မျောက်တွေလက်ထဲက ပန်းသီး

မျောက်တွေလက်ထဲက ပန်းသီး


အဲဒီစိမ်းပြာရောင် အထည်ကလေးကို မင်းဝတ်တိုင်း ရင်နာနေရတုန်းပါပဲ။
ရိုးသားတဲ့ ၀ယ်လိုအားတစ်ခုအတွက်
အရောင်ပါတဲ့ ရောင်းလိုအားတွေနဲ့
မျှခြေမရှိတဲ့ အဖြစ်က ဘ၀တွေကို ကိုင်လှုပ်ခဲ့တယ်။

မင်းရဲ့ ရွှေဝါရောင် လည်တိုင်ထက်က
ဆနွင်းမကင်းပုံ ဆွဲသီးလေးကို မြင်တိုင်း
ဒီခေတ်ကြီးမှာ..
နည်းပညာတွေ တိုးတက်လာခြင်းရဲ့ သင်္ချာကို
အဖြေထွက်အောင် မတွက်တတ်တော့ဘူး။
သေချာတယ်…
ကိုယ်ရတဲ့ အဖြေက မျက်ဝန်းရှေ့မှာတင်ပြယ်လွင့်ခဲ့တာပေါ့ကွယ်…။

မင်းကတော့…
စိတ်ရှင်းရှင်းနဲ့ အရာရာဟာ လှပလို့
မင်းကတော့…
ဟောဒီနွေရာသီကို အပူချိန် 16ံ C ထားလို့
မင်းကတော့…
အလုပ်ထွက်သွားတဲ့ ၀န်ထမ်းကို မေ့ပစ်လို့
ကိုယ်ထင်တယ်…
မေလမှာ ပွင့်တဲ့ စိန်ပန်းနီနီတွေက
မင်းအတွက် တိတ်ဆိတ်နေကြမယ်ပေါ့။

ကိုယ်သာ မင်းနဲ့ တစ်စုံတစ်ရာ မပတ်သက်ခဲ့ဘူးဆိုရင်
သေချာတယ် မင်းကို မေ့သွားခဲ့မှာပါပဲ…။
မင်းအတွက် ကိုယ်လုပ်ပေးနိုင်တာ မရှိခဲ့ဘူး။
ကိုယ့်ကိုယ်ကို တောင် အရောင်လက်အောင် ကြိုးစားနေရချိန်ကွယ်…။

Nude Art တွေကို ကိုယ်ချစ်တယ်။
ဒါပေမယ့်…
အနုပညာဆိုတာ လုပ်ယူထားတဲ့ အရောင်လည်းမဟုတ်
ကိုယ်ပိုင်တဲ့ ကိုယ့်အလှ ဘယ်သူမှ ခိုးယူ ခံစားလို့ မရဘူးကွယ့်
ကိုယ့်ဘက်က ကိုယ်တတ်နိုင်သလောက်နဲ့
ကိုယ့်မျက်ဝန်း ၊ ကိုယ့်အသိ ၊ ကိုယ့်အတွေး အိပ်မက်တို့ကို
လာရောက်စိုးမိုး နေတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို
Physical အရရော ၊ Logical အရပါ Cancel လုပ်ပစ်တယ်…
လျှပ်စစ်မီးကို ပိတ်လို့
ဖုန်းကို ပိတ်လို့
USB ကိုလွှင့်ပစ်လို့
ကွန်ပျူတာ ကို Shut Down လုပ်လို့
ကိုယ့်ကိုကိုယ် အသိစိတ်တစ်ချို့ ကို Block လုပ်လို့ နေပစ်မိပေါ့။
ဒါ..ဘလူးတုသ် တဲ့လား
ကဗျာတွေ အရူး ဖြစ်ခဲ့တယ်။       ။


ကျော်ညိုသွေး

Comments

Popular posts from this blog

ညီမလေးနှင့် ကျွန်တော်

ကျွန်တော် အနှစ်သက်ဆုံးကဗျာ

ကျူပင်စု က ဆရာလေး