ဂျမ်းဘုံမ သို့…

ဂျမ်းဘုံမ သို့…



ဒီအစိုးရကလည်း..
ဟိုအစိုးရပါပဲ ဆိုတဲ့ တယူသန် အကြောင်းပြချက်နဲ့
နင်ကလည်း အဲဒီမှာပဲ ဆက်နေ။

အီလက်ထရောနစ် ပစ္စည်းတွေကလည်း တစ်နေ့ထက်တစ်နေ့
အလွမ်းသီချင်းတွေကလည်း တစ်ပုဒ်ပြီး တစ်ပုဒ်
အသစ်ထွက်နေ။

အိမ်မှာ မွေးထားတဲ့ ခွေးမ ကလည်း တစ်သားပြီးတစ်သား
နင်ထွက်သွားတုန်းက မွေးတဲ့ အငယ်ဆုံးခွေးလည်း
အိမ်ထောင်ရက်သားကျပြီ။

နင်ပါဖူးခဲ့တဲ့ ဇာတ်ကားထဲက ခေါင်းဆောင်မင်းသားလည်း
အကယ်ဒမီရပြီ။

ငါက စိတ်ပေါက်ပေါက် ရှိတိုင်း…
“ကောင်မလေးရယ်…
ည ရောက်တိုင်း မည်းမှောင်နေတဲ့ ကောင်းကင်ကြီးကို
နင့်မျက်လုံးတွေ ခဏ ငှားလိုက်ပါဟာ”
“တုံးတိုက်တိုက် ကျားကိုက်ကိုက်ပေါ့
  နင့်ပါးပြင်မို့မို့မှာ…
   ကိုယ့်သစ္စာ လယ်ယာတစ်ကွက်
   ထွန်ယက်ပါရစေ…” ဆိုပြီး…
အဲဒီလို ပေါတောတော ကဗျာတွေနဲ့
နင်နေတဲ့ စကာင်္ာပူကို ခဏ ခဏ လှမ်းသရော်မိတယ်။

အေး…
နှမ်းတစ်စေ့ နဲ့ ဆီမဖြစ်ပေမယ့်
စာရွက်ဖြူဖြူပေါ် အဲဒီနှမ်းတစ်စေ့ကို တင်ပြီး
နင့်လက်သန်းနဲ့ ဖိကြည့်လိုက်တိုင်း စိမ့်ထွက်လာမှာက
ငါ့မျက်ရည်တွေ ဟ ငါ့မျက်ရည်တွေ…။


ဒီကဗျာကို ရေးပြီး ဟိုဟိုဒီဒီ မဂ္ဂဇင်းတွေကို ပို့ကြည့်တော့
“ကဗျာက ရည်းစားစာ ဆန်နေလို့”
“ရီယယ်လစ်ဇင်မ် ဖြစ်နေလို့”
“အချစ်ကဗျာ ဖြစ်နေလို့”
“ခေတ်ပြိုင်ကဗျာ ထဲမှာ မပါဝင်လို့”
“ကလောင်သစ်ကဗျာ ဖြစ်နေလို့”
“စကားလုံးရွေးချယ်မှု အားနည်းနေသေးလို့”
“မူ နဲ့ မကိုက်ညီလို့”
“ငါ့ကဗျာ ပထမပိုဒ်ကို စာပေစိစစ်ရေးက ခွင့်မပြုလို့” ဆိုပြီး…………
ဘယ်အယ်ဒီတာအကောင်းစားကမှ ငါ့ကဗျာကို မရွေးကြဘူး။

ကဗျာရွတ်ပွဲတွေရှိလို့
ရှားရှားပါးပါးရှိတဲ့ ဒီကဗျာကို ထုတ်ရွတ်မိရင်လည်း
မျက်မှန်ထူထူတပ် ထားတဲ့ ကဗျာဂျပိုးမလေးတွေက
ပြုံးစိစိ ရယ်ကျဲကျဲနဲ့ ဟ
တချို့ကလည်း...
ငါက ကဗျာကို မာန်တက်ပြီး ရွတ်နေတော့
သူတို့က မျက်နှာတွေ အောက်ချလို့...
ခေါင်းတွေ တွင်တွင် ငုံ့ထားကြတယ်....။
(ဒီကဗျာ ရွတ်တာကို ကြားရတာ သူတို့စိတ်ထဲ ရှက်ကြလို့ နေမှာ....)
တချို့ကလည်း...
ခေါင်းတွေ ဘာတွေကုတ်လို့
အညောင်းတွေဆန့် လက်တွေ ချိုးလို့ပေါ့လေ...။
တချို့ဆို သက်ပြင်း...တောင် ချလိုက်သေးတယ်။


ဘယ်တတ်နိုင်မလဲလေ…
ငါကလည်း ရှစ်တန်းတုန်းက
ကဗျာရူးစာရူး မောင်ရဲဝင်း ရေးတဲ့ ပုံစံနဲ့
ဒီကဗျာကို ရေးလိုက်မိတာကိုး
ရှိစေ…တော့။

နာဆာကနေ
အာကာသ ယာဉ်တွေ ဘယ်နှစ်စင်းပဲ လွှတ်လွှတ်
နင်ရော…
ငါရော…
မိုက်ခရိုဆော့ဖ် ၀င်းဒိုးစ် ကို သုံးနေရတုန်းပေါ့။

နင်က ဟိုမှာရှိနေတာတောင်…
လိုင်စင် ဗားရှင်းန်တွေ ၀ယ်မသုံးဘူး
ဒီလိုဆိုလည်း…
ဖွံ့ဖြိုးဆဲ နိုင်ငံကို နင်ပြန်မလာနဲ့ဦး
ဝိုင်စီဒီစီ ၀န်ထမ်းတွေ…
နင့်ကို အမှိုက်ကားကြီးနဲ့ ထည့်သယ်သွားကြမှာ စိုးလို့ပါ…
ဟာ…။


ကျော်ညိုသွေး

Comments

Anonymous said…
ကျုပ်မဂ္ဂဇင်းထုတ်ရင် ဒီကဗျာကိုရွေးမယ်ဗျာ
စိတ်ချ
း) ဂျမ်းဘုံမလည်းသိပါစေဗျား


မောင်ဘကြိုင်
နင်ကလည်း နင်ဆွဲထားတဲ့ ဒုက္ခလည်ဆွဲကြီးနဲ့ နင်...
ငါကလည်း ငါရုန်းမရတဲ့ ဒုက္ခထူးကြီးနဲ့ ငါ....

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး