဲမှာ မိတ်ဆက်မယ် ဆိုတော့ နည်းနည်းတော့ ထူးဆန်းနေမိတာ အမှန်။ စိတ်ထဲလည်း ဘဝင်မကျ။ အလုပ်ရှုပ်အောင်လို့ ပဲခူး မှာ သွားလုပ်ရတယ်ပေါ့လေ။

လှည်းတန်းကိုရောက်တော့ တက္ကစီ စီးသွားမှပဲ လို့ စိတ်ကူးရတယ်။ လှည်းတန်းကနေ မာလာမှတ်တိုင်အထိ ကို လမ်းလျှောက်သွားရင် တော်တော်လေး လှမ်းသေးတယ်မဟုတ်လား။ ချိန်းထားတာကလည်း ၈ နာရီဆိုတော့ မမီလိုက်မှာ စိုးရတယ်။ ဒါနဲ့ပဲ တက္ကစီ ကို ငှားပြီး လှည်းတန်းကုန်းတံတားကြီးအောက်က နေ ပတ်လို့ မာလာမှတ်တိုင် ကို ရောက်ခဲ့တယ်။ မှတ်တိုင်ကိုရောက်တော့ စစချင်းမြင်လိုက်ရတာက Journey To Design Your Life လို့ SAMSUNG တံဆိပ် နဲ့ အတူ ရေးထားတဲ့ ဗီနိုင်းကြီးကို ကပ်ထားတဲ့ Express ကားကြီးပါပဲ။

အမှန်တော့ မနက်ခင်း ရှစ်နာရီ မှာ မာလာမှတ်တိုင် ကို စုရပ်အဖြစ် ချိန်းဆို ထားခဲ့ပေမယ့် တကယ်တမ်း မနက် ကိုးနာရီမှ ပဲ ကားကြီးက စထွက်ပါတော့တယ်။ Myanmar Spa Today က စီစဉ်ပေးမှု နဲ့ Samsung ရဲ့ Journey To Design Your Life လို့ အမည်ပေးထားတဲ့ Samsung Day Trip ဟာ စတင်ခဲ့ပါပြီ။ ရန်ကုန်က နေ စော်ပွားကြီးကုန်း လမ်းကြောင်း အတိုင်း စတင်ခဲ့တဲ့ Express ကားဟာ ရန်ကုန်ကနေ လှည်းကူး ၊ လှည်းကူးက နေ နောက်ထပ် မြို့နယ် တွေကို ကျော်ဖြတ်လို့ ပဲခူးကို ခရီးနှင်နေတော့တယ်။

မနက်ခင်းပိုင်းမှာ မာလာမှတ်တိုင်မှာ ရပ်ထားတဲ့ ကားကြီးပေါ်ကို စောစောရောက်လို့ စောစောတက်ပြီး ထိုင်နေတဲ့ ကျွန်တော်ဟာ ကားပေါ်ကို တက်လာတဲ့ စာနယ်ဇင်းမောင်နှမ များ ရဲ့ မျက်နှာကို ကားရဲ့ ရှေ့ဆုံးခုံကနေ တစ်ယောက်ချင်း လိုက်လို့ ကြည့်နေမိပါတယ်။ အမှတ်မထင်ပဲ ကားရှေ့မှန်ကတဆင့် အပြင်ကို မြင်လိုက်ရတာကတော့ 2008 ခုနှစ် Blog Day အမှတ်တရ အနေနဲ့ သီရိခေတ္တရာမြို့ဟောင်းကို လေ့လာရေး ခရီး သွားတုန်းက အတူသွားဖူးခဲ့တဲ့ Blogger တွေကို တွေ့လိုက်ရတဲ့အခါ အံ့သြခဲ့ရတယ်။ သူတို့လည်း ကားပေါ်ကို ကိုယ်စီ တက်လာကြတယ်။ ကားစ ထွက်တဲ့ အချိန်မှာ ကျွန်တော်လည်း လက်စွဲကင်မရာလေးနဲ့ ကားပေါ်က လူတွေကို မှတ်တမ်းတင် ဓါတ်ပုံရိုက်တော့ www.zawzaw.com မှာ Blog ရေးနေတဲ့ ကို ဇော်ဇော်မျိုးလွင်က ကျွန်တော့်ကို လက်လှမ်းပြတာနဲ့ သူ့နား သွားပြီး စကားပြောရာကနေ Samsung ကနေ Myanmar Blogger Society က Blogger တွေကိုလည်း ဒီခရီးစဉ်အတွက် ဖိတ်ခေါ်ထားကြောင်းကို သိလိုက်ရပါတယ်။ 2007 ခုနှစ်မှာ Blogger.com ကို အသုံးပြုပြီး Blog တွေ ရေးခဲ့တဲ့ ကျွန်တော်ဟာ 2008 ခုနှစ် Blog Day မှာတော့ ကိုညီလင်းဆက် ၊ ကိုဇော်ဇော်မျိုးလွင် ၊ ကိုကျော်ဇေယျ ၊ ကိုမျိုးမြင့်အောင်(Blogger ဖိုးသူတော်) ၊ စတဲ့ စီနီယာ Blogger တွေရဲ့ ဦးဆောင်မှု နဲ့ အတူ MBS ရဲ့ ပြည်မြို့ လေ့လာရေး ခရီးစဉ်ကို လိုက်ပါဖူးခဲ့တဲ့ ပုံရိပ်တွေကို အမှတ်ရနေမိပါတော့တယ်။




ကားပေါ်မှာတော့ Myanmar Spa Today က မဝတ်ရည်ဟာ ကျွန်တော်တို့ကို ပဲခူးမှာ ပြုလုပ်မယ့် Samusng ရဲ့ ပွဲအစီစဉ် ကို ရှင်းလင်းပြီး ၊ အဲဒီနေ့ အတွက် အစီအစဉ်တွေကို  ပြောပြပါတယ်။ ဒီခရီးစဉ်ဟာ သာမာန် ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲမျိုးမဟုတ်ပဲ စာနယ်ဇင်း က ဖိတ်ကြားထားတဲ့သူတွေ ၊ Blogger တွေ နဲ့ ဖိတ်ကြားထားတဲ့ မော်ဒယ်လ် တွေ ၊ Samsung ရဲ့ Brand Ambassdor တွေ အားလုံး အပြင် Samsung က ဝန်ထမ်းတွေ ပါ စုပေါင်းပြီး မိတ်ဆက်မယ့် ပစ္စည်းသစ်တွေ အတွက် လေ့လာဆွေးနွေးမှုတွေ ၊ Game အစီအစဉ်တွေ နဲ့ ပျော်စရာကောင်းတဲ့ အစီအစဉ် တစ်ခုလို့ ပဲ သိရပါတယ်။

ဒီလိုနဲ့ Express ကား ဟာ လမ်းမပေါ်မှာ အချိန်တော်တော်များများ ဖြတ်သန်းပြီးချိန်မှာ လမ်းမကြီး ရဲ့ ဘေးမှာ ရှိတဲ့ တစ်နေရာမှာ ရပ်နားခဲ့ပါတယ်။ ကားပေါ်က မှန်ပြတင်းက တဆင့် မြင်လိုက်ရတာ ကတော့ Shwe Pyi Restarunt ဆိုတဲ့ ဆိုင်းဘုတ်ပါပဲ။ ခရီးကတော့ ရည်ရွယ်ရာကို ရောက်ပါပြီ။ ကားပေါ်က ဆင်းလိုက်တာနဲ့ ရှားပါးတဲ့ သဘာ၀ လေနုအေးနဲ့ အတူ Restarunt ရဲ့ဘေးတစ်ဘက် တစ်ချက်မှာ တွေ့ရတာတော့ လူဝံကြီးတွေ ပုံစံ ကြီးမားလှတဲ့ ပန်းပုရုပ်တွေပါပဲ။ လူကိုမှင်သက် အံ့သြစေပါတော့တယ်။ ဒါတင် မက ပါဘူး။ ဆိုင်ထဲ ရောက်တဲ့ အခါ မှာတော့ ကျွန်တော်တို့ ခဏတာ ထိုင်နားကြတဲ့ နေရာတွေ ရဲ့ ဘေးဘက်တွေ ဆိုင်ရဲ့ ထောင်ဘက်တွေမှာ လက်ရာမြောက်တဲ့ ပန်းပုရုပ်တွေကို တွေ့ရတော့ သတင်းကိစ္စအတွက် ယူလာတဲ့ ကင်မရာဟာ တဖျပ်ဖျပ် အလုပ်ပေးခံရပါတော့တယ်။ မိနစ်အနည်းငယ် ထိုင်ကာ အနာယူပြီးနောက် ကျွန်တော်တို့ဟာ တကယ်တမ်း Workshop လုပ်မယ့် ShwePyi Resort ဘက်ကို အုပ်စုလိုက် ထွက်ခွာခဲ့ကြပါတယ်။

Shwe Pyi Restarunt ကနေ Resort ကို သွားတဲ့ လမ်းက ပေ ၂၀၀/၃၀၀ လောက်ပဲဝေးပါတယ်။ အဲဒီဘက်ကို လမ်းလျှောက်သွားကြရင်း နဲ့ လမ်းမှာ ပန်းပုရုပ်တွေ များစွာ ကို Water Proof နဲ့အမိုးလုပ်ထားတဲ့ ရွက်ဖျင်တဲအောက်မှာတွေ့ရတော့ တချို့ သူငယ်ချင်းတွေ က အဲဒီ ပန်းပုရုပ်တွေနဲ့ တွဲလျက် ဓါတ်ပုံ ရိုက်ကြပါတော့တယ်။ ကျွန်တော်လည်း အပါအဝင်ပေါ့။ အမျိုးအစား စုံလှတဲ့ ပန်းပုရုပ်ထုတွေ ပါ။ အဲဒီဘက်က နေ ဆက်လျှောက်လာတော့ သစ်ပင်ကြီးတွေ လဲကျ ၊ ကျိုးကျနေတဲ့ သစ်တုံး တွေ ပြန့်ကျဲနေတာ နဲ့ အတူ တချို့ သစ်တုံးတွေဟာ ပန်းပုထုထားတဲ့ အစွန်အဖျားတွေနဲ့ပါ။ အဲဒီ သစ်တုံးတွေဟာ မိုးထဲ လေထဲ ၊ လေဟာပြင်ထဲမှာ ဒီအတိုင်း ပြန့်ကျဲလျှက်။ သစ်တုံးကြီးတွေဟာ အတော်လေးကြီးမားပြီး မည်းသည်းနေပါတယ်။ နောက်ခံထားပြီး ဓါတ်ပုံရိုက်လို့ ကောင်းတဲ့ Pattern မို့ ကျွန်တော်တောင် နောက်ခံထားပြီး သစ်တုံး တစ်တုံးပေါ်မှာ တက်ထိုင်ပြီး သူငယ်ချင်း ရာဇာကိုကို ရဲ့ Samsung Galaxy Camera နဲ့ ဓါတ်ပုံ ရိုက်ခဲ့ပါသေးတယ်။ Galaxy Camera နဲ့ ရိုက်တာမို့ ပုံထွက်က အတော်ကောင်းပြီး အရောင်အသွေးကောင်းတဲ့ ဓါတ်ပုံတွေ ဖြစ်ခဲ့ပါတယ်။

မည်းသည်းနေတဲ့ သစ်တုံးတွေ ရဲ့ တချို့ အစိတ်အပိုင်းတွေဟာ ပန်းကနုတ်တွေ ပုံဖော်ထားတာကို တွေ့တော့ တော်တော်လေး စိတ်ထဲစွဲလမ်းမိရပါတယ်။ လမ်းတလျှောက် ဓါတ်ပုံရိုက်ရင်း လမ်းလျှောက်ရင်းနဲ့ Resort ထဲက WorkShop လုပ်မယ့် အဆောက်အုံ ဘက်ကို ရောက်ခဲ့တော့တယ်။ အဲဒီ အဆောက်အအုံ က ရေကန် အလယ်မှာ ကျွန်းလိုမျိုး ပုံစံ နဲ့ ခေါင်မိုးကတော့ ဘေးပတ်လည်မှာ WaterProof အစတွေ အုပ်မိုးထားတာပါ။ အပေါ်တည့်တည့်ကတော့ ဘာမိုးထားတယ်ဆိုတာ သတိမထားမိခဲ့ပါဘူး။ အဲဒီဘက်ကို ကူးဖို့ သစ်သားတံတားလေး ထိုးထားပါတယ်။ တံတားကမကူးခင်မှာ ကျွန်တော် ဟာ လမ်းရဲ့ တစ်ဘက် က သစ်သားတုံးတွေ ပြန့်ကျဲနေတဲ့နေရာအစွန်ကို သတိထားမိတော့ လမ်းဘေးမှာ လဲနေတဲ့ သစ်တုံးတစ်ခုရဲ့ အစွန်းဟာ အပေါက်နဲ့ အတူ ဘေးအစွန်းမှာ ငါးပါးဟက် တွေလိုလို နဲ့ မျက်လုံးပုံစံနဲ့ ကို ပန်းကနုတ်ပုံစံတွေ ဖော်ထားတာတွေ့ရပါတယ်။ အဲဒီပတ်ဝန်းကျင် က သစ်သားတုံးတွေဟာ မိုးထဲလေထဲမှာ ဖြစ်ပေမယ့် သစ်တုံးတော်တော်များများရဲ့ အစိတ်အပိုင်းတချို့ ဟာ ပန်းပုပုံစံတွေ ၊ ကနုတ်ပန်းဖော်ပုံထားတဲ့ အစိတ်အပိုင်းတွေ ဖြစ်နေတာဟာ စိတ်ဝင်စားစရာလည်း ကောင်းသလို ၊ မြေပြင်ပေါ်က အနုပညာ အခင်းအကျင်းပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့ သစ်သားတံတားလေး ကနေ အဆောက်အအုံ ထဲကို ဝင်သွားတယ် ဆိုရင်ပဲ ပင့်သက်ရှိုက်ရလောက်အောင် အံသြစရာတွေ မြင်ရပါတယ်။ များပြားလှတဲ့ ပန်းပုရုပ်တွေဟာ ကျွန်တော်တို့ စာနယ်ဇင်းညီအစ်ကို မောင်နှမတွေ နဲ့ MBS အဖွဲ့ဝင် Blogger တွေကို ဆီးကြိုလို့နေပါတော့တယ်။ ရုပ်ပွားတော်ပုံ ပန်းပုတွေ ၊ ခေတ်ဟောင်း အမျိုးသမီးတွေ ရဲ့ ရုပ်ပုံတွေ ၊ ကလေး ငယ် ကို အမေက နို့တိုက်ကျွေးနေတဲ့ ပုံတွေ ၊ မိန်းမလှတွေ ရဲ့ ကိုယ်လုံး ပုံတွေ ၊ ခြင်္သေ့ရုပ်တွေ ၊ ကျားရုပ်တွေ ၊ မြွေတွေ ၊ လင်းယုန်ငှက်တွေ ၊ ကာယဗလတောင့်တင်းတဲ့ ယောက်ျားပုံတွေ နဲ့ များလှစွာ တဲ့ ပန်းပုရုပ်တွေ ကြားမှာ ငေးမောရုံ အပြင် တခြားဘာရှိဦးမှာလဲဗျာ။


ကျွန်တော်တို့အားလုံးဟာ Samsung က နေ မိတ်ဆက်တဲ့ Samusng Galaxy Note 3 နဲ့ Samsung Galaxy Gear ကို စတင် ထိတွေ့ခွင့်ရခဲ့ပါတယ်။ အနုပညာဆန်လှတဲ့ ပန်းပုကမ္ဘာအလယ်မှာ ခေတ်ပေါ် နည်းပညာ Products တွေ အကြောင်းကို ပြောရဆိုရ ၊ လေ့လာခွင့် ရတဲ့ တစ်နေ့တာရဲ့ အစပါပဲ။ နေ့လည်ခင်းနေဟာ တော်တော်လေး ပူနေပေမယ့် မြင်ကွင်းတိုင်းမှာ ပန်းပုရုပ်တွေ နဲ့မို့ မျက်ဝန်းရဲ့ နေရာတိုင်းဟ အနုပညာဆန်နေပါတော့တယ်။ ကျွန်တော်တို့ဟာ ထူးခြားတဲ့ အသွင်သစ်နဲ့ Samusng Galaxy Note 3 အကြောင်းကို မိတ်ဆက်တဲ့အခါမှာ Samsung ကုမ္ပဏီ ဝန်ထမ်းတွေရဲ့ စီစဉ်ထားမှု အတိုင်း စာနယ်ဇင်းတွေ ၊ Blogger တွေ အပြင် နာမည်ကျော် အနုပညာရှင်တွေ ဖြစ်တဲ့ Bunny Phyoe , လွှမ်းပိုင် , Bobby Soxer တို့ နဲ့ မော်ဒယ်လ် တွေ နဲ့ အတူတူ Samusng Galaxy Note 3 ရဲ့ ထူးခြား ဆန်းသစ်တဲ့ Design သွင်ပြင်တွေ ၊ ပါဝင်တဲ့ Features တွေ အကြောင်းကို လေ့လာခွင့်ရခဲ့တယ်။ Samusng Galaxy Note 3 မှာ ပါဝင်တဲ့ S Pen ကို အသုံးပြုပုံနဲ့ အတူ S Pen နဲ့ပဲ မိမိခေါ်ဆိုလိုတဲ့ ဖုန်းနံပါတ်တွေကို မှတ်သားပုံ ၊ Message ပေးပို့ပုံ ၊ ဖုန်းContact တွေကို သိမ်းဆည်းပုံတွေကို လက်တွေ့ အသုံးပြုကြည့်ကြပြီး တဲ့ နောက်မှာတော့ စီစဉ်ထားတဲ့ အတိုင်း Celebrity တွေ နဲ့ စာနယ်ဇင်း မောင်နှမ တွေ ၊ Blogger တွေကို လူတွေ ရောနှောထားပြီး အဖွဲ့ သုံးဖွဲ့ခွဲထားတဲ့ သူတွေဟာ Samsung ရဲ့ Samusng Galaxy Note 3 အသုံးပြုပုံကို ယှဉ်ပြိုင်တဲ့ Game ကို ပြိုင်ဆိုင်ကြပါတော့တယ်။ တကယ့်ကို ပဲ ပန်းပုရုပ်ထုတွေ ရှိတဲ့ အဆောက်အအုံ တဲ အထဲမှာ အဆိုတော်တွေ ၊ မော်ဒယ်လ် တွေ ၊ စာနယ်ဇင်းတွေ နဲ့ Blogger တွေဟာ ကိုယ့် Group အတွက် ကိုယ် အနိုင်မခံအရှုံးမပေးတဲ့ စိတ်နဲ့ ပျော်ရွှင်စွာပဲ Samusng Galaxy Note 3 အသုံးပြုပုံကို ယှဉ်ပြိုင်ခဲ့ကြတယ်။ ယှဉ်ပြိုင်လို့ ပြီး တဲ့ သူတွေ ကလည်း Samusng Galaxy Note 3 ကို ထပ်ပြီး အသုံးပြုတတ်အောင် သုံးကြည့်သူက ကြည့် ၊ အပြင်ဘက် ရေကန်စပ်မှာ ဓါတ်ပုံ ရိုက်ကြတဲ့ သူက ရိုက်နဲ့ ပျော်ရွှင်နေကြပါတယ်။

နေ့လည်ခင်း နေဟာ ပိုမြင့်လာခဲ့ပြီ။ ကျွန်တော်တို့ ရှိနေတဲ့ နေရာကနေ အနောက်ဘက် မှာတော့ သစ်သာတံတား လေး တစ်စင်း ထပ်ရှိပါတယ်။ အဲဒီကနေ ထွက်လိုက်ရင်တော့ ဟိုတစ်ဘက်မှာ စိမ်းစို နေတဲ့ သစ်ပင်တွေ နဲ့ လျှောက်လမ်းရှိပါတယ်။ ဝေးဝေးက လှမ်းကြည့်ရတဲ့ မြင်ကွင်းဟာ Shwe Pyi Resort ထဲမှာ လမ်းလျှောက်သွားချင်လောက်အောင် ညှို့ယူဖမ်းစားထားနိုင်လွန်းခဲ့ပါတယ်။

ဆယ်နှစ်နာရီဟာ ထိုးပါပြီ။ နေ့လည်စာ အတွက် ကျွန်တော်တို့ Restarunt ရှိရာကို အုပ်စုလိုက် ပြန်လည်ချီတက်ခဲ့ပါတယ်။ အေးမြတဲ့ လေနုအေးတွေ ဝင်ရောက်နေတဲ့ ၊ လတ်ဆတ်တဲ့ အထိအတွေ့ နဲ့အတူ ဘူဖေး စနစ်နဲ့ နေ့လည်စာကို သုံးဆောင်စားသုံးရင်း Samsung အမှတ်တံဆိပ် အကြောင်းတွေ ပြန်လည်ပြောရင်း တစ်ယောက်နဲ့ တစ်ယောက် ကိုယ့်ဝိုင်းက လူတွေ အချင်းချင်း ပျော်ရွှင်စရာစကားဖလှယ်ရင်းနဲ့ပဲ စားသောက်ချိန် ကုန်လွန်ပြီးနောက်မှာ ကျွန်တော်တို့ဟာ ခဏတာ နားနေရင်းနဲ့ Restarunt ရဲ့ ထောင့်တွေ မှာ ရှိတဲ့ ပန်းပုရုပ်တွေကိုလည်း ကြည့်ရှုနေမိပါတယ်။

Restarunt က နေ Resort ကို အသွားအပြန် လမ်းဟာ ပေ၂၀၀/၃၀၀ လောက်ပဲ ရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ ကို အဲဒီကနေ Buggy Car ဆိုတာလေးတွေနဲ့ လိုက်ပို့ပါတယ်။ အဲဒီကားလေးတွေကို Resort ထဲမှာ ပတ်စီးရင်တော့ အပြင်လူတွေ အနေနဲ့ တစ်စီးကို တစ်ထောင်ကျပ် နဲ့ လူကိုးယောက် စီးရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ကင်မရာ အတွက်လည်း ကင်မရာကြေး ပေးရသေးတယ်လို့ သိရပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ Samsung ကနေ စီစဉ်ပေးတဲ့ ခရီး ဖြစ်တာကြောင့် အဲဒီမှာ ရှိတဲ့ ရှုခင်းတွေ နဲ့ အနုပညာလက်ရာတွေဖြစ်တဲ့ ပန်းပုတွေ ကို စိတ်ကြိုက် ဓါတ်ပုံရိုက်ကူးခွင့်ရခြင်းရယ်ပါ။

ဒုတိယအကြိမ်မြောက် Resort ထဲကို ပြန်သွားကြတဲ့အခါမှာတော့ Samsung Galaxy Gear နဲ့ ကျွန်တော်တို့  အဖွဲ့တွေ စတင် ထိတွေ့ခွင့်ရပါပြီ။ Samsung Galaxy Gear ရဲ့ Feature တွေ ဟာ Galaxy Note 3 နဲ့ ပေါင်းစပ် အသုံးပြုတဲ့အခါ ကျွန်တော်တို့ နေ့စဉ် ဘဝအတွက် အရေးပါတဲ့ ကိစ္စရပ်တွေ နဲ့ အဆင်မပြေမှု တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ကို ရရှိနိုင်မယ် ဆိုတာကို ရှင်းလင်းချက်တွေကို ကြည့်ရင်း သိရှိခဲ့ပါတယ်။ Samsung Galaxy Gear ဟာ Android OS ကို အသုံးပြုထားပြီး ၊ အသံဖမ်းခြင်း မှတ်တမ်းဓါတ်ပုံ ရိုက်ခြင်း တို့ကို ပြုလုပ်နိုင်ပြီး Note 3 ထဲမှာ ပါဝင်တဲ့ Gear နဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ Software နဲ့ အတူ ချိတ်ဆက်ထားပြီး Gear နဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကိုလည်း ဖုန်းထဲကို Transfer ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ Galaxy Gear ဟာ ဖုန်းနဲ့ ချိတ်ဆက်ထားတာနဲ့ ဖုန်းပျောက်တိုင်းမှာလည်း ဖုန်းကို ရှာဖွေနိုင်မှာဖြစ်ပြီး ။ မိမိဖုန်း နဲ့ ဝေးသွားတဲ့အခါ ဖုန်းစကရင် ကို အလိုအလျောက် Lock ပြုလုပ်ပေးမှာဖြစ်တယ်လို့သိရတယ်။ Galaxy Gear မှာတော့ ကင်မရာပါဝင်ပြီး အဲဒီကင်မရာကိုတော့ Memographer လို့ အမည်ပေးထားကြောင်းနဲ့ အဲဒီလိုအမည်ပေးထားရတာဟာ မှတ်တမ်းအတွက်သာ ဖြစ်ပြီး ကင်မရာရဲ့ Mega Pixel ဟာ 2 Mp ပဲပါဝင်လို့ ပါလို့ Presentation မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Galaxy Gear ဧ။် ဖုန်း နှင့် ဆက်သွယ်၍ အသုံးပြု နိုင်မှုတွင်လည်း ဖုန်း နှင့် ချိတ်ဆက်ထားတဲ့ Galaxy Gear အနေနဲ့ ဖုန်း ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ ဖုန်းခေါ်ဆိုခြင်း ၊ ဖုန်းလက်ခံခြင်း တွေကို လုပ်နိုင်မှာ ဖြစ်တဲ့ အတွက် လုပ်ငန်းခွင်အတွင်း မှာ ဖုန်းစကားပြောရင်း နဲ့ပဲ တခြား လုပ်ငန်းဆောင်တာများကို တချိန်တည်း အနှောက်အယှက်ကင်းကင်း နဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်ဆိုတာ သိရတယ်။

Samsung GALAXY Note 3 ဟာ ပိုမိုကျယ်ပြန့်တဲ့ ( 5.7” ) အကျယ် Full HD AMOLED Display , ပိုမိုပါးလွှာသော ( 8.3 မီလီမီတာ ) ၊ ပိုမိုပေါ့ပါးသော ( 168 ဂရမ် ) တပ်ဆင်ပါဝင်တယ်၊ တာရှည်ခံတဲ့ ( 3200 mAh ) ဘက်ထရီ ပါဝင်တယ်။ ဒါ့အပြင် 13 megapixel ရှိသော Rear Camera ပါဝင်ပြီးတော့ Smart Stabilization နှင့် CRI  LED Flash လည်းအသုံးပြုထားတယ်။ Samsung GALAXY Note 3 ကို အလင်းရောင်နည်းတဲ့ နေရာမှာပဲဖြစ်ဖြစ် ၊ လှုပ်ရှားမှု ရှိတဲ့ နေရာမှာပဲ ဖြစ်ဖြစ် ဓါတ်ပုံတွေရိုက်ကူးနိုင်မှာဖြစ်လို့ ကျွန်တော်တို့ ခရီးသွားရင်း နဲ့ ရထားပေါ်က ဖြစ်စေ ၊ ကားပေါ်က ဖြစ်စေ ရှုခင်းကောင်းကောင်းတွေ ကို လက်လွတ်မခံနိုင်တဲ့ ကျွန်တော်တို့လို လူတွေ အတွက်တော့ စိတ်ကျေနပ်မှုတွေ ရနိုင်မှာပဲလို့ တွေးမိတယ်။

Note 3 ရဲ့ စွမ်းဆောင်ချက်တွေက ပြောင်းလဲလာတဲ့ Smart Life အတွက် ကျေနပ်စရာ စွမ်းဆောင်ချက် တွေ နဲ့ သာ မက ပဲ Note 3 မှာ နူးညံ့တဲ့ Textured-touch Back Cover ပါဝင်ပြီးတော့ မှတ်စုစာအုပ် နဲ့ Planner တို့ရဲ့ ပုံစံကို ရယူပြီး ဒီဇိုင်းပြုလုပ်ထားပြီးတော့ ဖုန်းရဲ့ ဘေးဘက် အခြမ်းမှာတော့ သားရေသားအုပ်ပြီး ချုပ်ရိုးနဲ့ ချုပ်ထားတဲ့ ဒီဇိုင်းလုပ်ထားတာဟာ ဒီဇိုင်းသွင်ပြင်အနေနဲ့ ထူးခြားတဲ့ ရသ ကို ခံစားရတယ်။ အရောင်အသွေး အနေနဲ့လည်းSamsung GALAXY Note 3 ကို အနက်ရောင် Jet Black , အဖြူ ရောင် Classic White နှင့် ပန်းရောင် Blush Pink တို့နဲ့ ဈေးကွက်ထဲကို အရောက်ပို့ပေးမယ်လို့ သိရတယ်။ Samsung ရဲ့ Galaxy Note 3 မှာတော့ အရင်ထက်ပိုပြီး အနုပညာဆန်တဲ့ စွမ်းဆောင်ချက်တွေ ၊ ဒီဇိုင်းတွေ ပြီးတော့ သဘာဝကျ တဲ့ ဘက်ကို ပိုပြီးတော့ အလေးပေးနေတာတွေ နဲ့ လူတွေ ရဲ့ Smart Life မှာပဲ စက်ရုပ်ဆန်တဲ့ ဘဝနေထိုင်လှုပ်ရှားမှုက နေ ဖြစ်ပေါ်လာတဲ့ နှလုံးသားမာကျောလာမှုကို ပြန်လည် နူးညံ့မှုတွေ ဘက်ကို ဆွဲခေါ်ထားတာကို တွေ့ရတယ်။  ဒီလိုပဲ Samsung ရဲ့ Samsung Galaxy Note 3 နဲ့ Samsung Galaxy Gear တို့ ကို မိတ်ဆက်တဲ့ အခမ်းအနားဟာလည်း အခမ်းအနား ပုံစံထက်ကိုပိုပြီး နူးညံ့လတ်ဆတ် ပြီး သစ်လွင်ကြည်လင်တဲ့ အနုရသ ကို ပုံဖော်ပေးနေခဲ့တယ်။


Galaxy Gear ကို မိတ်ဆက်ပြီးတဲ့ နောက်မှာတော့ နောက်ထပ်ပြိုင်ပွဲလေး ဖြစ်တဲ့ Note 3 မှာ ပါဝင်တဲ့ Scrapbook အသုံးပြုခြင်းကို အဖွဲ့သုံးဖွဲ့ ဟာ လက်တွေ့ အသုံးပြုပြီးတဲ့နောက် ပြိုင်ပွဲ နှစ်ခုလုံးမှာ ပထမ ၊ ဒုတိယ ၊ တတိယ ရတဲ့ အဖွဲ့တွေကို အပျော်တမ်းဆုလက်ဆောင်တွေ ပေးအပ်ပါတယ်။ Scrapbook ပြိုင်ပွဲလေးဟာလည်း အတော်ကို ပျော်ရွှင်စရာကောင်းခဲ့ပြီး ၊ တစ်ဖွဲ့စီ က ဦးဆောင်သူ တစ်ယောက် ချင်းစီ နဲ့ မော်ဒယ်တွေကို ဓါတ်ပုံတွေရိုက် ၊ အဲဒီဓါတ်ပုံတွေ နဲ့ ဖုန်းထဲမှာ ဓါတ်ပုံကိုပြင် အညွန်းလေးတွေ တပ် ပြီး ယှဉ်ပြိုင်ရတာပါ။ နောက်ခံရှုခင်းတွေ ကောင်းကောင်းနဲ့ မော်ဒယ်လ်တွေ ရဲ့ Pose အမျိုးမျိုး နဲ့ ရိုက်ကူးပြီး ယှဉ်ပြိုင်ကြရတာပါ။

ပြိုင်ပွဲပြီးတော့ အဲဒီနေ့ အစီအစဉ် မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အစီအစဉ်ဟာရောက်ရှိလို့ လာခဲ့ပါတယ်။ အဲဒါကတော့ ပွဲကိုတက်ရောက်လာကြတဲ့ စာနယ်ဇင်းတွေ နဲ့ Blogger တွေထဲက တစ်ယောက်ကို Galaxy Gear တစ်လုံး မဲဖောက်ပေးတဲ့အစီအစဉ်ဖြစ်ပြီးတော့ မဲအစီအစဉ်မှာ လူတွေ အားလုံးရဲ့နာမည်တွေကို အားလုံးထည့်ထားတဲ့ မဲလိပ်တွေထဲကနေ မဲမပေါက်တဲ့ သူတွေ တစ်ယောက်ချင်းစီ ရွေးထုတ်သွားပြီး နောက်ဆုံးကျန်တဲ့ တစ်ယောက် ကတော့ Samsung Galaxy Gear ကို ရရှိသွားခဲ့ပါတယ်။

ညနေခင်းဟာ ကျွန်တော်တို့ လိုက်ပါစီးနင်းခဲ့တဲ့ Express ကားကြီးနဲ့ အတူ ရန်ကုန်ဘက်ကို ပြန်လည်စီးမျောလာခဲ့ပါတယ်။ ShwePyi Resort ကနေ အထွက်မှာ Restarunt ရှေ့ က လူဝံရုပ်ကြီး နဲ့ အတူ Pose ပေးပြီး ဓါတ်ပုံအရိုက်ခံခဲ့တဲ့ သဘောကောင်းတဲ့ မော်ဒယ်မလေး ဇင်မီမီကျော်ရဲ့ ဓါတ်ပုံတွေ ဟာ ကျွန်တော့် ကင်မရာထဲမှာ ပါလာခဲ့ပါတယ်။ ထို့အတူ အဲဒီနေ့က ရိုက်ခဲ့တဲ့ ပန်းပုရုပ်ဓါတ်ပုံတွေဟာ လည်းပဲ အတူရှိနေခဲ့ပါတယ်။ Realism ပန်းပုရုပ်တွေနဲ့ အတူ မော်ဒန်ပန်းပု လက်ရာတွေ ၊ ဘုရားဆင်းတုတော်ပုံတွေ ၊ သားအမိပုံတွေ ၊ ကြိုးကြာငှက်တွေ ၊ စာကလေးတွေ အစာကောက်နေပုံတွေ ရေအိုးသယ်လာတဲ့ မိန်းမပျိုတွေ ၊ လင်းယုန်ငှက်တွေဟာ အပြန်လမ်းခရီးက Express ကားပေါ်မှာ မှေးစက်နေတဲ့ ကျွန်တော့်မျက်ဝန်းအိမ်မှာ ထင်ဟပ်နေပါတော့တယ်။

ရန်ကုန်ရောက်ပြီ။ ပြည်လမ်းမကြီးဟာ ဝါလဲ့လဲ့ မီးရောင်တွေနဲ့ အတူ ကြိုနေပါတယ်။ မျက်လုံးဟာ ရီဝေနေတယ်။ ကားပေါ်က ဆင်းဖို့ ကျွန်တော်ဟာ အိပ်ချင်မူးတူးနဲ့ ကားပေါ်က ဆင်းမယ်အလုပ် “ဘိုင့်ဘိုင်” ဆိုတဲ့ နှုတ်ဆက်သံ ကို ကြားရာကို ကြည့်လိုက်တော့ မိန်းမပျို ပန်းပုရုပ်တစ်ရုပ်ဟာ လက်ပြနှုတ်ဆက်နေပါပေါ့လား။ ကျွန်တော်အံ့သြသွားမိလို့ မျက်လုံးကို သေချာ အာရုံစိုက်လိုက်မှ ပန်းရောင်အလှနဲ့ မော်ဒယ်မလေး ဇင်မီမီကျော်ဟာ အားလုံးကို လက်ပြနှုတ်ဆက်နေတာကို သိလိုက်တော့တယ်။ မာလာမှတ်တိုင်ဟာ ကဗျာဆန်လွန်းရဲ့။ သီချင်းတစ်ပုဒ်ကို ကြားမိတော့ မာလာဆောင်ဘက်မှာ ဖွင့်တဲ့ သီချင်းသံတွေလည်း မဟုတ်ဘူး။ ဘဝခရီးလမ်းပေါ်မှာလျှောက်လှမ်းနေရင်းနဲ့ ၂၈ နှစ်တာ လုံးငုပ်လျှိုးနေတဲ့ ကျွန်တော့် ဘယ်ဘက်အိပ်ကပ်ထဲက သီချင်းတစ်ပုဒ်ပါလား။


ကျော်ညိုသွေး


Trip Essay


Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး