ကျွန်တော်စည်းကမ်းမရှိပါ။

ကျွန်တော်သည် စည်းကမ်းမရှိသော လူငယ်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်ငယ်စဉ်ကပင် စည်းကမ်းဟူသည်ကိုအလွန်သဘောမကျပါ။ စည်းကမ်းဆိုသည်မှာ တစ်ချို့နေရာများတွင် အလွန့်အလွန်ကို စိတ်ညစ်စရာကောင်းလွန်းပြီး။ တစ်ခါတစ်ရံတွင် လုပ်စရာရှိသည်များကိုနှေးကွေးစေနိုင်သောကြောင့် ကျွန်တော် သဘောမကျပါ။ ငယ်စဉ်ကလေးဘ၀ ကျောင်းတက်စဉ်အရွယ်က ကျောင်းစာမေးပွဲများတွင် စည်းကမ်းနှင့်ပတ်သက်ပြီး စာစီစာကုံးများပါလာလျှင် ကျွန်တော် ထိုခေါင်းစဉ်အစား တစ်ခြားခေါင်းစဉ်ကိုသာ ရွေးချယ်ဖြေဆိုလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည်အမှန်တစ်ကယ် စည်းကမ်းမရှိပဲ စည်းကမ်းရှိခြင်းသည် မည်မျှတန်ဖိုးရှိကြောင်း၊ မည်မျှကောင်းမွန်ကြောင်း လိမ်ညာ၍ဖြေဆိုရမည်ကို အလွန်မုန်းမိသောကြောင့်ပင်။ တစ်ကယ့်တစ်ကယ်တမ်း အပြင်လောကတွင် တစ်ချို့သောလူများသည်။ စည်းကမ်းအကြောင်းကို တစ်ဖွဖွပြောဆိုကြသည်။ စည်းကမ်းမရှိသူများကို စည်းကမ်းမရှိဘူးဟု ပြစ်တင်ဝေဖန်၊ ရှုတ်ချကြသည်။ ထိုသို့သောသူများသည်လည်း အမှန်တစ်ကယ်တွင် စည်းကမ်းပြည်ဝပြီး အရာရာကို စည်းကမ်းဘောင်အတွင်း၌နေထိုင်လုပ်ကိုင်ကြသည် မဟုတ်ပဲ လစ်ရင်လစ်သလို စည်းကမ်းကိုချိုးဖောက်ကြသူများဖြစ်သည်ကို ကျွန်တော့်အသက်အရွယ်နှင့် အတွေ့အကြုံအရ တစ်စ တစ်စ သိလာရပါသည်။ စည်းကမ်းဆိုသည်မှာ အဘယ်နည်းဟု ကျွန်တော့်ကိုမေးလျှင် ကျွန်တော် မသိပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် စည်းကမ်းမရှိသောသူတစ်ယောက်ဖြစ်သောကြောင့် စည်းကမ်းဆိုသည်ကိုမသိခြင်းပင် ဖြစ်ပါသည်။ သို့သော်လည်း စည်းကမ်းအကြောင်းပြောနေသူများမှာ လည်း စည်းကမ်းဆိုတာ ဘာလဲဟု မေးမိသောအခါ မဖြေနိုင်ဖြစ်နေကြသည်ကိုတွေ့ရပါသည်။ "စည်းကမ်းဆိုတာ....အာာ..အင်...ဟိုဟာာ..ဒီဟာာ.... " စသည်ဖြင့် မရေမရာ အဖြေများကိုသာကြားရလေ့ရှိပါသည်။

ကျွန်တော် အရင်က ပိန်လိန်နေသော ဆေးခြောက်သမားတစ်ယောက်ပုံစံဖြစ်နေသောကြောင့် ၀၀တုတ်တုတ် ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်ချင်နေသာ ကျွန်တော့်ကို အချို့သူများက "မင်း က စည်းကမ်းမှမရှိပဲ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ် မှ မဟုတ်ပဲ" ဟုပြောလေ့ရှိကြပါသည်။ ထိုအခါက ကျွန်တော်သည် ထိုစကားများကြောင့် စားချိန်တန်စားပြီး ၊ အိပ်ချိန်တန်လျှင်အိပ်ခဲ့ပါသည်။ တစ်ကယ့်တစ်ကယ်တမ်းတွင်တော့ စားချိန်တန်သည့်အချိန်ဆိုသည်မှာ မည်သည့် အချိန်ကို ဆိုလိုသည်ကို ကျွန်တော်မသိပါ။ သူများတွေထမင်းစားချိန်တွင်သာ ကျွန်တော်စားခဲ့ပါသည်။ ကျွန်တော်ဗိုက်ဆာသည့်အချိန်မဟုတ်သည့်အတွက်ကြောင့် ကျွန်တော်စားမ၀င်ပါ။ စားလက်စထမင်းနှင့်ဟင်းကိုလည်း ဆက်၍စားဝင်သည့်အခါလည်းရှိခဲ့သည်။ စားမ၀င်တော့သည့် အချိန်လည်းရှိခဲ့သည်။ စားမ၀င်တော့သည့်အချိန်များတွင် သွန်ပစ်လိုက်ရပါသည်။ ထို့ကြောင့်အမှန်တစ်ကယ်စားချင်သည့်အချိန်တွင် အစာမခံနိုင်သောကြောင့် သွားရေစာများဝယ်စားခဲ့ရသည်။ ထိုအခါ စားချိန်တန်စားသည့်အတွက်ကြောင့် အပိုထွက်ငွေများလည်းကုန်ခဲ့ရသည်။ အိပ်ချိန်တန်အိပ်သောအခါ မအိပ်ချင်ပဲနှင့်အိပ်ရသောကြောင့် အိပ်ရာထဲတွင် ဟိုလှိမ့်ဒီလှိမ့်နှင့် ဖြစ်ကာ အမှန်တစ်ကယ်အိပ်ချင်သောအခါ မျက်လုံးကြောင်နေခြင်းကြောင့် လူကအိပ်ချင်သော်လည်း စိတ်ထဲမှအိပ်ချင်စိတ်ပျောက်ကာ တစ်ညလုံးကုန်ခဲ့ရသည်လည်းရှိခဲ့သည်။ အမှန်မှာ ဆယ့်နှစ်နာရီထိုး၍ စားသည်မဟုတ်ပဲ စားချင်သောကြောင့် စားခြင်း(သို့) ဆာလောင်သောအခါ စားသောက်ခြင်းသာဖြစ်သင့်၍၊ ဆယ်နာရီထိုး၍ အိပ်သည် မဟုတ်ပဲ ပင်ပန်း၍ အလုပ်မလုပ်ချင်၊ စာမဖတ်ချင် လောက်အောင် ဖြစ်၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းသာ ဖြစ်သင့်ပါသည်။

နေမကောင်းလျှင် ဆေးသောက်ရမည်။ ရေဆာလျှင်ရေသောက်ရမည်။ ထမင်းစားချိန်တွင် ထမင်းစားရမည်။ ရေချိုးချိန်တွင် ရေချိုးကိုချိုးရမည်ဟူ တစ်သမတ်တည်းနှင့် လိုက်နာကာ ထိုအရာများကိုပင် စည်းကမ်းဟု ထင်မြင်ယူမှတ်နေသူများကိုလည်းတွေ့ဖူးပါသည်။ နေမကောင်းလျှင် ဆေးမသောက်ပဲ တစ်ခြားတစ်ခုခုကိုလုပ်လျှင်ကောမရဘူးလား။ ဆေးမသောက်ပဲ ကိုယ်ဖြစ်နေသည့်ဝေဒနာကို ပျောက်နိုင်မည့်နည်းလမ်းတစ်ခုခုကို ရှာဖွေမကြည့်သင့်ပေဘူးလား။ ရေဆာလျှင် စပါကလင်သောက်လျှင်ကောမဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ် အရည်ရွှမ်းသည့် အသီးတစ်ခုခုစားလျှင်ကော မဖြစ်နိုင်ဘူးလား။ ထမင်းစားချိန်တွင် ထမင်းစားမှပင်ဖြစ်တော့မည်လား။ ရေချိုးချိန်တွင် ရေပတ်တိုက်ရုံနှင့်မဖြစ်နိုင်ဘူးလား။ အချိန်အခါနှင့် အခြေအနေသည် စည်းကမ်းကိုတစ်ခါတစ်ရံတွင်ရိုက်ချိုးလိုက်နိုင်ပေသည်။

ကျွန်တော်၏ ပတ်ဝန်းကျင်နှင့် နေထိုင်ရာအရပ်ဒေတစ်ဝှမ်းလုံးတွင် ကျွန်တော့်လို စည်းကမ်းမရှိသူများကို အများအပြားတွေ့ရပါသည်။ သူတို့သည် မိမိတို့စည်းကမ်းမရှိဟုမသိကြပဲ စည်းကမ်းရှိသည်ဟုသာ မိမိကိုယ်ကိုယ်ထင်မြင်၍ စည်းကမ်းရှိသူများဖြစ်နေကြပါသည်။ သူတို့အများစုသည် စည်းကမ်းဆိုသည့်စကားကို ရေလဲသုံးစွဲကြသည်။ တစ်ခါတစ်ရံ ကျွန်တော်စာအုပ်ပျောက်သောအခါ အတော်နှင့်ရှာမတွေ့သောကြောင့် တစ်ခြားသူများကိုမေးမြန်းမိသောအခါ "နင်က စည်းကမ်းမှမရှိပဲ ပျောက်တာတောင်နည်းသေးတယ်" ဟူ၍ ပြောဆိုလေ့ရှိကြပါသည်။ ထိုအခါ ကျွန်တော့်တွင်ပြန်ပြောစရာစကားမရှိပါ။ ပြောချင်သော်လည်း ပြော၍ မဖြစ် လောလောဆယ်ပြဿနာကိုသာ အရင်ဆုံးဖြေရှင်းခဲ့ရပါသည်။ ကျွန်တော့်ကိုစည်းကမ်းမရှိဟုပြောသောသူများသည်။ ကျွန်တော့်စာအုပ်များကိုယူကိုင်သောအခါ ဖတ်ပြီးနေရာတွင်ထားခဲ့သည်။ ကျွန်တော်စီထားသော၊ ထပ်ထားသော နေရာတွင် ကျွန်တော်ထားသည့်အတိုင်းပြန်လည်ထားခဲ့သည်ဟူ၍ရှားပါသည်။ ကွန်ပြူတာအသုံးပြုသောအခါတွင်လည်း websites များမှ ဒေါင်းလုတ်ဖိုင်များဆွဲ၍ desktop ပေါ်တွင် ဒေါင်းလုတ်ဖိုင်များကိုထားခဲ့ကြသည်။ အမှန်တစ်ကယ်ဆိုလျှင် စည်းကမ်းရှိရှိဖြင့် folder တစ်ခု(သို့)folders များ တည်ဆောက်ကာ မိမိဖိုင်များကို သေချာသိမ်းဆည်းထားသင့်သည်။ သို့သော်လည်း desktop ပေါ်တွင် screen တစ်ခုလုံးပြည့်လုနီးပါးဖိုင်များကြောင့် မျက်စိရှုပ်၊ စိတ်ရှုပ်ဖွယ်များ ဖြစ်ရသည်။ ပိုဆိုသည်မှာ သူတို့ ရှုပ်ဖွခဲ့သော ကွန်ပြူတာမှာ အများသုံးကွန်ပြူတာဖြစ်နေသောအခါ ပို၍ဆိုးပေသည်။

ကျွန်တော့်ကိုယ် ကျွန်တော် စည်းကမ်းရှိသည်ဟူ၍ မထင်ခဲ့သောကြောင့် ကျွန်တော်သည်။ စည်းကမ်းကိုထိန်းသိမ်းရန်မလိုပေ။ သို့သော် ကျွန်တော်သည် ကျွန်တော်သုံးသမျှကို ကျွန်တော်ကိုယ်တိုင်ယူခဲ့သောနေရာကို ပြန်ထားခဲ့သည်။ ကိုယ်အသုံးပြုသောကွန်ပြူတာကို အမြဲသန့်ရှင်းရေးပြုလုပ်သည်။ လိုအပ်သောဖိုင်များကို download ပြုလုပ်သောအခါ disk တစ်ခုခုထဲ တွင် စနစ်တကျ သိမ်းဆည်းထားခဲ့သည်။

စည်းကမ်းဆိုသည့်အဓိပ္ပါယ်ကို definition ဖွင့်လှစ်ခြင်းငှာ ကျွန်တော်မစွမ်းနိုင်ပါ။ သို့သော် ကိုယ်နေခဲ့သည့်နေရာ၊ ကိုယ်လုပ်ခဲ့သည့် နေရာသို့ သူတစ်ပါးလာရောက်သည့်အခါတွင် ကိုယ့်ပယောဂကြောင့် သူတစ်ပါးစိတ်အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ကိုယ်ကိုယ်တိုင် ရှင်းလင်းသပ်ရပ်စွာ၊ ကိုယ်စိတ်တိုင်းကျ သက်တောင့်သက်သာဖြစ်မည့်ပုံစံကို ကိုယ်တိုင်ဖန်တီးခဲ့မိပါသည်။ ၄င်းမှာ စည်းကမ်းလား ကျွန်တော်မသိပါ။ သို့သော်ကျွန်တော် ခံယူမိသည်ကား လုပ်သင့်လုပ်ထိုက်သောနေရာတွင် အချိန်သင့်၊ အခါသင့် လိုက်လျှောညီထွေနေထိုင် လုပ်ကိုင်နိုင်မှသာလျှင် ဤသည်ကို စည်းကမ်းဟုထင်မြင်မိသည်။ စည်းကမ်း၊ စည်းကမ်းနှင့် ဖြီးဖြန်းကာ စည်းကမ်းကို တစ်လွဲသုံးနေသူများကို ကျွန်တော်မုန်းသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည်စည်းကမ်းဆိုသည်ကို ဘာမှန်းမသိသောကြောင့် ဖြစ်မည်ထင်သည်။




ကျော်ညိုသွေး

Comments

စည်းကမ်းနဲ့ ပတ်သက်ပြီး အတွေးကို အခြေပြုလို့
သုံးနှုန်းထားတာလေး ကောင်းတယ် ..။

စည်းကမ်းနှင့်အတူ ကြင်လင်သော နေ့ရက်များကို
ဖြတ်သန်းနိုင်ပါစေ ..။
khin oo may said…
စည်းကမ်း.တော့ရှိပါတယ်။ မလိုက်နာတာတစ်ခုဘဲ ဆိုးတယ်။ ကိုယ့်ကိုယ်ကို ပြောတာပါ။
ဖတ်သွားပါတယ်ရှင်--
ပျော်ရွှင်ပါစေ--

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး