မြသားရောင်လမ်းကလေး


ကန်ထဲက ရေတွေဟာ ခွက်နဲ့ ခပ်ယူခြင်း ခံရပြီးတဲ့နောက်။ တစ်ကိုယ်လုံး ကို ရွှဲစိုသွားစေတော့တယ်။ ဆိုလိုတာကတော့ ရေကန်ထဲက ရေတစ်ခွက်ကို ယူပြီး ခေါင်းပေါ်က လောင်းလို့ ချိုးလိုက်တယ်ပေါ့။ ဟုတ်ပါတယ်။ ချွေးစက်တွေဟာ နွမ်းနယ်မှု ရဲ့ ပြယုဂ် ပဲ ဖြစ်ပါတယ်။ လူတွေ ရဲ့ အတွေးဟာ ရေချိုးခြင်း ၊ အညစ်အကြေးစွန့်ခြင်း နဲ့ ဘတ်စ်ကားစီးခြင်း တို့ ပြုလုပ်တဲ့ အခါမှာ ကွန့်မြူးတယ်လို့ သိထားဖူးတာပဲ။ ဒါပေမယ့်လေ အခုလောလောဆယ်မှာတော့ အတွေးတွေဟာ နောက်ပြန်လည်ရုံကလွဲပြီး ဘာမှမကွန့်မြူးဘူး။ ညနေဟာ စောင်းပြီး ခဲ့ပြီ ။ ညဘက်ဟာ ဝင်ရောက်ခဲ့ပြီ။ ပူအိုက်စေးထန်းနေတဲ့ ခန္ဓာကိုယ်ကို ရေလောင်းချလိုက်တဲ့ အခါ အရေပြားဟာ ဆပ်ပြာကို တောင့်တတော့တယ်။ ရေချိုးချိန်မကြာစေဖို့ ကိုယ့်ကိုယ်ကို သတိပေး ရတာလည်း ချိုပါတယ်ကွယ်။ ချိုပါတယ်။


+++++++++++++++++++++++++++++++++++++++++++++++++++ 


လမ်းတွေကို အိပ်မက်မက် ရင် ဘယ်လို ခံစားရမလဲ။ ပျော်လား ၊ ကြည်နူးလား ၊ တစ်ခုခုကို လွမ်းဆွတ်တမ်းတ တာမျိုး ဖြစ်ပေါ်ခံစားရလား။ အိပ်မက်ထဲမှာ လျှောက်တဲ့ လမ်းဟာ ဖြောင့်ဖြူးလား ၊ အနိမ့် အမြင့်တွေ နဲ့လား ၊ ဘေးနားမှာ ကွန်ကရစ်တုံးလေးတွေ စီထားလား။ ယာဉ်အသွားအလာရှင်းလား။ အလုပ်ပြန် ခြေလှမ်းရောင်စုံတွေ များပြားလွန်းလား။ သစ်ရွက်ကလေးတွေ ကြွေနေလား။ အိပ်မက်ဆန်လွန်းလား၊ အသက်ရှုသံတွေ ပြင်းလား။ ဘာပဲဖြစ်ဖြစ် အိပ်မက် ဟာ အိပ်မက်ပဲ ဖြစ်ပါတယ်။ အိပ်မက်ထဲမှာ မြင်ရတဲ့ လမ်းကို လျှောက်ရတာ ဟာ သိပ်ထူးဆန်းလား။ မျက်ရည်လည်စေလား။ ရင်ခုန်ချိုမူး စေလား။ အပြစ်ရှိသလို ခံစားရလား။ ရွက်ကြွေလေးတွေထဲမှာ တိတ်တခိုးအကြည့်ရဲရဲလေးတွေ ထည့်လို့ ကြွေလား။ နှုတ်ခမ်းထောင့်စွန်းတွေ တုန်ယင်နေလား။ စိတ်ထဲတွေ့ရာ စကားတွေ က သူ့နှုတ်ခမ်းကို ခိုးကြည့်နေလား။ 

 ++++++++++++++++++++++++++++++++++++++++++++++++++ 

 လမ်းကလေးထဲကို ကောင်လေး နဲ့ ကောင်မလေး တို့ဟာ လျှောက်လှမ်းလို့ လာကြတယ်။ 
ဟိုး...မြို့ပြ လမ်းမတွေမှာ နိစ္စဒူဝဘတ်စ်ကားတွေ ဟာ ဥဒဟို ဖြတ်သန်းမောင်းနှင်နေကြချိန် ၊ ကောင်လေး နဲ့ ကောင်မ လေး ဟာ ဆိတ်ငြိမ် လမ်းကလေးထဲမှာ ရုပ်ရှင်ဖလင်ကွက်တွေလို တစ်ကွက်နဲ့ တစ်ကွက် နည်းနည်းချင်းစီ တူသလို နဲ့ မတူတဲ့ အခြေအနေနဲ့ ခြေလှမ်းတွေကို စီမံခန့်ခွဲ နေတော့တယ်။ စိမ်းပြာရောင် ရင်ဖုံးအင်္ကျ ီဟာ ယဉ်ယဉ်လေး ဆိုတာကို လှနေအောင် ပုံဖော်ထားတာ ဖြစ်တယ်လို့ ကောင်လေးတွေးတယ်။ ကောင်မလေး ကတော့ ဘယ်ကို ငေးနေတယ် မသိရ။ ကောင်လေးရဲ့ စကားတွေဟာ ဖောင်းပွတယ်။ စောင်းငဲ့ ကြည့်လိုက်တော့ ကောင်မလေးရဲ့ နှာခေါင်းလေးရှုံ့ပြီး ရယ်တဲ့ အရယ်တွေဟာ စတော်ဘယ်ရီ ခင်း တစ်ခင်းနဲ့ မလဲနိုင်တဲ့ ဝင်းပမှုမျိုးနဲ့။ ဟုတ်ပါပြီ။ ဒီလောက်ဖွဲ့နေရအောင် ဒီလမ်းကလေးက ဘယလို လမ်းကလေးများလဲ။ အမည်မသိ လမ်းကလေးပေါ့။ အမည်မသိ လမ်းကြားလေး ထဲမှာ ကောင်လေး နဲ့ ကောင်မလေး နှစ်ယောက် လမ်းလျှောက်လာတယ်။ လမ်းကလေး ဟာ အဆင်းလမ်းကလေး နဲ့ ဖွဲ့ထားတယ်။ အဆင်းပေမယ့် ကောင်လေး နဲ့ ကောင်မလေး ဟာ သူတို့ ဖဝါးအောက်မှာ ဘီးတွေ တပ်မထားဘူး။ တစ်ယောက် ရဲ့ ခြေထောက်အောက်က ဘီး တွေ ကို တစ်ယောက် ခေါက်သိမ်းထားကြတယ်။ ဟုတ်တယ်။ လမ်းကလေးဟာ ခပ်ဝေးဝေး တမျှော်တခေါ်မှာ ရှိတဲ့ ကတ္တရာလမ်းမကြီးဆီ စွန်လွှတ်တဲ့ ကြိုးလို့ ခပ်ဟိုက်ဟိုက်လေး ငေးမျှော်နေတော့တယ်။


 +++++++++++++++++++++++++++++++++++++++++++++++++++++++ 

 ကောင်လေး ဟာ ကောင်မလေးရဲ့ တောင်ကုန်းအလှတွေကို စိုးရွံ့စိတ်နဲ့ လှမ်းကြည့်တယ်။ ဒီထက် အဲဒီတောင်ကုန်းအလှတွေ ရဲ့ အတွင်းပိုင်းက နှလုံးသားကို မြင်ဖြစ်အောင် မြင်ခဲ့တယ်။ တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားထဲ ဥယျာဉ်လေး တစ်ခုဟာ တည်ငြိမ်နေပေါ့။ ကောင်လေး မျက်လွှာချထားတော့ အဆင်းလမ်းကလေး ရဲ့ မြေပြင်ဟာ လှုပ်ရှားနေတော့တယ်။ လွမ်းတယ်ကွယ်။ ဘေးနားမှာရှိနေတာတောင် လွမ်းတယ် တဲ့။ အဲဒီလို ပြောသံကြားလိုက်လို့ ကောင်လေးလည်း ဘေးဘီဝဲယာ ကို လှည့်ကြည့်တယ်။ ဘယ်သူ့ကိုမှလည်း မတွေ့ရ။ အဲဒါ နဲ့ပဲ လမ်းကလေး ဟာ စက္ကန့်တံတွေကို ထမ်းပိုးထားတော့တယ်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++


ရင်ဖုံးအင်္ကျီ သူ့ရဲ့လက်ရှိအလုပ်ကလေးက အိန္ဒြေရတယ်။ ဘဝဆန်တယ်။ လှပတယ်။ ကြည်နူးစရာကောင်းတယ်။ ဒီလိုတွေးတော့ ကိုယ့် ပင့်သက်လေးတွေထဲ ငှက်ကလေးတွေ ယဉ်ယဉ်ကျေးကျေး တေးဆိုကြပေါ့။ ရင်ထဲက ကြေး ၊ ကြိုး ၊ သားရေ ၊ လေ ၊ လက်ခုပ် တို့ဟာ မတီးပဲမြည်ကြပေါ့။ သူမ နဲ့ ကျွန်တော့် ရဲ့ လိမ္မော်ရောင် ညနေခင်းလေးမှာ။ ။ သစ်ရွက်တွေပေါ်က ရွက်ကြောမျှင်ကလေးတွေဟာ ကောင်မလေးရဲ့ ပါးမှာ နားခိုနေကြတယ်။ စကားလုံးတွေဟာ လေထဲမှာ သူ့ဘာသာသူရှိပြီးသားလား။ သင်ယူတတ်မြောက်ခြင်းနဲ့ အတူ ရင်တွင်းလေ က ပုံဖော်ပေးတာလား။ စကားသံဖြစ် အင်္ဂ ါ အစိတ်အပိုင်းတွေ ပြည့်စုံပါလျှက် ပုံမပေါ်လာသေးတဲ့ စကားလုံးတွေ ဟာ ဘာကြောင့်များပါလိမ့်။ မြန်မာဆန်တဲ့ အရိပ်ကလေး ဘယ်သူတွေက ငေးမောနေတာပါလိမ့်။ ဆံရှည်ကောင်လေးဟာ သူမရဲ့ ထောပတ်ခြေဖဝါး လေးပေါ် သစ်ရွက်ကလေးတစ်ရွက်လို ကြွေကျတယ်။ ဆောင်းဦးရာသီရဲ့ ညနေခင်းဟာ နေရောင်တွေ တိတ်ဆိတ်ပြီးတဲ့ နောက်မှာ ချွေးစို့စို့ မျက်နှာပေါ်က အပြုံးရိပ်တွေကို ဖန်ဆင်းပေးတော့တယ်။ ကောင်မလေး ရဲ့ ယူကလစ်နံ့တွေ ဟာ ကောင်လေးရဲ့ ဆည်းဆာ မှာ အင်အားဖြည့်တိမ်လိမ္မော်တွေကို ထုဆစ်နေဆဲပေါ့။

 +++++++++++++++++++++++++++++++++++++++++++++++++++++++++++ 


 ဘေးနားက လူတွေရဲ့ ပဲ့တင်သံမှာ ကောင်လေး နဲ့ ကောင်မလေး တွဲလျှောက်သွားတဲ့ ခြေလှမ်းတွေတလျှောက် လိုက်ပါသွားတော့တယ်။ ကံကောင်းခြင်း ဆိုတာ ဘေးက ရပ်ကြည့်နေတဲ့ သူတွေ အတွက် လွယ်လွန်းမယ် ထင်ပါရဲ့။ ကံကောင်းခြင်း ဆိုတာ ဘယ်လိုများပါလဲ။ ကံကောင်းတဲ့ အခါ အကြောင်းတွေလည်း လှ တော့မှာပေါ့။ ရင်ဖုံးအင်္ကျ ီ လေး နဲ့ စပို့ရှပ် လေးတို့ဟာ ညနေခင်းထဲမှာ စနစ်တကျ တပ်ဆင်ထားသလို။ တချို့မျက်ဝန်းတွေရဲ့ ငေးမောမှုကလည်း ကောင်လေး နဲ့ ကောင်မလေး နှစ်ယောက်လုံးရဲ့ အပေါ် ကို ချိုမြသံစဉ်တွေ နဲ့ ထုံမွှမ်းထားသလို။ လမ်းကလေးကို လျှောက်လှမ်းရင်း နဲ့ ကောင်မလေး ရဲ့ စလင်းဘက်ထဲက ကမ္ဘာဦးသီချင်းဟာ တိတ်ဆိတ်နေပေါ့။ တောင်တန်းတွေပေါ်မှာ ပွင့်တဲ့ ပန်းတွေဟာ ဘာရနံ့မှန်းမသိပါဘူး။ ဒီတောင်တန်းတွေ ဟာ အောက်တိုဘာ ညနေခင်း အတွက် ပွင့်မယ့် ပန်းတွေ ကို ထိန်းချုပ်ထားကြတယ်။ သူ့ ကို စိတ်ကူးနေတဲ့ ညမှာ ပိုးစုန်းကြူးလေး မြင်ရင်တောင်ပျော်နေတဲ့ ကောင်လေးဟာ အခု ဘယ်လောက် ပျော်နေမလဲဆိုတာ စဉ်းစားကြည့်လေ။ ဘာမှ ဟိုလို ၊ ဒီလိုမတွေးပါနဲ့။ တကယ်တော့ ကောင်လေးက ကောင်မလေးဆီက ဘာအခွင့်အရေးမှ မရပါဘူး။ ဒီအတိုင်း ကြည်နူးရုံလေးပါ။ အပြစ်ရှိသလို ခံစားရတဲ့ စိတ်နဲ့ ဆံပင်တွေကို သပ်တင်တယ်။ ကောင်လေးရဲ့ ဆံပင်တွေ ဟာ သိပ်ပျော့တယ်။ ကောင်မလေးဟာ ကားတွေ ဥဒဟို ပြေးနေတဲ့ လမ်းမဘက်ကို မျက်နှာမူလို့ ထိုင်နေလေရဲ့။ ကောင်မလေးရဲ့ ဆံပင်တွေဟာ အဖြောင့်။ အဲဒီ အဖြောင့်ဆံပင်လေးတွေဟာ ရင်ဖုံး အင်္ကျ ီ လေးပေါ်ကို ဝဲကျနေတယ်။ ကောင်မလေး ကပြောတယ်။ “ဒီဆံပင်တွေက စက်နဲ့ ဖြောင့်ထားတာပါ။ တကယ်တော့ ကျွန်မဆံပင်တွေက ကောက်တယ်” ။ ကောင်လေး သိတာပေါ့။ ဒီကောင်မလေး ရဲ့ဆံပင်တွေ ကောက်တယ်ဆိုတာကို။ “သိပါတယ်လေ။ တနင်္ဂနွေသမီးဆိုတာ ၊ စိတ်ကောက်ရင်ကောက် ၊ စိတ်မကောက်ရင် ဆံပင်ကောက်” ကောင်မလေး ရဲ့ နှုတ်ခမ်းစူသွားတယ်။ ကောင်လေး က ခပ်ဟဟရယ်တယ်။ တကယ်တမ်းတော့ အဲဒီပုံရိပ်လေးဟာ ကောင်လေးရဲ့ စိတ်ကူးစာအုပ်လေးထဲက စာမျက်နှာ တစ်ထောင်ကျော် ဘယ်လောက်မှန်းမသိမှာ ညှပ်ထားတာကို ခံလိုက်ရတယ်လေ။ အနက်နဲဆုံး ခံစားမှုတွေ ချရေးဖြစ်တော့ အဲဒီအဓိပ္ပါယ်ကို ဒိုင်ယာရီလို့ ခေါ်သတဲ့။ အဲဒီလို ဒိုင်ယာရီပေါ် ချရေးတာတွေဟာ ဒိန်ခဲအိုးထဲက နှုတ်ခမ်းဝမှာ ကပ်ညှိနေတဲ့ ဒိန်ခဲ အစအနလေးတွေပါပဲ။ မြေအိုးကလေးထဲမှာ ဒိန်ခဲအသားတွေဟာ ရှိသေးတယ်။ ကောင်လေးဟာ ကောင်မလေး ရဲ့ ဆံနွယ်ဖြောင့်ဖြောင့်စင်းစင်းတွေကို ငေးကြည့်နေတယ်။ အဲဒီထက် ကောင်မလေးရဲ့ မွေးရာပါ ဆံပင်ကောက်ကောက် ကွေးကွေးလေးတွေ ကို ပိုပြီး ငေးကြည့်ချင်တယ်။ ကွေးကောက်တတ်တဲ့ ကောင်မလေးဟာ ကောင်လေး ရဲ့ နှလုံးသားထက်မှာ စပရိန်လေး လို ခုန်ပေါက်ပြေးလွှား နေတော့တယ်။ ကောင်မလေး ကတော့ သူ့ဆံပင်ကောက်ကောက်ကွေးကွေး လေးတွေကို အဖြောင့်ပုံစံ အတိုင်းပဲ ထားဖြစ်ခဲ့တာ ကြာပြီလေ။ သူ့အနေနဲ့ ဒီဆံပင် ကောက်ကောက်ကွေးကွေးလေးတွေ ကို ကြည့်မှန်ထဲမှာ မြင်မကြည့်ခဲ့တာ ကြာပြီ။

 ++++++++++++++++++++++++++++++++++++++++++ 

 ဒီလမ်းကလေး က လျှောက်လို့ကောင်းလား ကောင်လေး မသိဘူး။ လမ်းကလေး ရဲ့ ပုံသဏ္ဍန် ကိုလည်း ကောင်လေး မသိဘူး။ အသိစိတ်ထဲမှာတော့ ကောင်မလေးကို လမ်းရဲ့ ဘေးဘက် လမ်းအစွန်ကနေ လမ်းလျှောက်စေဖို့ မသိမသာ စိတ်နဲ့ တိုးပေးနေတယ်။ လမ်းကလေးက ကားအသွားအလာ နည်နည်းရှိတယ်။ အနောက်ဘက်က လာနေတဲ့ ကားတွေကို ကောင်လေး နောက်လှည့် လှည့်ကြည့်ရင်း လျှောက်နေတော့တယ်။ ကောင်မလေးဟာ သပ်ရပ်တဲ့ စလင်းဘက် အညိုလေး ကို လွယ်ထားပြီး လက်တစ်ဘက်က အလုပ်လက်ဆွဲအိတ် ကလေး တစ်လုံး ကို ကိုင်ထားတယ်။ ကောင်လေး လက်ထဲမှာတော့ နေ့စဉ်ထုတ် သတင်းစာ တစ်စောင် နဲ့ အတူ ဂျာနယ် နှစ်စောင် ၊ သုံးစောင်ဟာ ပိုက်ထွေးလျှက်ပေါ့။

 ++++++++++++++++++++++++++++++++++++++++++ 

 လမ်းဘေး ဆိုင်ကလေးဟာ မြို့ပြမြင်ကွင်းကိုလည်း လှမ်းမြင်ရတယ်။ တစ်စုံတရာ သော အေးဆေးမှုကိုလည်းရတယ်။ ဒီလို နဲ့ ကောင်လေး နဲ့ ကောင်မလေး ဟာ ရေနွေးကြမ်းပန်းကန်လေး နှစ်ပန်းကန် ဖြစ်တယ်။ ကြာဇံကြော် နှစ်ပွဲ ဖြစ်တယ်။ ကိုယ်ရေးကိုယ်တာ နှစ်ခု ဖြစ်တယ်။ ခေတ် အဆက်ဆက် မရိုးတဲ့ စကားတွေ ဟာ ဒီခေတ်ကြီး ရဲ့ ညနေခင်းတစ်ခုမှာလည်း ဖန်တရာတေနေတယ်။ ခေတ်ကြီး အကြောင်းပြောတယ်။ လူ့သဘာဝတွေ အကြောင်းပြောတယ်။ ပတ်ဝန်းကျင် အကြောင်းပြောတယ်။ သူတို့ စိတ်ထဲမှာ လှည့်လည် လည်ပတ်နေကြတဲ့ စကားစုတွေ ၊ စကားလုံးတွေတော့ နှိုးစက်နဲ့ ဝေးနေသေးတယ်။ ဒီလိုပါပဲ။ ညနေခင်းတွေဟာ တိတ်ဆိတ်နေတတ်တယ်။ စားကောင်းတဲ့ ကြာဇံကြော်တွေ ဟာ နီနီရဲရဲ ငရုတ်ဆီတွေ ထည့်မထားကြဘူး။ ဒီလိုနဲ့ ညနေခင်းထဲက ပြေးထွက်ဖို့ ဖြစ်လာတယ်။ တာမွေဟာ လမ်းမီးတိုင်တွေရဲ့ ပြုစားမှု အောက်ကို ရောက်ခဲ့ပြီလေ။ 

+++++++++++++++++++++++++++++++++++++++++++ 

 တာမွေကို သွားမယ့်ကားဟာ ဘယ်ကနေ စပြီးထွက်ခွာလာပါသလဲ။ ကောင်လေးဟာ ကောင်မလေးကို ကြည့်နေတယ်။ ကောင်မလေး ပိုက်ထားတဲ့ ဂျာနယ် အထပ်ကြီးဟာ သိပ်လှနေပါတယ်။ ဘာကြောင့်လှနေတယ်ဆိုတာတော့ ကောင်မလေး မသိဘူး။ ကောင်မလေးရဲ့ ဝတ်စုံပြည့်ဟာ ညနေခင်းရဲ့ အလံတော် ဖြစ်တယ်။ ကောင်လေး ရဲ့ စိတ်လုံခြုံမှုပေးနိုင်တဲ့ အနွေးထည်ဖြစ်တယ်။ ဘာကြောင့်မှန်းမသိ စောင့်နေတဲ့ ဘတ်စ်ကားဟာ စောစော ရောက်လာတယ်။ တာမွေအဝိုင်း ကို ဖြတ်ကျော် မောင်းနှင်ဖို့ ကောင်လေး နဲ့ ကောင်မလေး တို့ ရပ်နေတဲ့ မှတ်တိုင်မှာ ခဏနားတယ်။ ကောင်မလေးဟာ သူ့ရဲ့ ချစ်သူဆီ သွားဖို့ စိတ်အားထက်သန်နေတယ်။ ရင်ဖုံးအင်္ကျ ီ လေးဟာ ခြေလှမ်းတွေ သစ်လွင်လတ်ဆတ်နေတယ်။ ဘတ်စ်ကားဟာ ဂုဏ်ယူဝံ့ကြွားစွာ မောင်းနှင် ထွက်ခွာသွားတယ်။ ဘေးဘီမှာ လူတွေ တစ်ယောက်စ နှစ်ယောက်စ ဟာ သူတို့ စောင့်မျှော်နေတဲ့ ဘတ်စ် ကား ကို ငေးမော မျှော်လင့်လို့။ စီးကရက်တွေဟာ စိတ်လုံခြုံမှု ကို ပေးသလား မသိ ၊ တသိ ။ စီးကရက်ငွေ့တွေဟာ တာမွေမြို့နယ်မှာ လွင့်ပျံနေခဲ့ပါတော့တယ်။ စီးကရက်မီးခိုးငွေ့တွေဟာ ဖုန်းခေါ်စရာမလိုဘူး။ တယ်လီပသီ ရှိစရာမလိုဘူး။ စာတို ပို့စရာမလိုဘူး။ အီလက်ထရွန်းနစ် ကမ္ဘာကြီးထဲက နေ့ရက်တွေထဲမှာ သူတို့ ပျံသန်းချင်ရာကို လွတ်လွတ်လပ်လပ် ပျံသန်းသွားနိုင်ကြတယ်။ လေထုထဲ စီးကရက်ငွေ့တွေ ရောနှောသွားတော့ လူတွေက သူတို့ကို ပျောက်ဆုံးသွားပြီလို့ ယူဆကြတယ်။ တကယ်တော့ သူတို့ ကိုယ်တိုင် ရဲ့ စိတ်ညွှန်ရာကို ထွက်ခွာသွားကြတာသာ ဖြစ်ကြတယ်လေ။ 


 +++++++++++++++++++++++++++++++++++++++++++ 


 နာမည်ကျော်တယောပြားလေး ဟာ ကလေးဘဝမှာ သူဆုရတဲ့ ရေဒီယိုကြီး ကျကွဲသွားလို့ပဲ အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်ခဲ့သတဲ့။ ချစ်ပြုံးနှင်းဆီ သီချင်းထဲမှာတော့ အဲဒီလို လမ်းပေါ်မှာ ကျကွဲသွားတဲ့ ရေဒီယို ကလေးဟာ ချိုအီမွှေးကြိုင်နေတော့တယ်။ 

ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး