မိုင်လေးရာကျော်

မိုင်လေးရာကျော်


အဲဒီတစ်ရက်က ကျွန်မဟာ ကျွန်မရဲ့ အတန်းစာတွေ နဲ့လုံးပန်းနေရတဲ့ အချိန်ပေါ့။ ကျွန်မဟာ လုပ်လက်စ အိမ်စာတွေကို ခဏရပ်ထားလိုက်ပြီး အိမ်ရှေ့ ၀ရန်တာကနေ အပြင်ကို ငေးရင်း လေကောင်းလေသန့်ကို ရှုရှိုက်နေမိတယ်။ ပထမဆုံး ကျွန်မရဲ့ အမြင်အာရုံထဲ ကို ၀င်လာတာက ယူနီဖောင်းကို ၀တ်ဆင်ထားပြီး ဘေးလွယ်အိတ်တစ်လုံးကို လွယ်ထားတဲ့ စာပို့တိုက် ၀န်ထမ်းတစ်ဦးသာပါပဲ။ ကျွန်မတို့အိမ်ရှေ့က စာပုံးလေးထဲကို စာတစ်စောင်လာထည့်သွားတာကို မြင်လိုက်တယ်။ အဲဒါနဲ့ ကျွန်မလည်း အိမ်အောက် ဆင်းပြီး စာအိတ်ကလေးကို ယူကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ နာမည် ယူဂျင် လို့ တပ်ထားပြီး ကျွန်မတို့ အိမ်လိပ်စာနဲ့ပေါ့။ စာအိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ တွေ့ရတာက စီဒီပြားတစ်ချပ်နဲ့ စာရွက်တစ်ရွက်၊ အဲဒီစာရွက်ပေါ်မှာတော့ ကွန်ပျူတာစာလုံးတွေနဲ့ ရေးထားတဲ့ သီချင်းစာသား အပါအ၀င် ကော့ဒ်တွေ ၊ ပြီးတော့ စီဒီချပ်က မီနီစီဒီအသေးလေး ၊ ပလေယာထဲကို ထည့်ပြီးဖွင့်ကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ တီဗွီမှာ ပွင့်တဲ့ အသံတွေက သီချင်းစာရွက်ထဲက စာသားတွေကို လိုက်ရွတ်လို့နေခဲ့တယ်။ ကျွန်မဟာ အလျင်စလိုပဲ ၀ရန်တာကို ထွက်လိုက်မိတယ်။ ကျွန်မရဲ့ ရှေ့တည့်တည့် ကောင်းကင်ကြီးကို ကြည့်ရင်းနဲ့ နှုတ်ခမ်းလှုပ်ရုံ နာမည်တစ်ခုကို ရေရွတ်လိုက်တယ်။ အိမ်ထဲမှာတော့ သီချင်းသံက ကျွန်မရင်ဘတ်ကို မီးလင်းစေဖို့အတွက် ထွန်းညှိနေတုန်း။ အဲဒီနေ့ရက် တစ်ရက်လုံး စာလေ့လာမှုတွေကို မလုပ်ပဲ ကျွန်မ၀ါသနာပါတဲ့ အခြား လက်မှုအလုပ်တွေကို လုပ်နေမိတော့တယ်။ ကျွန်မအတွက်တော့ လက်ကိုင်ပန်းတွေ ပြင်ဆင်ရတာ နှစ်သက်မှုတွေ ထဲက တစ်ခုပေါ့။  ကျွန်မ လက်ကိုင်ပန်းပုံစံတစ်ခုကို အသစ်ထွင်ကြည့်တယ်။ ဖြစ်သလိုလို ၊ မဖြစ်သလိုလိုပါပဲ။ ကျွန်မ လုပ်ထားတဲ့ လက်ကိုင်ပန်းစည်းလေးတွေ အများကြီးရှိတယ်။ တစ်ခါတစ်လေဆို အသိမိတ်ဆွေတွေရဲ့ မင်္ဂလာပွဲတွေမှာ လိုအပ်ရင် ကျွန်မက လက်ဖွဲ့ အနေနဲ့ ဒီလိုလက်ကိုင်ပန်းတွေကို ပြုလုပ်ပေးလေ့ရှိတယ်။ ပြီးတော့ လက်ကိုင်ပန်းတစ်ခု လုပ်ပြီးတဲ့ အချိန်မှာ ကျွန်မဟာ ချောင်ထိုးထားတဲ့ ပိတ်စ တွေကို ယူပြီး အင်္ကျီ တစ်ထည်စာ ဒီဇိုင်းတစ်ခုဆွဲပြီး ကိုယ်တိုင် ချုပ်လုပ်နေမိတယ်။ တစ်ခါတစ်လေ ကျွန်မဟာ ဒီလိုပါပဲ။ တစ်ကုတ်ကုတ်နဲ့ တစ်ယောကတည်း အလုပ်ရှုပ်နေတော့တယ်။ ဒီလို လက်မှုပညာတွေနဲ့ ကျွန်မ ပျော်တယ်။ အသက်တွေ အိုမင်း ရင့်ရော်သွားချိန်အထိ ဒီလို လက်မှု အတတ်လေးတွေ နဲ့ နေရင်း အချိန်ကုန်ဆုံး စေမယ်လေ။ တည်တည်ငြိမ်ငြိမ် ရှင်သန်ခြင်းပေါ့။အင်္ကျီစတွေ ဆက်ပြီး ချုပ်နေတုန်း သီချင်းလေးက ကောင်းလိုက်တာလို့ တစ်ကိုယ်တည်း ရေရွတ်မိတယ်။ သီဆိုသူရဲ့ ပုံပန်းသဏ္ဍန်ကို ကျွန်မမျက်စိထဲ မြင်နေဖို့ မလိုပါဘူး။ ကျွန်မ အင်္ကျီတွေ ဆက်ချုပ်နေမိတယ်။ ဒီလိုနဲ့ ကျွန်မ အချိန်တွေ ကုန်နေလိုက်တာ ညနေစောင်းမှာ ညီမဖြစ်သူ ယူရာ ကို ကျောင်းကြိုဖို့ ရှိတယ်ဆိုတာ ကျွန်မ သတိရမိတယ်။ မှန်ရှေ့မှာ အလှပြင်နေတုန်းပေါ့။ ကျွန်မကို ထူးချွန်တဲ့ သရုပ်ဆောင်တစ်ယောက်နဲ့ တူတယ်လို့ ပြောတဲ့သူတစ်ယောက် ရှိပါလား သတိရမိတယ်။ ကျွန်မ ကျေကျေနပ်နပ် ပြုံးနေတာပေါ့။ ဆိုင်ကယ်စက်ကို နှိုးလိုက်တော့ အိမ်နံရံမှာ ချွတ်ပြီး ချိတ်ထားတဲ့ ဟဲလ်မက်ကို သတိတရ ယူဆောင်း လိုက်တယ်။ ပြီးတော့ ကျွန်မက သတိတရနဲ့ ဂါဝန်ကို ချွတ်ပြီး ဂျင်းဘောင်းဘီလေး ၀တ်ခဲ့မိတာကိုပဲ တွေးနေမိတယ်။


ကျော်ညိုသွေး

Comments

Popular posts from this blog

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ညီမလေးနှင့် ကျွန်တော်

ကျူပင်စု က ဆရာလေး