လိပ်စာမဲ့ စာလေးတစ်စောင်

အမ
ဘ၀ကဆိုးလိုက်တာ
ခဏတာအတွေးနဲ့ ဘ၀တာအရေးတွေးလို့
ကျမရွာကပြေးထွက်လာမိတာ မှားလိုက်တာ
အစချီလို့ရယ်...
မြို့နယ်စာပို့တိုက် က
တို့လိုက်ပို့စရာ လိပ်စာမဲ့စာလေးတစ်စောင်ကို တွေ့မိတယ်။
မြေ့မချိစရာ တွေ့အသိမှာ နွမ်းရသမို့ကွယ်
တမ်းတလို့ရယ် အမကို ဖြေရှာတဲ့ ပန်းကလေး
လမ်းအဝေးက ခဏတောင်မသိနိုင်ရှာတဲ့
အမ တသမျှ ရမယ်လည်းမဟုတ်ပေတယ်
အဟုတ်လေ သူလေပန်းပါသတဲ့
လူတွေကိုအမှန်းနဲ့ ထင်လို့မရပါသတဲ့ အမရယ်တဲ့
လကွယ်ညလို မမှောင်ပေမယ့်
မလှတယ် စိတ်နှလုံးတွေက ပိတ်ဖုံးနေတဲ့ မာန်မာနတွေနဲ့
မဟန်ပါဟ အကျင့်က အဆင့်တွေခွဲသတဲ့လေ။
မြဲခဲ့တဲ့ ကျင့်သိက္ခာတွေလည်း
ဟင့်... မနိပ်ပါဘူး အမရယ်...။
ခဏရယ် ရေချိုးခန်းဝင်မိပါလေတယ်
ငွေဝယ်ကျွန်သဘောက်ထက်ပဲ ဆိုးအောင်ပြော
ကိုယ်တော်ချော သူဌေးသား
အပြေးအလွှားမေ့ထားခဲ့တဲ့ လက်စွပ်ပျောက်တော့
တစ်ချက်မလွှတ်အောင် သွားသွားလာလာ
အနားမှာ အရိပ်တစ်ကြည့်ကြည့်
မသိတသိ ပေစောင်းစောင်း အချောင်းခံရတယ်။
အမှန်ကကွယ် သူ့သားမကောင်း ပလီပလာက
ဘောင်းဘီမှာထည့်သမို့ ကိုယ့်ကိုယ်ကိုမေ့ပေမယ့်
တို့ကိုပဲ မြေ့အောင် ဇွတ်အမည်းသည်း
စွပ်ဆွဲလည်း စွပ်ဆွဲတယ်
ချွတ်လည်းပဲ ချွတ်လဲလို့ရှာခိုင်းတယ်။
ဒါရိုင်းတာပေါ့ အစ်မရယ်။

ငါမဆိုင်းပဲပြေးထွက်လာချင်မိတယ်
ဘ၀အရိုင်းကံတွေနည်းခဲ့လို့
ခံနေဆဲ မာန်တွေနည်းခဲ့ရတာပေါ့ ဟယ်။

တစ်ကယ်တမ်းအလုပ်ချိန်က အဟုတ်ချိန်ဆလို့မရပါဘူး
ခဏတာလူးလှိမ့်ကာ နားချိန်ညတွေလည်း ချမ်းမြေ့မယ်မထင်နဲ့
ကြမ်းပြင်နဲ့ ကျော မောသမျှပြေတာက သုံးလေးနာရီ
ငါတွေးမိရင်ရယ်ချင်ချင်အမရယ်
ရွာက ရယ်ထွက်တော့ မြို့ကြီးဆိုတာ သိပ်ဟန်တာကလားရယ်
နိဗ္ဗာန်နဲ့များယှဉ်မိတယ်။
ရင်မချိအောင် ကြင်မရှိတာတွေများ အတွေးမှာတရေးရေးပေါ်
သူဌေးကတော်ကြီးက စိတ်မထင်ရင်
မအိပ်ခင် သူညောင်းဖြေဖို့ တစ်ခါခေါ်ပြီးအနိပ်ရှာတယ်
စိတ်ပါပါမပါပါ ကြိတ်ကာနှိပ်ရတာလည်းခက်
ဆက်နေတာ လက်ကြေမှာတောင်စိုးရတယ်လေ။

တိုး...ဆက်နေ ရက်တွေလည်သမျှ
တစ်ကယ်က အသည်းကျွမ်းအောင် အမြဲတမ်းနှိပ်စက်
အတိတ်မနက်တွေ ရွာမှာ ပန်းတာတွေကပဲ လွမ်းစရာကောင်းလှတယ်
အမရယ်...။
ခဏရယ်ပြန်လာချင်ပေမယ့်
မကြံသာ အခါခါမပေးတဲ့ခွင့်တွေနဲ့
ကျင့်နေတဲ့ အနိုင်ထက်စီး
မျက်နှာကြီးမျိုးတွေက တက်စီးစရာနွားမလို
ခါးကညိုအောင် ခိုင်းတယ်လေ တဲ့အဖြစ်
အ၀တ်စိုစိုတစ်နေ့လုံးကုန်လျှော် ပြီးမှလေ
ပဲကြီးရေပွ လက်ချောင်းတွေ မပြန့်ခင်
ဆန့်ချင်လေ နေ့လည်ကျောခင်းစရာ မတွေးနိုင်
ကလေးမနိုင်မနင်းတွေကလည်း
ခဏပဲမနားရအောင် စားသမျှ ပြောင်စင်အောင်
မရှောင်ချင်ပေမယ့်လည်း ချောင်ဝင်လို့ဆေးရတယ်
အေးမ တစ်ကယ်ပဲ မောတယ်အမရယ်။

အတွေးတွေ တစ်ကယ်အနွမ်းဆက်လို့
မအေးပေ အခက်ပွေတာပေါ့
သူဌေးတွေ သမက်အမျိုးဆိုတာကလည်း
ကိုယ် ကပဲ အခိုင်းဘ၀မို့ မဆိုင်းခဏ ဆိုသလို
လိုရာ ခေါက်ခနဲ့ထလို့ အောက်ပဲကျရတယ် မငြူစူစေရအောင်
ဒါ့တောင် သူဌေး လူဝကြီးက
တူမကြီး တူမကြီးနဲ့
လူလာပြီး ဟိုယိုင်ဒီယိုင်နဲ့
အပျိုချိုင်ချင်တာကလည်း
ဘယ်လိုမဆိုင်ချင်ပေမယ့်လည်း
မလွဲတမ်းကြုံရတယ်။

အကုန်ရမယ်ဆို
သုညရယ် ငါးဂဏန်းနောက်က များများနဲ့
မမှားတမ်း ရမယ်လို့ ပြောပေလင့်
ဟင့်အင်း ကျမ ငြင်းခဲ့တယ်လေ...
တကယ်ပွေ အခက်အကျဉ်းကျသလို
ရမ္မက်အတင်းနဲ့
ပျက်မယွင်းခင် ကျမ ဘ၀လေးကိုချောင်း
အလိုလိုခေါင်းငြိတ်လေမလားလို့
ငွေသားနဲ့ စည်းရုံးရက်တယ်။

ခက်တယ် အမရေ...
အသက် ငယ်ငယ် ကျမအတွက်ဆို
ရှက်ငိုလို့ ကွယ်ရာ စိုရတာလည်းအခါခါ
မသာယာ ငရဲအိမ်ကြီးထဲ
ဇိမ်ကြီးသာယာသူတွေ လာလာကာ
အခါခါ သူတို့ရိုင်းတာတွေကြောက်လှပါပြီ
တစ်ခေါက်မျှ အသာတကြည် ရွာကိုမလွှတ်သမို့
ငါဇွတ်အတင်းပြေးထွက်ချင်ပေမယ့်
မယဉ်လေတဲ့ မြို့အထာ တွေနဲ့
ပျို့လာတာတွေပဲ ပြန်မျိုချလိုက်ရတာပါ
ငါ့မှာဒီစာလေး သူဌေးမကြီးမတွေးမိခင်အပြေးအလွှာ
ဈေးနားက စာတိုက်ပုံးထဲ လုံးခနဲထည့်လိုက်ရတာ
ငါရွာကိုပြန်ချင်လို့
အမြန်နင်တို့ လိုက်လာပါ အစ်မ
ညီမ။


ကျော်ညိုသွေး

ဝန်ခံချက် - (တစ်ခါကဖတ်ဖူးသော မဂ္ဂဇင်းတစ်အုပ်မှ ကဗျာလေးတစ်ပုဒ်ကို ကြိုက်မိသောကြောင့် ဆင်တူနီးပါးမျှ ပြန်လည်ရေးဖွဲ့သည်။ ကဗျာရှင် နှင့် မူရင်းကဗျာအားရှာမတွေ့တော့ပါ။)

Comments

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး