ပန်းဆိုးတန်း သတင်းထောက်
ပန်းဆိုးတန်း သတင်းထောက်
ဟိုတုန်းက ပန်းဆိုးတန်းမှာ
သတင်းထောက်တစ်ယောက်ရှိခဲ့တယ်။
ဟိုးတုန်းကတည်းက သူ့မှာ လိုက်နေ တဲ့ သတင်း အစအန တစ်ခု ရှိခဲ့တာ အခုထိ
လက်ထဲက ရိုက်လိုက်တဲ့ ကင်မရာက ဖိုးကပ်စ်တွေ မပြတ်သားဘူး
ဖွာလိုက်တဲ့ ငါးဆယ်တန် စီးကရက်က မီးခိုးတွေလိုပဲ
မျက်စိတ၀ိုက်မှာ ရုပ်လုံးပေါ်လာတဲ့ သတင်းတွေ
မျက်စိရှေ့မှာတင် ပျောက်ကွယ်
သတင်းတွေ သတင်းတွေ လေထုနဲ့ အတူ ဘယ်ဆီမှာလဲမသိ
အိမ်ပြန်ရင် မီးမှိတ် အိပ်ရမယ်မှန်းသိလို့
လေထုတွေ ကြားထဲမှာ
အရက်ဆိုင်ထိုင်လား ထိုင်ရဲ့
ကစားပွဲရုံသွားလား သွားရဲ့
အပြာမယ်လေးနဲ့ တွတ်ထိုးလား တွတ်ထိုးရဲ့
ဆေးသမားတွေရဲ့ ဆေးထိုးအပ်တွေကိုင်လား ကိုင်ကြည့်ရဲ့
အဓိပ္ပါယ်မသိတဲ့ စာသားတွေထက်
အဓိပ္ပါယ်ရှိတဲ့ သံစဉ်တွေကို ဖမ်းဆုပ်နိုင်မလား
ကောင်းကင်ဟာ အပြာက အပြာပဲလေ
တစ်ယောက်တည်း အချိန်းအချက်နဲ့ ပျော်ပွဲစားရုံနားက
တံခါးချပ်ကိုမှီလို့ မတ်တပ်ရပ်နေခဲ့တယ်။
ဘေးလွယ်အိတ်ထဲက အပေါစား ကဗျာစာအုပ်မှာ
ကော်ဖီစက်တွေ စွန်းထင်လို့
တင်းကုပ်ထဲက လွတ်သွားတဲ့ နွားတစ်ကောင်လို
ရှိတဲ့ အရပ်ကနေ မရှိတဲ့ အရပ်ကို ခဏခဏ လွတ်နေတယ်ပေါ့
စာအုပ်ကို အသာပိတ်ပြီး ပြန်လာတော့ လည်း
ပျော်ပွဲစားရုံထဲက ပျော်ရွှင်စွာ အော်ဟစ်သံတွေ ကြားရဆဲပဲ
ဒီနေ့ အပူအအေး မျှတတယ်ဆိုတာ တွေးမိပေမယ့်
သတင်းထောက်ဟာ ကောင်းကင်မှာ ကြယ်တွေ စုံတာကို သတိမပြုမိဘူး
ဒီလိုနဲ့…
သူအလွတ်ရထားတဲ့ အဖြစ်အပျက်တစ်ခုနဲ့
အဲဒီ အဖြစ်အပျက်ရဲ့ နေ့စွဲအမှတ်အသား ကို ရေရွတ်ကြည့်တယ်
ရုတ်တရက် ပန်ခ့် တေးသွားတစ်ခုကို ကြားလိုက်မိလို့
သူ အပြေးအလွှား ထွက်သွားခဲ့တယ်။
ချယ်ရီပန်းတို့ ပွင့်တဲ့ အချိန် ရောက်ပြီလား မသိဘူး။
ဒီကနေ့တော့ သူ့အလုပ်အတွက် “Home Sweet Home” ဆိုတဲ့ စာသားပါတဲ့ ဆိုင်းဘုတ်တစ်ခုကို အမိအရ ဓါတ်ပုံ ရိုက်ယူလိုက်နိုင်တယ်။
သောက်လက်စ လက်ဖက်ရည်ခွက်ထဲကို ယင်တစ်ကောင် ပြုတ်ကျလာတယ်။
သူသိနေတဲ့ အချက်အလက်တချို့ကို မှတ်စုစာအုပ်ကြားထဲထိုးထည့်လိုက်တယ်။
သောက်လက်စ စီးကရက်က မီးခိုးငွေ့တွေက မျက်နှာရှေ့မှာ ရစ်ဝိုင်းနေပေါ့။
ဟိုးတုန်းကတည်းက သူ့မှာ သိနေတဲ့ သတင်းအစအန တစ်ခုရှိတယ်။
ကျော်ညိုသွေး

Comments