
ကျော်ညိုသွေး ကို ၊ ၁၉၈၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် အန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့၌ ဖခင်ဖြစ်သူ စစ်သံအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း မွေးဖွားခဲ့သည်။ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် အမှတ်(၁) အ.ထ.က ကျောင်းမှ အထက်တန်း (၁၀ တန်း) ကို အောင်မြင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဒဂုံအဝေးသင်တက္ကသိုလ် တွင် စီးပွားရေး ဘာသာ အဓိက ဖြင့် အဝေးသင် ဘွဲ့တန်းကို တက်ရောက်သင်ယူခဲ့သည်။ ၂၀၀၄-၅ တွင် B.A(Economics) ဘွဲ့ကို ရရှိခဲ့သည်။ အထက်တန်း အောင်မြင်ပြီး ချိန်မှစ၍ စက်ရုံ ၀န်ထမ်းအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး ၊ အဝေးသင်တက္ကသိုလ် စတင် တက်ရောက်ချိန် တွင် Computer Training Centre တစ်ခုတွင် Training Guide အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ အဝေးသင် တက္ကသိုလ်မှ ကျောင်းပြီးချိန်တွင် Pearl Education Centre တွင် Training Supervisor အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်တွင် လှိုင်သာယာမြို့နယ်ရှိ Victoria Shopping Mall တွင် ဖွင့်လှစ်ထားသော Cyber Café တွင် Supervisor အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မှ ယခု အထိ Mobile Guide Journal တွင် အကြီးတန်းသတင်းထောက် အဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ အကြီးတန်း သတင်းထောက် အလုပ် လုပ်ကိုင်နေစဉ် အချိန်အတွင်း Freelance Writer အဖြစ် ဂျာနယ်များ ၊ မဂ္ဂဇင်းများ တွင် ရသစာပေများ ကို အလျဉ်းသင့်သလို ရေးသား ခဲ့သည်။ Cyber Café Supervisor အဖြစ် စတင် လုပ်ကိုင်သည့် ၂၀၀၇ ခုနှစ်တွင်ပင် Blogger Plattform ဖြင့် www.kyawnyothway.blogspot.com ကို ပြုလုပ်၍ ရသစာပေ များ ဖြစ်သည့် ခေတ်ပေါ်ကဗျာ ၊ Essay(ရသစာတမ်း) ၊ သရော်စာ (Satire) ၊ ကိုယ်တိုင်ရေး ဆောင်းပါး တို့ကို ကိုယ်ပိုင် Blog ပေါ်တွင် ရေးသားခဲ့သည်။ မြန်မာနိုင်ငံတွင်တွင် Facebook အသုံးပြုမှုများ များပြားလာသည့် အခါတွင် ကိုယ်ပိုင် Facebook Page ဖြစ်သည့် https://www.facebook.com/Kyaw-Nyo-Thway ကို ပြုလုပ်၍ ၄င်းပေါ်တွင်လည်း ကိုယ်တိုင်ရေး ဆောင်းပါးများ ၊ Essay(ရသစာတမ်း) များ ၊ ကဗျာများ စသည်တို့ကို ရေးသားခဲ့သည်။2009 ခုနှစ်တွင် Blogger အများစုရေးသားသည့် ခေတ်ပေါ်ကဗျာများ ကို ကဗျာပြပွဲအဖြစ် “တကောင်း ပန်းချီပြခန်း” တွင် ပြုလုပ်ပြသခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ကျော်ညိုသွေး အမည် ဖြင့် “ချောကလက်အက်ဆေး” ရသစာတမ်း လုံးချင်းစာအုပ်ကို ထုတ်ဝေဖြန့်ချိခဲ့သည်။
2014 ခုနှစ်နှောင်းပိုင်းတွင် RGB Script Syndicate တွင်ပါဝင်ခဲ့ပြီး ဗီဒီယိုဇာတ်ညွှန်းများရေးသားသည့်အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ကျော်ညိုသွေးအနေဖြင့် ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကဗျာ ၊ အက်ဆေး ၊ ဆောင်းပါး စသည့် တို့ကို ဂျာနယ်မဂ္ဂဇင်းများ ၌ ရေးသားခဲ့ပြီး RGB Script Syndicate နှင့်တွဲဖက်၍လည်းကောင်း ၊ ကိုယ်တိုင်အနေဖြင့်လည်းကောင်း ဗီဒီယိုဇာတ်ညွှန်းများကို ရေးသားခြင်းအလုပ်ကို လုပ်ကိုင်လျှက်ရှိသည့်အပြင် ၊ Graphic Deisgner အလုပ်ကိုလည်း ပုံမှန်အလုပ်တစ်ခုအနေဖြင့် လုပ်ကိုင်နေဆဲဖြစ်သည်။
သူငယ်ချင်း သန်းစိုး
ခုချိန်ထိ
စာရွက်အလွတ်တွေပေါ်မှာ
ဖြူဖြူကျော်ဆိုတဲ့ နာမည်ကို မင်းရေးနေတုန်းပဲလား။
မင်းရှေ့မှာတင်
နံရံက ဆေးတွေလည်း အရောင်ဖျော့သွားပြီ
ခုံတန်းလျားတွေလည် အိုဟောင်းသွားပြီ
အစွဲအလမ်းဆိုတာ
မင်းအတွက်
ခွာချလို့မရအောင ခက်ခဲတဲ့ အရာတစ်ခုလား။
စိတ်ကိုလျော့ချလိုက်ပါ သူငယ်ချင်း
မင်းနဲ့ငါ အားပေးတဲ့ မန်ယူအသင်း
ဒီနှစ်ဖလား မရနိုင်တော့သလို
ဖြူဖြူကျော်နဲ့ ပတ်သက်လာတိုင်း
မင်းလည်း
အိမ်ကွင်း အဝေးကွင်း
ပွဲစဉ်တိုင်း မင်းရှုံးနိမ့်ခဲ့တယ်ဆိုတာ ပြန်သတိရပါ။
ကြွေသွားတဲ့ သစ်ရွက်က မင်းမဟုတ်သလို
ကျန်ခဲ့တဲ့ ပင်စည်ဟာလည်း ဖြူဖြူကျော်မဟုတ်ဘူး။
ဆင်ခြင်တုံတရားဆိုတာ
ပိုက်ကွန်နဲ့ဖမ်းလည်း မင်းမမိဘူးဆိုတာ သိခဲ့ပြီ
မင်း
မီးနီကို အတင်းမဖြတ်ပါနဲ့ သူငယ်ချင်း
ငါ ခဏခဏ ပြောခဲ့သလို
မင်းစိတ်တွေ အရမ်းမွန်းကျပ်လာတဲ့အခါ
လေးဖြူရဲ့
ထွက်ပေါက်သီချင်းကို အော်ဆိုလိုက်ပေါ့
လောကမှာ
ဖြစ်ချင်တာ မဖြစ်ပဲ
မဖြစ်ချင်တာ ဖြစ်နေရတာ
မင်းတစ်ယောက်တည်း မဟုတ်ဘူး။
ဆောင်းစစ်စစ်ထဲမှာ
နှင်းစစ်စစ်တွေ မင်းရှာကြည့်ပါ
ငါခဏနေတဲ့ ရန်ကုန်မှာတော့
ဆောင်းတွင်း မရှိဘူး။
နှစ်သစ်ရဲ့ လမ်းမကြီးပေါ်
အခု
ငါတို့ လျှောက်ရဦးမယ်
ငြီးငွေ့မှုဆိုတာကို
ဆေးလိပ်မီးခိုးလို မှုတ်ထုတ်ပြီး
ကြေကွဲမှု ဆိုတာကို
ပိုက်ဆံလို မင်း မစုဘူးဆိုရင်
အရာအားလုံး မင်း အဆင်ပြေမှာပါ။
မင်းနဲ့ငါ
ကြွေကျလာတဲ့ ခရေပွင့်ကြွေတွေကို ဆက်ကောက်ပြီး
ရှေ့လျှောက်
လမ်းကို
မီးစိမ်းမှ ငါတို့ ဖြတ်ကြမယ်ကွာ။
ထွဏ်းသွေးအိမ်
ဟောဗျာ။ ဒီကဗျာကြီးကမှ တကယ် မော်ဒန် ကဗျာ
Post a Comment