လူပျိုရည်

လမ်းမပေါ်က ဒဗလျူဘောလုံးကို မက်မက်မောမော ကန်နေတဲ့ ကလေးတွေ က လူမှုရေး စက်ရုံက ဝင်ရိုးတွေ လည်နေသံကို ဘယ် ဖမ်းဆုပ်မိမလဲ။ အခြေခံကျကျ ပြုပြင်ပြောင်းလဲရေးကို စွမ်းနိုင်သူကို အာဂလူလို့ ယူကြမယ်။ ဒီလိုမျိုးတွေ အတွက်လည်း သစ်ပင်ပျိုးနေရင် ကိုယ်ဟာလည်း အခုတင် အိုမင်းနေအောင် တွေးမိပေါ့။ မလှပတဲ့ သီချင်းတွေ အတွက်တော့ ကိုယ့် လူပျိုရည် ရောင်းမယ်ကွယ်။ သံသရာအတွက်မတွေး မျက်စိရှေ့က ချွေးပေါက်လေးတွေ ခဏတာ တိတ်ဖို့ ၊ လူကုံတန် သီချင်းတွေ ပြီးရင် ညှိုးနွမ်းနေတဲ့ သစ်ရွက်ကလေးတွေ ရေစင်ဖြန်းဖို့ လူပျိုရည်ရောင်းမယ် ကွယ်။ လူပျိုရည် ရောင်းပါတယ်။ သန့်စင်ထားတဲ့ မူးယစ်ဆေးဝါးတွေလိုချိုမြ ၊ ပင်လယ်ကမ်းစပ်က သဲခုံတွေလို ဖြူဖွေး ၊ လေနုအေး တိုက်တဲ့ အရပ်က ပန်းသစ်ခွတို့ ရဲ့ အာရုံနှိုးတေးသွားလို လူပျိုရည် ကိုယ်ရောင်းမယ်။ ပြာသိုတဲ့ တပိုတွဲမှာ ပွင့်တဲ့ ပန်းတွေ ကောင်းချီးပေးပါစေ။ ဆက်ရက်တွေ တောင်ပံကျိုးတဲ့ အခါ ကြောင်တွေလည်း အလိုလို ခံတွင်းပျက် ရတော့မယ်။ ဒီလိုနဲ့ အေးစိမ့်တဲ့ တောင်ပေါ်ဒေသလေး တစ်မြို့ ကိုယ်ဖြစ်ချင်တယ်။ လတ်ဆတ်တဲ့ သစ်သီး ဝလံတွေ ကို ခူးဆွတ်တဲ့ အခါ မြည်တဲ့ အသံကိုက ချိုမြမြ ၊ အညှာကထွက်တဲ့ အစေး လည်း လောင်မယ်။ ငါက မှည့်ဝင်းတဲ့ လေပြေညှင်းတွေကြားမှာ လွင့်မျောနေရင်း စွန်တစ်ကောင်လို ပျံဝဲ။ အောက်ဘက် အရပ်ဆီက မြင်ကွင်းတွေ အတွက် သီချင်းဆိုလည်း မထူး။ ဒါကြောင့်လည်း လူပျိုရည် ရောင်းမယ်။ ရောင်းမယ်ကွယ် ငါ့လူပျိုရည်ကို ထန်းရည်ချိုလို ၊ လက်ဖက်နုထွေးလို၊ လက်နုနုလေးတွေ နဲ့ လည်း မလဲလှယ်လို။ အသည်းကို လည်း မပေး။ ကိုယ်ရောင်းမယ့်လူပျိုရည် ဝယ်ပါကွယ်။ သံသရာမှာ ဒီလူဟာ ဘုံလူအဖြစ် နဲ့ စိမ်းလန်းတဲ့တေး ကို ဆိုပြလို့ ငြိမ်းချမ်းရေး အတွက် လည်း မဟုတ်လည်း လမ်းပေါ်က ဒဗလျူဘောလုံးလေး တွေ သန့်စင်အောင်ဆေးဖို့ ရေကန်လေး တစ်ကန် ဆောက်ဖို့ ၊ ဗလာစာအုပ် ပေါ်က လက်ရေးလှလှတွေ အတွက် လူပျိုရည်ရောင်းမယ်။ လူသားဆန်တဲ့ အသိတွေ ၊ ခေတ်မီ တဲ့ အတွေးတွေ အတွက်ကွယ်။ တခါက အသည်းကို ဖြတ်ရောင်း ကဗျာစာအုပ် စက်ရုံထောင်ချင်သလို အခုအခါ ကမ္ဘာကြီးပေါ်က အပေါက်တွေ ဟာ များလာတယ်။ ဒီမှာ ကွယ် စိတ်ရင်း နဲ့ ရောင်းမယ့် လူပျိုရည် ဆန္ဒတစ်စုံတိုင်းအတွက် ငံ့လင့်လို့ ဝိုင်တစ်ခွက်နဲ့ ပြိုင်ဖက်ကို အနိုင်ယူပြီးတဲ့ အခါ စိတ်ဖြေရာ အတွက် အဆိပ်တွေ မပါတဲ့ လူပျိုရည် ရောင်းမယ်။ လူလူချင်း အိပ်မက်မက်စေဖို့ ၊ လူသားချင်း စာနာဖို့ မလှတဲ့ အရေပြားတွေ လှစေဖို့ ၊ လူစွမ်းအားအရင်းအမြစ်တွေ လည်း ပြည်တွင်းဖြစ်ကို ပိုမိုထုတ်လုပ်လာနိုင်စေဖို့ ကိုယ်ကလည်း လူပျိုရည်ကို တသသ မွေးမြူလို့ ။ ဒီမှာ ကွယ် ငါ့ရဲ့ လူပျိုရည်လေ။ လူပျိုရည် ။ လူပျိုရည်။ လူပျို အပျိုတွေ မောင်နဲ့ နှမ သားနဲ့ အမိ လှမ်းကြည့်လိုက်တဲ့ အခါ ဒီမြေမှာ စိမ်းလန်းနေတဲ့ မြင်ကွင်းတွေ ၊ ရှုခင်းတွေ ၊ ပို့ကုန်အတွက် သယ်ဆောင်သွားကြတဲ့ ကုန်တင်ကား သပ်သပ်ရပ်ရပ်တွေ ၊ အနက်ရောင်လမ်းမတွေ သန့်ရှင်းနေဖို့ လူပျိုရည် ရောင်းမယ်။ ပန်းသစ်ခွတွေ နဲ့ ဥယျာဉ်အလယ် လူငယ်လေး တစ်ယောက် စာအုပ်ဖတ်နေတယ်။ လူလတ်ပိုင်း တစ်ယောက် ပန်းချီဆွဲနေတယ်။ ရောင်းပါမယ် ဝယ်ပါကွယ်။ ဒီမှာ ငါဟာ ကုန်စည်နဲ့ဝန်ဆောင်မှု ဆုံတွေ့ဖို့ ၊ စိမ်းလန်းရေး ၊ ငြိမ်းချမ်းရေး အေးမြတဲ့ ပန်းချီနဲ့ သက်ငြိမ်တဲ့ တေးတို့ ဂြိုလ်ပြာပြာမှာ လင်းဖို့၊ ဘာဖို့ ၊ ညာဖို့ စသည်ဖြင့် စသည်ဖြင့်သော တစ်ကိုယ်ရည် ကြက်ဥလေး တစ်ကိုင်ကိုင် နန်းတော်ကြီးဆီ လှမ်းနေပေါ့။

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး