ဟယ်လင်ရဲ့ကမ္ဘာ

ဟယ်လင်ရဲ့ကမ္ဘာ

.
အနက်ရောင်ပန်းတွေကြားထဲကလှမ်းမြင်ရတဲ့
ဟယ်လင်ရဲ့ နိုင်ငံတော်ဟာ
ဖြူလွလွ အဝတ်စတွေ တလွင့်လွင့်နဲ့။
.
အလွမ်းဆိုတာ..
နှစ်ပါးသွားပြဇာတ်ကိုကြည့်လို့ရတဲ့..
ကြည်နူးမှုမျိုးလိုမဟုတ်ဘူးဆိုတာ 
မင်းသိလောက်ရဲ့။
.
အကြွေစေ့တွေ ပစ်မြှောက်လိုက်တိုင်း
ပြန်ကျလာတာက..
တကူးတက မိုးရေတွေပဲ
လက်ဖဝါးထဲမှာ မီးတောင်တွေထည့်သိမ်းထားတယ်။
.
ကြမ်းတမ်းပါစေ သည်းခံမယ်
လူဖြစ်ရတဲ့ ဘဝထဲက ခက်ခဲမှုတစ်ခုပဲ
ဝင်္ကပါတွေထဲက..
နှင်းဆီပန်းအကြွေတွေမြင်တိုင်း
ငတ်မွတ်နေတဲ့ အပြုံးကို 
ဘယ်လိုအငွေ့ပျံပစ်စေခဲ့ရသလဲ
မင်းသိတယ်။ 
မင်းသိမယ်။ 
မင်းလည်း သိလောက်ရဲ့။
.
ငါ့ကိုယ်ငါလည်း ခွင့်မလွှတ်ဘူး။
ညတွေအပေါက်ပေါက်အပြဲပြဲဖြစ်နေခဲ့ရတာလည်း 
ခွင့်မလွှတ်ဘူး။
လမ်းဆုံးပြီ။
ဘူတာရုံအိုလေးထဲ ကျန်နေခဲ့ပြီ။
ကြယ်ကြွေနေတဲ့..
အိပ်မက်တွေထဲက မင်းနှုတ်ခမ်းပင်လယ်ကို
လက်ပစ်ကူးရင်း ငါကျရှုံးခဲ့ပြီ။
.
ရင်ကွဲပက်လက်နွေထဲက
ငါ့အော်ဟစ်သံတွေတဆုံးမှာ
စပါးနှံတွေရင့်မှည့်ကုန်ကြပြီ။
.
မိုင်များစွာအဝေးဆီ..
တေးသံတွေ ခရီးထွက်သွားကြ
ဟန်းနီးမွန်းဆိုတဲ့ စကားလုံးကို 
ငါ့အဘိဓါန်ထဲက စာမျက်နှာတွေထဲ 
စုတ်ဖြဲလို့ထားခဲ့မယ်။
.
နှစ်ပါးသွားပြဇာတ်ဆိုတာ.. 
ထိုင်ငေးဖို့မဟုတ်ဘူး။
ကိုယ်တိုင်ပါဝင်ကပြဖို့ 
ဆန္ဒတွေ..
ဟောဒီကမ္ဘာထဲမှာ နစ်မြုပ်ဝင်နေခဲ့တာ
အသင်္ချေကြာခဲ့။
ငါမင်းကို အော်ခေါ်နေခဲ့တာ 
အသင်္ချေကြာခဲ့။
တစ်မိနစ်၊ တစ်စက္ကန့်လေးတွေကြားထဲမှာတောင် 
မင်းအသံကို ငါရှာမတွေ့နိုင်တော့ဘူး။
.
ကံကြမ္မာကို ကြိုဖတ်လို့ရရင်
တိမ်တွေဖြစ်ထွန်းလာတဲ့အထိ 
ငါ့ကိုယ်ငါ ကျောက်ချလို့ထားခဲ့မိမှာပဲ
တွေးတယ်။
.
ဒီမြစ်ကို ငါမကူးခတ်လိုက်ရဘူး
ငါးတွေကို ငါမြင်တယ်
ဒီတောင်တန်းတွေကို ငါငေးမောရုံပဲ ကျေနပ်ခဲ့ရ။
.
မင်းလည်းသိမှာပဲ
သံခြေကျင်းခတ်ထားတဲ့ လူ့ဘဝအဖြစ်ကို 
ငါကြိမ်ကြိမ်ငြင်းဆန် 
ငါအကြိမ်ကြိမ် လက်ခံခဲ့ရ
.
ကြမ်းတမ်းလွန်းတဲ့ နူးညံ့မှုကို 
ဇလီဖားတုံးတွေလို မျိုသိပ်ခဲ့ရ
ရင်ဝအထိတက်လာတဲ့ ဆန္ဒကို 
ကျောက်ထွင်းကျိန်စာအဖြစ်စတေးပစ်ခဲ့ရ။
ကျောက်တုံးတွေထဲမှာ ငါ့အတ္တတွေ နစ်ဝင်နေတယ်
အဖြစ်အပျက်တွေဟာ ပုံပြင်ဆန်လွန်းနေတယ်
မိုးရေစက် တစ်စက်ချင်းစီတိုင်းရဲ့အဇ္ဖျတဟာ
မှောင်မိုက်နေတယ်။
.
ကဗျာဆန်သော နေ့ရက်တွေ..
ကြာဖြူတွေလိုပွင့်ခဲ့ပြီး ကျောက်ဖြစ်သွားခဲ့
ငါ့အာရုံတွေဟာ စွန်တစ်စင်းလို ပြတ်ကျခဲ့ပါပြီ
သူရဲကောင်းဆန်တဲ့ သီချင်းကို ငါမုန်းခဲ့ပါပြီ။
.
ပျော်ရွှင်ခြင်းတံဆိပ်ခတ်နှိပ်ထားတဲ့ ဖန်ခွက်အလွတ်တွေထဲ
သိမ်းပိုက်ခြင်းဝိုင်နီနီတွေ ထည့်သောက်ရင်း
မင်းတစ်ယောက် မူးရီလို့နေပြီလား။
အဆိပ်တွေကို ကြည်ဖြူတတ်သွားတော့မယ့် မင်းရဲ့ အနာဂတ်ကို
ငါကြိုမသိနိုင်တော့ဘူး။
.
ပိုးပုရွက်ကောင်တွေရဲ့ ကိုက်ခဲမှုက
ငါ့အနားယူချိန်တွေကို သိမ်းပိုက်သွားပြီးတဲ့နောက်ပိုင်း
ချိပ်ပိတ်ထားခဲ့တဲ့ တံခါးကို ဖျက်စီးပစ်ချင်တယ်။
.
မင်းကတော့ နောက်ကျနေတဲ့ ပျော်ရွှင်မှုထဲမှာ
ကျွဲတစ်ကောင်လို လူးနေတော့မယ်
ကြာဖြူတွေကို လှောင်ရယ်နေတော့မယ်
အမှားတွေဟာ အမှန်တွေပဲလို့ ယူဆနေတော့မယ်။
မစွန့်လွှတ်နိုင်ဘူးဆိုတဲ့ နိုင်ငံကို
ပျော်ရွှင်ခြင်းနဲ့ အလျော်အစားလုပ်နေတော့မယ်
အတိတ်ကို သတိရနေတဲ့အခါ 
ပျော်ရွှင်ခြင်းဆိုတာ
နောက်ကျခြင်းလို့ အမည်တပ်နေတော့မယ်။
.
လူဖြစ်ရခြင်းက ပင်ပန်းလွန်းတယ်လို့ထင်တယ်
ဖိနပ်တစ်ရံဟာ အိပ်မက်တွေကို အရောင်တင်ပေးတယ်
ခွင့်လွှတ်စိတ်နဲ့ စုတ်ဖြဲခဲ့တဲ့ ကဗျာတစ်ပုဒ်ရဲ့ ပြာတွေကို 
လှလှပပငေးနေလိမ့်မယ်။
.
တိမ်ဝါတွေထွန်းတဲ့ ညနေထဲက..
တနယ်တကျေးဆန်တဲ့အရပ်ကို 
အထီးကျန်ကျန်ငေးမောဖို့လည်းမလိုတော့၊
ငုဝါတွေ တဖြည်းဖြည်းပွင့်လာမယ်
သံဝေဂတွေ တဖြည်းဖြည်း ရလာမယ်
မှန်တွေဟာ မင်းသံသယကို ဖြေလျော့ပေးလိမ့်မယ်
အလိုမရှိသော နှုတ်ခမ်းရဲ့ ပုံပြင်ဆန်ဆန် တေးဂီတကို 
ယစ်မူးသာယာနေလိမ့်မယ်။
နှစ်ပါးသွားပြဇာတ်ထဲက မင်းသမီးလေးလို 
အကအလှတွေနဲ့ ရင်တကာကို တုန်ရင်စေခဲ့ပြီးနောက်
နှစ်ပါးသွားပြဇာတ်ဆန်ခဲ့တယ်။
.
မင်းရဲ့ လျှို့ဝှက်သောဂီတကို 
ငါနားထောင်ခဲ့သင့်တယ်။
ငါဟာ..
မင်းကိုယ်တိုင်ထွေးပိုက်တီးခတ်နေခဲ့တဲ့ 
တူရိယာတစ်လက်လည်း ဖြစ်သင့်တယ်။
.
အချိန်တွေကုန်လွန်ခဲ့ပါပြီ
လောင်းလှေကလေးဟာ လကမ္ဘာဆီခရီးထွက်ခဲ့ပါပြီ
ငါယစ်မူးနေသော အမှောင်တွေဟာလည်း အက်ကွဲခဲ့ပါပြီ။
.
ကံကြမ္မာဟာ..
စစ်သူကြီးတစ်ယောက်လို ငါ့ရင်ကိုပျက်စီးစေဖို့ 
ဗျူဟာတွေကျွမ်းကျင်လွန်းလှရဲ့။
မှောင်မိုက်သောတွင်းထဲက ဖားငယ်ကလေးလို
ငါဟာ သိမ်ငယ်မှုပန်းပွင့်တို့ တလွှားလွှားပွင့်ဝေလို့။
.
ယူကလစ်တောနဲ့ တူပါသော 
အခက်အလက်ကလေးရေ..
စွန့်လွှတ်ခြင်းကျမ်းစာဟာ သက်ဝင်ပြောင်မြောက်ခဲ့ပြီ။
နေ့အလင်းနဲ့တူသော ချစ်ခြင်းမေတ္တာထဲမှာ 
ညရဲ့အငွေအသက်တွေရောနှော၊
အရာရာဟာ သမိုင်းပုံပြင်ဆန်ခဲ့ပါပြီ။
.
ငါဟာ သက်ရှိလား၊ သက်မဲ့လား မသိတော့၊
နံရံပေါ်က..
ချစ်ခြင်းဖွဲ့စာသားတွေကို ငေးမောရင်း
ခေတ်အဆက်ဆက်ချစ်သူတွေရဲ့ သင်္ကေတတွေထဲမှာ
အမည်မဲ့သူရဲကောင်းကြီးဖြစ်နေခဲ့တဲ့ အကြောင်း
နေ့ကိုလည်း ပြောပြ၊ ညကိုလည်း ပြောပြ
လေထုထဲက ပန်းရနံ့တွေကိုလည်း ပြောပြ
လမ်းဘေးမှာ လေလွင့်နေတဲ့..
တိရိစ္ဆာန်ကလေးတွေနဲ့ စကားစမြည်မှာ
ငါ့အတိတ်တို့အတွက် ရွာတဲ့မိုးတွေသည်းခဲ့ရတယ်။
.
အခုထိပါပဲ..
ငါ့တူရိယာတွေမှာ 
ဆင်မြန်းထားခဲ့တဲ့ သတ္တုုကြိုးတွေထဲ..
မင်းဝိဉာဉ်တွေ နစ်ဝင်လို့။
.
အနုသုခုမတွေ ပျောက်ဆုံးတဲ့အခါ 
ဟောင်းနွမ်းလေးသော ပြက္ခဒိန်တွေကို 
အပြန်ပြန်လှန်ရှာဖွေမိတယ်။
နေ့၊ ရက် ၊ သက္ကရာဇ်တွေ လွန်းသီတဲ့ ကြိုးနဲ့
ငါ့ကမ္ဘာကိုချည်ခဲ့တဲ့ ပွင့်ဖတ်လွှာတွေထဲ 
မင်းမျက်နှာတွေ အကြိမ်ကြိမ် မြင်မက်ခဲ့။
.
ခြောက်သွေနေတဲ့ သစ်ပင်တွေဟာ ငါ့အကကို ခိုးယူသွားတယ်
တိတ်ဆိတ်နေတဲ့ ညရဲ့လမ်းတွေဟာ ငါ့အထီးကျန်မှုကို ခိုးယူသွားတယ်
လစ်ဟာနေတဲ့ ဝိုင်ပုလင်းတွေဟာ ငါ့မျက်ရည်ကို ခိုးယူသွားတယ်။
.
နေ့ရက် မနက်တွေရောက်တိုင်း
ငါ့ရင်ခုန်သံအလံတော်ဟာ စိုစွတ်နေလျက်..
တလွင့်လွင့်မလူနိုင်တော့ပါ။
.
သစ်ရွက်တွေခေါ်ဆောင်ရာအတိုင်း
မြို့ရဲ့ခြောက်ကပ်နေတဲ့ အပိုင်းတွေဆီရောက်တဲ့အခါ
လမ်းမတွေထဲ နစ်မြုပ်နေတဲ့ ကျောက်စရစ်ခဲတွေထဲမှာ 
ငါ့ကိုယ်ငါရှာဖွေနေရပေါ့။
.
လမ်းတွေဟာဝေးတယ်။
ငါအလွတ်ကျက်မှတ်ထားတဲ့ မြေပုံတွေရဲ့ ရတနာသိုက်ဆီ
ဘယ်သူက အရင်ရောက်နှင့်တာလဲ။
ငါ့ကိုညွှန်ပြနေတဲ့ လက်တွေဟာ 
ဘယ်ဆီက လာခဲ့ကြတာလဲ။
ငါ့ကိုမပြုစားနိုင်တော့တဲ့ ငုဝါတွေဟာ 
အက်ကွဲနေကြ။
.
အသီးအနှံတွေဟာ 
အဆိပ်အပင်းတွေအဖြစ် ပြောင်းလဲသွားကြ။
ငါ့ရမ္မက်အတွက် မော့သောက်တဲ့ 
အဝါရည်တွေအကုန်လုံး ဆွံ့အသွားကြ။
အကြည်ရောင်တွေဟာ..
ကန္တရထဲက သဲတွေနဲ့ လူးလှိမ့်လို့..
ငိုယိုအော်ဟစ်ကြ။
ဆူးပင်တွေဟာ
ခြေကုန်လက်ပန်းကျနေကြ။
တိမ်တွေဟာ မာကျောလို့
မြေပြင်ဟာ အငွေ့ပျံကုန်ကြတဲ့ 
အဲဒီလိုအချိန်အခိုက်အတန့်တွေသာ 
တစ်ကိုယ်ရည်တကာယ ညတွေကို
စည်းနှောင်ထားကြတော့တယ်။
.
မင်းသိရဲ့လား
သိလောက်ပါ့မလား
ဝေးကွားခြင်းဆိုတာရဲ့အနောက်မှာ
ဝေးကွာခြင်းလှိုင်းတွေ တဝုန်းဝုန်းရိုက်ခတ်
ငါ့နွားခြေရာခွက်ဟာ မုန်တိုင်းကမ္ဘာထန်ခဲ့ပြီ။
.
မခံနိုင်ဘူး..
အရူးတစ်ပိုင်းဆိုတဲ့ ဂီတဟာ
တရားလက်လွတ် ကျွံဝင်ခြင်းစိတ်သဒ္ဒါဆီက
လာတယ်။
ငါ့ဘဝထဲ..
ဘယ်စကားလုံးနဲ့ ငြိငြိ
ဂီတသံဖြစ်ပေါ်ရာ ဌာနဟာ 
မင်းဆိုတဲ့ အကြောင်းတရားနဲ့..
လွန်လေပြီးသော ကြည်နူးခြင်းမြစ်ရေစီးသံဟာ
ဖောင်ဖွဲ့ခြင်းခံရပြီးတဲ့နောက်
သမာဓိအင်္ကျီဟာ ချေးအလိမ်းလိမ်းနဲ့ ပေရေကုန်ကြ။
.
ငါ့သီချင်းသံသင့်တဲ့ ငှက်အမျိုးအပေါင်းတို့
အိမ်ပြန်လမ်းပျောက်ကုန်ကြ။
ငါ့သုခုမကို လိပ်ပြာတွေတောင် ကြောက်ရွံ့ကြတော့တယ်။
.
ညနေခင်းအစင်းစင်းအပေါ် ငါ့စိတ်မိုးတွေရွာကျ
လှလှပပသက်တန့်တွေ ခင်းထားတဲ့
ရထားသံလမ်းတွေဆီက ညည်းညူသံကို ငါကြားတယ်။
သောက်လက်စ ချိုရီဝေသော အခါးတွေဟာ
ငါ့ရင်ထဲမှာ ကခုန်နေကြတယ်
မြစ်ကိုကြည့်ရင်း မူးနေပေါ့။
.
ကျိန်စာဟာ လှလှပပ
ငါ့အဆောင်အယောင်ဟာ ငါ့အရူးစိတ်သာဖြစ်တယ်။
ဝင့်ဝဲနေတဲ့ ပြာတွေဟာ
ငါ့ဝိဉာဉ်ကို လှောင်ရယ်တယ်။
မခံမရပ်နိုင်..
အော်ဟစ်မြည်တမ်းခြင်း တေးသံဟာ
တိတ်ဆိတ်လွန်းလှပါလား၊
ကြောက်မက်ဖွယ်။
.
ကံကြမ္မာဟာ ရုပ်ရှင်တစ်ကားလိုမဟုတ်
လေနှင်ခရီးဟာ ပျက်စီးခြင်းငါးပါးနဲ့
ငါ့သမာဓိဟာ ငါ့ကို ခွက်ထိုးခွက်လှန်ရီနေပေါ့ကွယ်။
.
အမျိုးအမည်မသိစိတ္တဇဖြစ်တဲ့ စာရွက်ဖြူကို စုတ်ဖြဲလိုက်တိုင်း
မီးပွားတွေ လျှံတက်လာတယ်။
အနာဂတ်ဟာ..
သိမ်းဆည်းထားတဲ့ တံဆိပ်ခေါင်းတွေနဲ့ ကျပ်ခဲလို့
ငါ့ချစ်ခြင်းမေတ္တာဟာ..
စာအိတ်တွေထဲမှာ လှောင်ပိတ်နေခဲ့ရ
မှုန်ကုပ်ကုပ်စာတိုက်ပုံးကလေးထဲမှာ
လဲလျောင်းအိပ်စက်နေခဲ့ရ
ငါ့ကိုယ်ငါ ရှာတွေ့ဖို့
အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရပြီးတဲ့ ဝိဉာဉ်တွေဟာ
ယူကလစ်နံတွေရဲ့ ပြုစားမှုအောက်မှာ 
စမ်းချောင်းဆန်ခဲ့ရ။
.
သာယာတဲ့ တေးသံတွေကို ညကမ္ဘာထဲရှာကြည့်မိတော့
ဖန်ကွဲစတွေပဲ ဟိုးအဝေးကလွင့်လာတယ်။
ငှက်တွေရဲ့ပုံတူဟာ
နှလုံးသားထဲက လွင့်စင်ပြေးထွက်ကုန်တဲ့
နာနာကျင်ကျင် တေးသံတွေပါပဲ။
.
ဟယ်လင်ရေ...
ငါ့ရဲ့ ကမ္ဘာကုန်တိုင်အောင် ဟစ်ကြွေးစီးဆင်းနေခဲ့မယ့်
မြစ်တစ်စင်းရေ..
ခရမ်းရင့်ရောင်ဂီတတွေ 
မင်းတောင်တန်းတွေပေါ်ဖြတ်စီးနေပြီလား
ရှိုက်သံတွေဟာ မိုးခြိမ်းသံတွေလို အလွှာလွှာအထစ်ထစ်
အလိပ်လိပ်တက်ခဲ့ရ မြင်လေရာ ကွင်းပြင်တကာမှာ။
.
ဟယ်လင်ရေ..
မင်းသီချင်းသံတွေနဲ့ ကျစ်သီတဲ့ကြိုးတွေ
ငါ့အသည်းကို ဖျစ်ညှစ်ယူငင် ဆွဲခေါ်ကြပေါ့။
နာတယ်..ကျင်တယ်..ရက်စက်တဲ့ အငွေ့အသက်နဲ့
ငါ့ကိုထုံမွှမ်းထားတဲ့ ညတွေထဲ..
ငါ့ရုပ်ရည်နဲ့ တူလှပါသော စုန်းသံတွေ
ခြောက်ခြားထိတ်လန့်နေစေရဲ့။
.
တစ်ဘက်မှာမင်းကို နတ်ဒေဝါတွေ ကောင်းချီးသံနဲ့
တစ်ဘက်မှာ မင်းကို ဂြိုလ်ကောင်ဆိုးတွေ စုတ်ဖြဲမာန်ဖီခြင်းနဲ့
ငါ့ဟယ်လင်ကို လွှတ်ပေးပါ..
ငါ့ဟယ်လင်ကို ယူသွားပါ..
ငါ့ဟယ်လင်ရေ ငြိမ်းချမ်းပါစေ
ချွေးသံရွှဲရွှဲ အနက်ရောင်ကော်ဇော်ပေါ် 
ငါဟာ အလူူးလူးအလိမ့်လိမ့်။
.
အဲဒီဝင်္ကပါထဲမှာ..
မင်းအသားအရည်ရဲ့ ရောင်စဉ်တွေ
လင်းလက်လာလိုက်
မှောင်မိုက်သွားလိုက်
.
ငါ့မျက်ဝန်းတွေက..
မြင်ကွင်းတွေ နီးလာလိုက်၊ ဝေးသွားလိုက်
ငါတီးခတ်သမျှသော တေးသံတွေဟာ
ငါ့အဖျားကို စုပ်ယူနေကြပေါ့။
စိုစိုလက်လက်နှုတ်ခမ်းဟာ ဒဏ္ဍာရီဆန်လွန်းရဲ့ကွယ်။
ဘယ်လိုလက်တွေက တောင်ကုန်းတွေကို ချေမွနေခဲ့မလဲ
ဘယ်လိုလက်နက်တွေက 
ပါးလွှာသောသဘာဝကို စုတ်ဖြဲနေခဲ့မလဲ။
.
ယူကျုံးမရဘူးကွယ်
ငါဟာ ယူကျုံးမရတဲ့ သွေးသားတွေ
လောင်စာလို..
တလှိုက်လှိုက် တဟုပ်ဟုပ် ဆူပွက်နေခဲ့။
ငါ့ကိုယ်ငါ တိုက်လေသော ကျိန်စာတွေ 
ညကမ္ဘာထဲ တဝုန်းဝုန်း တဒိုင်းဒိုင်း။
.
ငါ့အရိုင်းစိုင်းဆုံးသော သက်ရှုသံပြင်းပြင်းတွေ
သဘာဝပေါက်ပင်တွေကို ကျိုးကြေပျက်စီးတဲ့အထိ
လောင်မီးကျစေခဲ့ပေါ့။
အကွဲကွဲအပြားပြားသော စိတ်တွေ
နိုင်ငံအမွှားအမွှားတည်သလို
လိမ်ကျစ်နှောင်တည်းနေသော ငါ့အသွေးအသားကမ္ဘာတွေ
စင်္ကြာဝဠာအထိ ကျွမ်းထိုးမှောက်ခုံ 
အမှားမှားအယွင်းယွင်း။
.
ခမ်းနေတဲ့ မြစ်ထဲက ငါးတွေရဲ့ရယ်သံဟာ
ကြောက်မက်ဖွယ် ထစ်ချုန်းလို့
ငါကူးခတ်နေခဲ့တာ ဟယ်လင်ရေ...
.
လက်ဖဝါးတွေ..
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့အထဲ
ကောက်ရိုးမျှင်မျှင်တွေဟာ 
မင်းရဲ့အဓိပ္ပာယ်တွေကြေမွလို့။
ချောင်းကြည့်ပေါက်သေးသေးလေးထဲက 
မင်းမျက်နှာတစ်ခါလောက်မြင်ရချင်တယ်။
.
နံရံတွေကိုငါ ကြောက်လွန်းလို့ပါ..
ကြောက်မိနေတယ်။
ဝံပုလွေတစ်ကောင် 
မင်းကို စားသုံးနေတာ တွေ့တယ်
ကြောက်မက်ဖွယ်တောကြီးထဲ 
ဆူးတွေနဲ့ပြည့်နေပေါ့။
.
ငါ့အိပ်စက်ခြင်းကို ချောင်းကြည့်နေကြတယ်
ငါဟာ မလှုပ်မယှက် 
ဟယ်လင်..ဟယ်လင်..အား..။
.
ချောက်ကမ်းပါးကြီးပေါ် ငါတက်သွားတယ်
နေရာအနှံ့မှာ မင်းကို စားသုံးနေကြတဲ့ ဝံပုလွေတွေ
ငါ့ကိုလှမ်းကြည့်ကြပေါ့..။
တိမ်တွေပေါ်မှာ..
မင်းက ပြဇာတ်ကို ဟားတိုက်ရယ်မောလို့..
ဟယ်...လင်...ရေ... ဟယ်လင်..ရေ...လို့ 
ငါဟာ ထိတ်လန့်တကြား..အော်နေခဲ့။
.
ဟယ်လင်ရေ...
ငါ့နားတွေ...ငါ့နားတွေကို ပြန်ခေါ်ပေးပါ 
ငါ့နားတွေကို ပြန်ခေါ်ပေးပါဟယ်လင်။
ဆူးတွေအပြည့်နဲ့ မျက်နှာကျက်မှာ..
အဝါရောင်ကလေးငယ်လေးတစ်ယောက် ငါ့ကို 
ချောက်ခြားဖွယ်ကြည့်နေတယ်..ကြည့်နေတယ်..။
.
ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး