လမ်းကြောင်းမတူတဲ့ အောင်မြင်မှုအပေါ် အားကျစိတ်မဖြစ်ပါနဲ့။

လမ်းကြောင်းမတူတဲ့ အောင်မြင်မှုအပေါ် အားကျစိတ်မဖြစ်ပါနဲ့။
=================================
 လူတွေဟာ ဘဝဖြစ်လာကတည်းက ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့ ဗီဇစိတ်အခြေအနေနဲ့ သက်ဆိုင်တဲ့ ဘဝနေထိုင်မှုလမ်းကြောင်းဆိုတာရှိပါတယ်။ ဘဝမှာဖြစ်လာတဲ့ ရည်ရွယ်ချက်တွေ ၊ ရည်မှန်းချက်တွေဟာလည်း အဲဒီလို ဘဝအခြေအနေနဲ့ ဗီဇစိတ်အခြေအနေပေါ်မှာမူတည်ပြီး ဖြစ်ပေါ်လာခဲ့ကြတာပါပဲ။
.
ရည်ရွယ်ချက်ရှိတဲ့လူတိုင်းမှာ ကိုယ်သွားရမယ့်လမ်းကြောင်းဆိုတာရှိပါတယ်။ အဲဒီလမ်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်းလျှောက်ဖို့ဆိုရင် ကိုယ့်ရည်မှန်းချက်လမ်းကြောင်းတူ ပေါ်မှာ လျှောက်လှမ်းနေတာ မဟုတ်တဲ့လူတွေ ရဲ့ တိုးတက်မှုကိုကြည့်ပြီး သိမ်ငယ်စိတ်ကို ဖျောက်ထားမှရပါလိမ့်မယ်။
.
ကိုယ်ကဖြစ်ချင်တာကတမျိုး၊ လုပ်နေရတာတမျိုးဆိုတာမျိုး ဘဝမှာ တခါတလေကြုံရတတ်ပါတယ်။ ကိုယ်ရဲ့ရည်မှန်းချက်ကို အကောင်အထည်မဖော်နိုင်သေးခင်မှာ လှေကားထစ်အနေနဲ့ ကိုယ့်ရပ်တည်မှုကို ယိုင်နဲ့မသွားအောင်ဆိုတဲ့ အနေနဲ့ တခြားနယ်ပယ်တစ်ခုခုမှာ လုပ်ကိုင်နေရတာမျိုး ရှိနေတဲ့အခါ အဲဒီနယ်ပယ်မှာရှိတဲ့ သူတွေရဲ့ အောင်မြင်မရရလာဒ်တွေကို အားကျပြီး ကိုယ့်ရဲ့ရည်မှန်းချက်အတွက် ကြိုးစားမှုအပေါ် လျော့တိလျော့ရဲစိတ်ဖြစ်လာတတ်တာဟာ သဘာဝပါပဲ။
.
ကိုယ်က စာရေးဆရာဖြစ်ချင်တယ်။ ဒါပေမယ့်လည်း ကိုယ်ဝင်လုပ်နေတဲ့ အလုပ်က Marketing ကုမ္ပဏီဖြစ်နေတယ်။ အဲဒီမှာ ကိုယ့်ဘေးက တခြားလူတွေက ရာထူးတွေတိုးသွားတယ်၊ လစာတွေများသွားတယ် စသည်ဖြင့် တိုးတက်မှုတွေရှိနေတာကို ကြည့်ပြီး သိမ်ငယ်စိတ်မဝင်ဖို့တော့လိုပါတယ်။ 
ကိုယ်က ဘာဖြစ်ချင်တာလဲဆိုတာပေါ်မူတည်ပြီး ကိုယ်ရောက်တဲ့နေရာမှာ အကောင်းဆုံးလုပ်ဖို့လိုပါတယ်။ ကိုယ်သွားတဲ့လမ်းကြောင်းနဲ့ သူသွားတဲ့လမ်းကြောင်းနဲ့မတူရင် ဘဝမှာ ပြန်ရချက်တွေ ၊ ရာထူးတွေ ၊ ဝင်ငွေတွေ မတူတာကိုလည်း သတိပြုရပါမယ်။
.
ကိုယ့်လမ်းကြောင်းဆိုတာ ကိုယ်က ဒီအလုပ်တစ်ခုကို လုပ်ရင် ဘဝမှာ တစ်သက်လုံးပျော်ရမယ်။ ဒီအလုပ်က ဝင်ငွေရတဲ့အခါ ကိုယ့်ရဲ့ယုံကြည်မှုတွေ
တိုးလာမယ် စသည်ဖြင့် ကိုယ့်ကို ကျေနပ်နှစ်သိမ့်မှုပေးနိုင်တဲ့ အလုပ်ပါ။
.
ကိုယ် ကိုယ်တိုင်လျှောက်တဲ့လမ်းရဲ့ခက်ခဲမှုကို ကိုယ်တိုင်သိပါတယ်။ ကိုယ့်လမ်းကြောင်းနဲ့ သူ့လမ်းကြောင်းမတူရင် အတွေ့အကြုံလည်းမတူသလို နယ်ပယ်လည်း မတူပါဘူး။ ကိုယ့်လမ်းကြောင်းကို ကိုယ်တွေးတာသာ 
ကိုယ့်ရည်မှန်းချက်ဆီကိုရောက်ဖို့ ခွန်အားဖြစ်စေမှာပါ။
.
ကိုယ် ကိုယ်တိုင်လည်း သူများရဲ့ ဖြစ်ထွန်းမှုကိုကြည့်ပြီး ကိုယ့်ရည်ရွယ်ရာလမ်းကြောင်းကို မေ့သွားလောက်တဲ့အထိအားကျနေခဲ့မိတယ်။ အဲဒီအခါ ကိုယ့်ရည်မှန်းချက်ကို သွားမယ့်ခြေလှမ်းတွေ တုန့်နှေးကုန်တော့တာပေါ့။ 
.
သူတပါးရဲ့ အောင်မြင်မှုကို ကြည့်ပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တာဟာ ကိုယ့်ရည်ရွယ်ရာလမ်းကြောင်းကိုခဏတာမေ့သွားခြင်းပါပဲ။ အဲဒီအခါ စိတ်ဓါတ်တွေကျလာမယ်။ စိတ်ဓါတ်တွေကျလာတဲ့အခါ ကိုယ့်အောင်မြင်မှုအတွက် ဖြည့်ဆည်းရမယ့်အတွေ့အကြုံတွေ အလေ့အကျင့်တွေကို လုပ်ဆောင်ဖို့ ပေါ့လျော့လာပါလိမ့်မယ်။
.
အဓိက က ကိုယ့်ကိုယ်ကိုသာရှေးရှုဖို့ လိုအပ်တာပါ။ မဖြစ်နိုင်သေးတဲ့ ရည်ရွယ်ချက်တွေ ၊ ပန်းတိုင်တွေဟာ ကိုယ့်ကို စောင့်နေကြတာပါ။ လမ်းခုလတ်မှာ သူတပါးရဲ့အောင်မြင်မှုကိုကြည့်နေမယ်ဆိုရင်တော့ ရည်ရွယ်ရာဆီ ရောက်ဖို့ အနည်းငယ်နှေးနေဦးမှာဖြစ်ပါတယ်။ 
.
သူလည်း သူ့ဘဝသူ့ရည်ရွယ်ချက်လမ်းကြောင်းပေါ်မှာလျှောက်နေတာဖြစ်တယ်။ သူ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင်း သူ့အတွေ့အကြုံနဲ့သူရှိနေတာဖြစ်သလို ၊ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်ပါပဲ။ ဒါကိုနားလည်ထားမယ်ဆိုရင် ကိုယ့်ရည်မှန်းချက်အတွက် ကိုယ်ကိုယ်တိုင်ဖြည့်ဆည်းရမယ့် အတွေ့အကြုံကောင်းတွေကို ရှာဖွေဖြည့်ဆည်းပြီး ကိုယ့်ရည်မှန်းချက်ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်မှာပါ။
.
ဒါကြောင့် ကိုယ့်ဘဝကိုယ်တွေးပါ။ ကိုယ့်သဘာဝနဲ့ မတူတဲ့ လမ်းကြောင်းတွေကို မငေးပါနဲ့။ သိမ်ငယ်စိတ်ဝင်လာတတ်ပါတယ်။ သိမ်ငယ်စိတ်ဟာ တိုးတက်မှုလမ်းကြောင်းကို သိပ်ကို အတားအဆီးဖြစ်ပါတယ်။ ကိုယ့်ရဲ့ တက်ကြွမှုကိုလည်း ဆုတ်ယုတ်စေပါတယ်။
.
ကိုယ်တိုင်.. စိတ်ဓါတ်တွေသိပ်ကျနေတဲ့အခါ၊ ကိုယ့်ဘေးကချင်းချင်းတွေရဲ့ အောင်မြင်မှုကိုမြင်ရတဲ့အခါ ကိုယ့်စိတ်မှာဖြစ်ရတဲ့ သိမ်ငယ်နာကျင်မှုကို ဒီလိုနည်းလမ်းနဲ့ပဲ စဉ်းစားကျော်ဖြတ်ရပါတော့တယ်။ သူတို့အနေနဲ့ သူတို့ ဘဝ ၊ သူတို့ ဗီဇ ၊ သူတို့ဝါသနာနဲ့ သူတို့လမ်းကြောင်းဟာ ဘယ်လိုမျိုးလဲ ဆိုတာကို သိရှိပြီးတဲ့နောက် ကိုယ့်လမ်းကြောင်း၊ ကိုယ့်ဝါသနာ ၊ ကိုယ့်ဗီဇနဲ့ ကိုယ်ရဲ့ ရည်မှန်းချက်အတွက် ရှေ့ဆက်ရမယ့် နည်းလမ်းတွေကို စဉ်းစားခဲ့ရတယ်။ 
.
ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး