မြို့သူလေးရဲ့ တောနာမည်


ရိုးရှင်းသောတွေ့ဆုံမှု့တစ်ခုဖြင့် သူမနှင့် ကျွန်တော် တွေ့ဆုံခဲ့ကြသည်။
ကမ္ဘာပေါ်ရှိ ဆန်းကျယ်သော တွေ့ဆုံမှု့များကို သူမနှင့် ကျွန်တော်၏ တွေ့ဆုံမှု့များက လိုက်၍မမှီခဲ့ပါ။ သို့သော် ကျွန်တော့် Text Messenger လေး၏ ထိပ်ဆုံးတွင် Invited ဖြစ်နေသော Request လေးမှ Yes Button လေးကို Click လုပ်လိုက်ပြီးချိန်မှ စ၍ ကျွန်တော့်ဘ၀၏ မြက်ခင်းစိမ်းများကို လှမ်းမျှော်နိုင်သော ပြတင်းပေါက်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဟု ထင်မြင်မိသည်။

သူမက ကျွန်တော့်ကို “အကို” ဟု ခေါ်၍ ၊ သူမကို ကျွန်တော်က “လင်း” ဟု ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ သူမ၏နာမည်မှာ တစ်ကယ်တမ်း ဆိုရလျှင် တောဆန်သည့်နာမည်မျိုးဖြစ်၏။ ခေတ်ပေါ်မိန်းကလေးများ၏ နာမည်မျိုး မဟုတ်ချေ။ ကျွန်တော့် အသိမိန်းကလေးများထဲတွင် လှပသော နာမည်များနှင့် မိန်းကလေးများရှိ၏။ တစ်ချို့နာမည်များမှာ ဗမာဆန်သော်လည်း ခေတ်မီသည်၊ တစ်ချို့မှာ ခေတ်လည်းမီ ၊ ဘိုလည်းဆန်လေသည်။
ဥပမာ ။ ။ တင်မြတ်မြတ်ထက်၊ သွန်းမီမီခိုင်၊ သီရိယုမြတ်နိုး၊ အိမွန်ဖြိုး၊ အိမွန်တာ၊ ခင်မြတ်မြတ်နိုင်၊ မီမီသော်၊ ဧပရယ်စော၊ အိမ့်ဖူးငယ်…စသည်ဖြင့်ရှိကြသည်။

ဤနာမည်များသည် တစ်ချို့ကရှည်သည်၊ တစ်ချို့က တိုသည်၊ ဗမာလည်းဆန်သလို၊ ဘိုဆန်ပြီး ကနွဲ့ကလျ ဖြစ်ကြသော နာမည်များလည်းပါ၏။ သို့သော် ထိုနာမည်များကို ကြားရသူအဖို့ “ဟင်…နာမည်ကြီးကလည်း…”ဟု ဘယ်သူမှ ဆိုကြမည်မထင်။

“လင်း”၏ နာမည်ကို ကျွန်တော် စတင် သိလေသောအခါ။ “ဟင်…နာမည်ကြီးကလည်း ဘယ်လိုကြီးလဲ” ဟုစိတ်တွင်းမှရေရွတ်မိလေသည်။ ရိုးသားစွာ ၀န်ခံပါသည်။ သူမ၏ နာမည် ခပ်ပိန်းပိန်းကြီးကြောင့်သာ နောက်ဆုံး နာမည်လေးကိုသာ ယုယ မြတ်နိုးစွာဖြင့် သူမအား “လင်း” ဟု ကြာရှည်စွာ ခေါ်ဝေါ်သုံးစွဲဖြစ်ခဲ့သည်။ ခေတ်၏သမီးပျိုတစ်ယောက် ဖြစ်သော သူမ၏ နာမည်သည် ဤသို့ ရိုးစင်းလွန်းပြီး။ ခေတ်မမှီသည့် နာမည်မျိုးဖြစ်နေသည်မှာ ကျွန်တော့်အဖို့ထူးဆန်းနေလေသည်။

မည်သို့ပင်ဖြစ်စေ သူမကို ကျွန်တော် ခင်တွယ်မိပါသည်။
သူမ၏ဖက်ဖူးရောင် ခင်မင်မှု့က ကျွန်တော့် ရိုးပြတ်တွေကို တစ်ဖန်ပြန်လည် စိမ်းလန်းလာစေသည်။ နှောင်ဖွဲ့မှု့များ သည် အချိန်ကာလအားဖြင့် ရှည်ကြာလာလေ သူမအပေါ်ကျွန်တော့်ရင်တွင်းမှ ရစ်ပတ်ဖွဲ့နှောင်မှု့များသည် ခိုင်မာလေ ဖြစ်လေသောအခါ
သူမ၏လတ်ဆတ်သော ဖက်ဖူးရောင်လွင်ပြင်တွင် မတ်တပ်ရပ်နေသော ကျွန်တော့် ဦးခေါင်းပေါ်မှ ကောင်းကင်သည် ပန်းနုရောင် အဖြစ်သို့ ကျွန်တော်ကိုယ်တိုင်ပင် မသိလိုက်ချေပဲ ပြောင်းလဲခဲ့လေသည်။
ကျွန်တော့် ညီမလေး တစ်ယောက်လို တွယ်တာရသော “လင်း” အား မည်သူ့ကိုမှ ပေးအပ်၍မရနိုင်အောင် တွယ်တာမိသောအခါ ရိုးရှင်းစွာပင် သူမအား နှစ်သက်မြတ်နိုးခြင်းသည် ကျွန်တော့် နှလုံးသား၌တည်ခဲ့လေသည်။

ခေတ်၏သမီးပျိုလေး၏ တောဆန်သည့် နာမည်ကလေးတစ်ခုကို ကျွန်တော့် နှလုံးသား နံရံပေါ်တွင် ထင်သာမြင်သာအောင် ချိတ်ဆွဲမိလေပြီ။ ထိုနာမည် လေးကိုပင် ကျွန်တော်တစ်သက်လုံး မြတ်နိုးခင်တွယ်သွားချင်သည်။ ထိုနာမည်ကလေးကို မြတ်နိုးတန်ဖိုးထားတတ်လာလေသောအခါ ထိုနာမည်ကလေး၏ အဓိပ္ပါယ်ပြည့်ဝသော အကြောင်းကို တွေးတောမိလေမှ ပိုမို၍ နှစ်သက်ခြင်းသည် အတိ။ ကျွန်တော့်နေ့ရက်ကလေးများကို အေးချမ်းသော လင်းဖြာမှု့များဖြင့် ငြိမ်းချမ်းစေလိမ့်မည်ဟု ယုံကြည်လျှက် နာရီများ ၏ အသက်ဝင်မှု့သည် လတ်ဆတ် လှပေသည်။ အနာဂတ်အတွက် အေးမြသော အလင်းရောင်များကို ထိုနာမည်ရိုးရိုးလေးတစ်ခုက ယူဆောင်လာလိမ့်မည်ဟု ယုံကြည်ခြင်းအတိဖြင့် အင်အားများ ပြည့်နှက်လာသလိုလို..။

ဟုတ်ပါသည်။
ကျွန်တော့်နှလုံးသားမှ အမျိုးအမည် မဖော်ပြတတ်သော ခံစားမှု့သည် “အေးအေးလင်း” ဟုခေါ်သော မိန်းမပျိုလေးအား မြတ်နိုးစွာ ချစ်ကျွမ်းဝင်မိနေခြင်း သည်သာ ဖြစ်လေတော့သည်။


ကျော်ညိုသွေး

Comments

အပြောင်းအလဲများတဲ့ ကျော်ညိုသွေးရေ
မင်းရဲ့ အချစ်တွေ သုံးမရပါ...

(toobig သီချင်းကို ဖျက်ဆိုကြည့်တာ...) :D
သွယ်လင်းဆက် said…
ရင်ထဲမဆန့်တော့ဘူးနဲ့တူတယ်။
ကိုကျော်ညိုသွေးရေ...
အေးအေးလင်းဆိုတဲ့ နာမည်လေးက ဘယ်လောက်လှသလဲဗျ...။ ကျွန်တော့်အထင်မတုံးပါဘူးဗျာ...။ အေးအေးမြမြလေးနဲ့ လင်းဖြာနေတဲ့ရောင်စဉ်တန်းလေးတစ်ခုလိုပေါ့...။
(စာရေးတာလေး ကောင်းတယ်...အားပေးနေတယ်နော်...)
ခင်မင်တတ်တဲ့
ဏီလင်းညို
mabaydar said…
အစ်ကိုရေ... အေးအေးလင်းဆိုတာ တကယ်ရှိမရှိတော့ မသိဘူး... အစ်ကို့ရင်ထဲမှာလဲ တကယ်တည်မတည်တော့ မသိဘူး... ဒါပေမဲ့ ဒီအက်ဆေးလေးဖတ်ပြီးတော့ အေးအေးလင်းဆိုတာလဲ တကယ်ရှိသလို အစ်ကို့နှလုံးသား နံရံမှာလဲတကယ်ချိတ်ဆွဲထားတဲ့ မိန်းကလေးရှိနေတယ်လို့ ထင်နေမိတယ်...

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး